တက်တူး

တက်တူး
Published 4 June 2015
မျိုးကို

တက်တူး
မကျက်ဘူးဆိုတော့                         
တက်တူးက ထ၍ငို၊
မကျက်လျှင်တော့                           
အခက်ဝင်မှာ မင်းပါပဲ             
သက်ပြင်းသာ ခါခါချ              
မျက်နှာက ညို။
တိတ်ပါကွဲ့ အိုအို        
ကိုယ်ချော့လျှင် ပြေပါတော့၊
တက်တူးကို အပိုင်ဆောင်လို့              
သည်တောင်ကို မောင်ဖြိုပါ့မယ်  
စိတ်ချနေနော့။  ။
ဆေးကျောင်းတက်နေစဉ် နောက်ဆုံးနှစ် အပိုင်း(က) အတန်းတင်စာမေးပွဲ ဖြေနေခိုက် မှုခင်းဆေးပညာ ဘာသာရပ် ဖြေဆိုမည့်ညမှာ တက်တူးအကြောင်း စာကျက်နေရင်းကနေ စိတ်ချဉ်ပေါက်ပြီး ထွက်ပေါက်ပေးလိုက်ရာက ထွက်ကျလာသော ခပ်ညံ့ညံ့ ကဗျာတစ်ပုဒ်ဖြစ်သည်။ မှုခင်းဆေးပညာ ဘာသာရပ်မှာ တက်တူးခေါ် ထိုးကွင်းမင်ကြောင်၏ ဥပဒေကြောင်းဆိုင်ရာ အသုံးဝင်ပုံများကို သင်ကြားပေးပြီး စာမေးပွဲမှာလည်း မေးလေ့ရှိသည်။ တကယ်တော့ တက်တူးဆိုသည်က သိပ်ပြီးခက်ခဲလှသည့် မေးခွန်းတစ်ပုဒ်တော့ မဟုတ်ပါ။ သို့တစေ စာတွေကျက်ပြီး ခေါင်းတွေထုံနေသည့်အခိုက် ခဏအာရုံပြောင်းပြီး ဦးနှောက် အနားပေးလိုက်ခြင်းသာ။
ကမ္ဘာမှာ တက်တူးနှင့်ပတ်သက်သည့် အထောက်အထားကို ဘီစီငါးရာစုခန့်က ဆိုက်ဘေးရီးယားဒေသမှာ စတင်တွေ့ရှိခဲ့သည်ဟု ဆို၏။ ပေါ်လီနီးရှန်း လူမျိုးတွေက စတင်ခဲ့သည်ဟုလည်း ပြောစမှတ်ပြုကြသည်။ မြန်မာနိုင်ငံမှာတော့ ပုဂံခေတ်ဦး အရည်းကြီးများက စတင်ခဲ့သလိုလလို ကုန်းဘောင်မင်းဆက် ဘိုးတော်ဘုရား လက်ထက်မှာ အစပြုခဲ့သလိုလို ဝိဝါဒကွဲပြားနေသည်။ သေချာသည်ကတော့ ရှေးခေတ်ကတည်းကပင် မြန်မာတွေ ထိုးကွင်းမင်ကြောင် ထိုးနေကြပြီဆိုသည့် အချက်ဖြစ်သည်။
ငယ်စဉ်က အဘိုးကြီးတွေ တက်တူးထိုးထားသည်ကို တော်တော်များများ တွေ့ဖူးသည်။ တက်တူးထိုးမှသာ ယောကျ်ားပီသသည်ဟူသော အစွဲအလမ်း၊ အယူအဆကြောင့် ဖြစ်မည်ထင်၏။ ပုဆိုးကို ခါးတောင်းမြှောက်အောင်ကျိုက်ပြီး ခြင်းခတ်သည့် အခါများတွင် ပေါင်နှစ်ဖက်စလုံးမှာ အကွင်းလိုက် ထိုးထားသည့် တက်တူးတွေကို အထင်းသား တွေ့ကြရသည်။ “ထိုးကွင်းမင်ကြောင်ဆိုတာ ဒါမျိုးကို ခေါ်တာပါလား” ဆိုသော အတွေးကလွဲပြီး ထိုးချင်စိတ်တော့ မဖြစ်ခဲ့။
ယနေ့ခေတ်မှာလည်း ထိုးကွင်းမင်ကြောင်ရေစီးက အရှိန်အဟုန် ကောင်းဆဲပါဘဲ။ ကမ္ဘာကျော် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ် အစပြုလိုက်သည့်ဂယက်က ဘောလုံးလောက တစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့သည်။ ဘောလုံးပညာထက် တက်တူးထိုးမှ ဘောလုံးသမားကောင်းဟု ထင်နေကြရောလားမသိ။ ဘောလုံးသမား တစ်ယောက်ပြီးတစ်ယောက် ထိုးလိုက်ကြသည့် တက်တူးတွေ။
သူတို့ဆီက ဘောလုံးသမားတွေ တက်တူးထိုးတော့ ကိုယ့်ဆီက ဘောလုံးသမားတွေလည်း လိုက်ပြီးထိုးကြသည်။ အခုတော့ ဘောလုံးသမားတွေသာမက လူငယ်တော်တော်များများ တက်တူးထိုးလာကြသည်။ အလုပ်ကြမ်းသမားလည်း တက်တူး၊ ဆံသဆရာတွေလည်း တက်တူး၊ ဆိုင်ကယ်ဝန်ဆောင်မှု ပေးသူတွေလည်း တက်တူး။ ဒေးဗစ်ဘက်ခမ်း တော်တော်လေး အောင်မြင်ပါပေ၏။
တက်တူးကို အမျိုးသားများသာမက အမျိုးသမီးများလည်း အလှအပအနေဖြင့် ထိုးကြကြောင်း ဖတ်ဖူးသည်။ မျက်မှောက်ခေတ်မှာလည်း နောက်ကျောပြင်တစ်ခုလုံး တက်တူးတွေ အပြည့်ထိုးထားသည့် ကိုယ်ဟန်ပြမယ် တစ်ဦး၏ ဓာတ်ပုံကို တွေ့ဖူး၏။ တက်တူးကို ပြချင်တာလား၊ ခန္ဓာကိုယ် ကြော်ငြာတာလားတော့ မသိ။ ဒီဓာတ်ပုံကလွဲပြီး ထင်ထင်ရှားရှား တက်တူးထိုးထားသည့် အမျိုးသမီး တစ်ဦးတလေကိုမျှ အပြင်မှာ မတွေဖူးသည့်အတွက် တက်တူးယဉ်ကျေးမှုက မြန်မာအမျိုးသမီးတွေကြား သိပ်ပြီးမပျံ့နှံ့သေးဟု ထင်ရသည်။ အဆိုပါ ကိုယ်ဟန်ပြမယ် သိပ်ပြီး နာမည်မကြီး သေးတာကြောင့်လည်း ပါမည်ထင်၏။
သို့တွေးစဉ်အခိုက်မှာပင် တက်တူးထိုးထားသည့် အရပ်သူတစ်ယောက်ကို တွေ့လိုက်ရသည်။ အရပ်သူဆိုသော်ငြား တကယ်တော့ အသက်တစ်ဆယ့်ခုနစ်နှစ်သာ ရှိသေးသည့် အပျိုဖြန်းကလေး။ တွေ့မယ့်တွေ့တော့လည်း ဆေးရုံမှာ။ မနက်ပိုင်း ဆေးရုံအတွင်း လူနာများကို လှည့်လည်ကြည့်ရှုအပြီး လူနာအသစ် ရောက်သဖြင့် သွားကြည့်လိုက်တော့ လူနာခုတင်ပေါ်မှာ သတိလစ်နေသည့် အသားဖြူဖြူ ချစ်စရာမိန်းမပျိုလေးကို တွေ့ရသည်။ ရောဂါရာဇဝင်မေးပြီး လူနာကို ကြည့်ရှုစမ်းသပ်နေစဉ်မှာ သတိထားမိလိုက်သည်က ယာဘက်ညှပ်ရိုး၏ အောက်စအရေပြားပေါ်မှာ ရေးထိုးထားသည့် တက်တူးတစ်ခု။
ထိုးသင့်သည့်ဆေးထိုး၊ လုပ်သင့်ရာလုပ်ပေးပြီး နေရပ်လိပ်စာကို ကြည့်လိုက်တော့ ကလေးမလေးက တောရွာက။ သနားကမား ရုပ်ရည်ပိုင်ဆိုင်ထားသည့် တောသူမလေး တစ်ယောက်နှင့် တက်တူးက မအပ်စပ်သလို ခံစားရသည်။ ဆက်လက်စပ်စုကြည့်တော့ တောသူဆိုသော်ငြား သူကလေး အလုပ်သွား လုပ်နေသည်က ဟိုတစ်ဖက်ကမ်းက ထိုင်းနိုင်ငံမှာတဲ့။ သူ့မိဘတွေကို ကြည့်တော့လည်း ရိုးရိုးသားသား မျက်နှာထားနှင့် တောသူတောင်သားတွေ။
ဆေးကုလို့ ပြန်ကောင်းလာပြီး ဆေးရုံက ဆင်းသွားသည့်နောက်ဝယ် သူကလေးအကြောင်း အတွေးနယ်ချဲ့ နေမိခဲ့သည်။ အားနာသဖြင့် တစ်ဖက်နိုင်ငံမှာ ဘာအလုပ်လုပ်သလဲ မမေးမိလိုက်။ အိမ်အကူလုပ်တာလား၊ စတိုးဆိုင်တွေမှာလား၊ သို့တည်းမဟုတ်။ ကျန်သည့်အလုပ်တွေတော့မသိ။ အိမ်အကူကတော့ တက်တူးနှင့် မလိုက်ဖက်ဟုထင်သည်။ ခေတ်သစ်အိမ်အကူတွေကတော့ သိနိုင်ဘူးပေါ့လေ။ “အိမ်အကူရော တက်တူးမထိုးရဘူးလား” ဟု ခွန်းတုံ့ပြန်လျှင်လည်း ခံရုံသာရှိသည်။ သို့လော သို့လော တွေးရင်းဖြင့် ရက်ချိန်းစေ့လို့ ပြန်ပြသည့်အချိန်မှာ သူကလေးကို ပြန်တွေ့ရသည်။
သို့သော် သည်တစ်ကြိမ်တွေ့ရသည်က ယခင်မိန်းမပျိုလေး မဟုတ်တော့။ ဆေးရုံတက်စဉ်နှင့် အခြားနားကြီး ခြားနားသွားခဲ့ပြီ။ ဆေးရုံတက်စဉ် တွေ့ရသည့် ကလေးမက သနားစဖွယ် အပြစ်ကင်းမဲ့သည့် မျက်နှာထားဖြင့် ပီဘိတောသူမလေး။ သည်တစ်ခါ တွေ့ရသည်က နေတတ်ရင် ကျေနပ်စရာပါဆိုသည့် သဘောမျိုးဖြင့် လွတ်လပ်စွာ လှုပ်ရှား တက်ကြွနေသည့် မိန်းမပျိုလေး။ အပြင်းအထန် နေမကောင်းရာက ပြန်လည်ကျန်းမာလာသော လူနာတစ်ယောက်အတွက် ဝမ်းသာမိသော်လည်း လိုသည်ထက်ပို၍ သွက်လက်နေလွန်းသည်ဟု ထင်နေခဲ့မိသည့် ကျွန်တော့်စိတ်ကို ဘဝင်မကျချင်။
ထိုနေ့ကစပြီး ကလေးမလေးကို မတွေ့ရတော့။ သူ့ရွာမှာပဲ ရှိနေသလား။ ထိုင်းကိုပဲ ပြန်ရောက်သွားပြီလားမသိ။ သူပြန်သွားသော်ငြား ကျွန်တော့်အတွက်တော့ တွေးစရာတွေ ချန်ထားခဲ့သည်။ ရုပ်ရည်သနားကမားနှင့် ဆယ်ကျော်သက်အရွယ် မိန်းမပျိုလေးတစ်ဦး။ ကိုယ့်ရွာကိုယ့်ပြည်မှာ မနေဘဲ သူများတိုင်းပြည်မှာ အောက်ကျနောက်ကျခံပြီး အလုပ်သွား လုပ်ရသည်။ ပျော်လွန်းလို့တော့ ဟုတ်မည် မထင်။ ဘယ်လောက်ပင် ဆင်းရဲပါစေ၊ ဘယ်လောက်ပင် ငတ်ပြတ်ပါစေ ကိုယ့်ရွာ၊ ကိုယ့်အိမ်၊ ကိုယ့်မိသားစုကိုတော့ ခင်တွယ်ကြသူချည်း။
သို့ခင်တွယ်သော်ငြား ဆင်းရဲလွန်းမက ဆင်းရဲပြီး ငတ်လွန်းမက ငတ်လာသည့်အခါ အိမ်ချစ်စိတ်ကို ခဏမေ့ထားပြီး ရေကြည်သည်၊ မကြည်သည် ပမာမထားနိုင်တော့ဘဲ မြက်နုရှာရတော့သည်။ လွမ်းရေးထက် ဝမ်းရေးခက်သည် မဟုတ်ပါလား။ အမိမြေကမှ မစိမ်းမြနိုင်ဘဲကိုး။ ငါ့ဝမ်းပူဆာ မနေသာတော့လည်း အမေကိုကျော်ကာ ဒွေးတော် လွမ်းရသည်။ ဟိုဘက်ကမ်းက မီးထိန်ထိန်မှာ ဘဝကို စိမ်ခေါ်ကြရသည်။ တရုတ်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား။ အကြွေးများလာသည့်အခါ သွေးသားကိုလည်း အလေးမထားနိုင်တော့။ အသက်နှင့် ခန္ဓာကိုလည်း မငဲ့ကွက်သာတော့။ သူကောင်းမဖြစ်လျှင် နေပါစေ၊ ကိုယ့်ဆီမှာ အစာမရှိတော့ တစ်ရွာပြောင်းရသည်။ “သေချင်တဲ့ကျား တောပြောင်း” လို့ စကားတင်းဆိုလျှင်လည်း ဆိုပါစေတော့။
ကွယ်လွန်ခဲ့သည်မှာ ကြာပြီဖြစ်သော ငွေတာရီ၏ “သာသည့်မြေသို့” ကဗျာကို သတိရမိသည်။ သူ့ခြံထဲမှာ ပင်ကြီးပင်ငယ် အသွယ်သွယ်ပြင် ဖြူနီပြာဝါ မာလာစုံပွင့်ဖူးကာ ကျေးငှက်သာရကာတို့ သံစုံကျူးရင့် နေကြသည်။ ကိုယ့်ခြံမှာတော့ ခပ်မွဲမွဲမြေလွှာထက်မှာ နေစာမြက်ပင် မပေါက်သာသည့်အဖြစ်။ ပန်းပေါင်းစုံ ဖူးပွင့်နေသည့် သူ့ခြံအတွင်းမှာ ကျေးငှက်ကလေးတို့၏ သာယာနာ ပျော်ဖွယ်တေးဆိုသံကို နားဆင်ရင်း ဟိုသည် လျှောက်သွား ပျော်ပါး လိုလှသော်ငြား မသင့်လျော်သည့် အဖြစ်ကို ဆင်ခြင်မိကာ သူ့မြေမှာ ဖြူပြာပွင့်လျှင်ဖြင့် ငါ့မြေမှာ နီဝါတင့်ရ မပေါ့ဟူသော မခံချင်စိတ်ဖြင့် ပေါင်းနုတ်ဖို့ အားခဲလိုက်သည့်အကြောင်း။ သို့တစေ ပေါင်းနုတ်ဖို့ ဟန်ရေးပြင်နေသည်ကပင် ကြာလွန်းတော့လည်း ကိုယ့်ခြံထဲ ပေါင်းနုတ်မည့်သူတွေက တစ်ဖက်ခြံထဲ ရောက်ကုန်ကြသည်။
သူတို့ကိုယ်ပေါ်မှာတော့ တက်တူးလေးတွေ ကိုယ်စီနှင့် ကြွကြွရွရွ လှလှပပ။