နှစ် ၇၀ နှင့် ၁၇ ရက်

နှစ် ၇၀ နှင့် ၁၇ ရက်
Published 6 April 2015
ဒေါက်တာခင်မောင်ညို

(၁)
အဖေတူသမီးပါ။
သူ့အဖေလည်း မှား၊ သူလည်း မှားခဲ့ပါသည်။ ချစ်ခင်သူများ အသုံးအနှုန်း ရင့်သီးသွားလျှင် ခွင့်လွှတ်ပါ။ လူဆိုတာ အမှားနဲ့ မကင်းပါ။ ထိုအမှားတွေထဲက သင်ခန်းစာယူဖို့တော့လိုသည်။
(၂)
“မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ကာ ဂျပန်ပြည်မှာကွယ်... တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်... သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်...” တဲ့။
ဗိုလ်ချုပ်အောင်ဆန်းသည် စွန့်လွှတ်အနစ်နာခံကာ ဂျပန်တွင် စစ်ပညာ သင်ခဲ့ပါသည်။ အင်မတန် ဆင်းရဲရပါသည်။ သူက ဂျပန်နှင့်ပေါင်းပြီး အင်္ဂလိပ်ကို တိုက်ထုတ်ကာ မြန်မာပြည်လွတ်လပ်ရေး ရမည်ဟု ယုံကြည်ခဲ့သည်။
ဂျပန်က အာရှတိုက်သားများ သာတူညီမျှဖြစ်ရေးဆိုသော စကားကို ကျွန်တော်တို့ ပြည်သူလူထု တစ်ရပ်လုံးလိုလိုက လက်ခံယုံကြည်ခဲ့ကြသည်။သူတို့ပေးသော လွတ်လပ်ရေးသည် ရွှေရည်စိမ် လွတ်လပ်ရေးသာ ဖြစ်ခဲ့သည်။
တကယ်တန်း ဂျပန်သည် မင်းသားခေါင်းဆောင်းထားသော ဘီလူးသာ ဖြစ်သည်။ ဗိုလ်ချုပ်သည် ဒါကို သင်ခန်းစာယူပြီး ၁၉၄၅ ခုနှစ် မတ် ၁၇ ရက်က “ရဲဘော်တို့ အနီးဆုံး ရန်သူကို ချေမှုန်းကြ” ဟု စစ်ထွက်မိန့်ခွန်း ပြောကြားခဲ့သည်။ တော်လှန်ရေး အောင်ပွဲရခဲ့သည်။ မြန်မာတို့ လွတ်လပ်ရေး ရခဲ့ပါသည်။
(၃)
ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏ ယုံကြည်မှုအပေါ်တွင် အလိမ်ခံရမှုနှင့်ပတ်သက်၍ ရှာဖွေတွေ့ရှိခဲ့ပြီး ပြတ်သားစွာ ဆုံးဖြတ်နိုင်ခဲ့သည်။
ဗိုလ်ချုပ်၏သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ဗိုလ်ချုပ်ကဲ့သို့ပင် ကမ္ဘာကပင် လေးစားရသော လူထုခေါင်းဆောင်ကြီး ဖြစ်လာသည်။ သူမသည် ဗိုလ်ချုပ်ကဲ့သို့ပင် ယုံကြည်မှုကို အလွဲသုံးစားလုပ်ခြင်း ခံရသည်။ ဗိုလ်ချုပ်အောင်ဆန်း စစ်ထွက်မိန့်ခွန်းပြောပြီး နှစ် ၇ဝ အကြာတွင် ဖြစ်သည်။ တိတိကျကျ ပြောရလျှင် နှစ် ၇ဝ နှင့် ၁၇ ရက်တွင်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က “သမ္မတ ဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍ ၂ဝ၁၁ ခုနှစ်က မှန်ကန်စွာ လုပ်ဆောင်ခဲ့သော်လည်း လက်ရှိတွင် မရိုးသားတော့ကြောင်း” ပြောကြားခဲ့သည်။
သူမပြောဆိုချက်သည် ပြတ်သားလှသည်။ ဘာကြောင့် ဒီလိုပြောရတယ် ဆိုတာကိုလည်း ရှင်းပြခဲ့သည်။
“ဘာကြောင့်လဲဆိုတော့ (၂ဝ၁၁ ခုနှစ်က သမ္မတဦးသိန်းစိန်သည်) ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍ အမှန်တကယ် ဆက်လက်လုပ်ဆောင်မယ်ဆိုရင် ကျွန်မတို့ နိုင်ငံအနေနဲ့ လက်ရှိအနေအထားထက် အများကြီး ပိုမိုကောင်းမွန်နေပါပြီ” ဟု ဧပြီ ၃ ရက်က ရိုက်တာသတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
(၄)
ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁၁ ခုနှစ်တွင် သမ္မတဦးသိန်စိန်နှင့် တွေ့ဆုံခဲ့သည်။ ထိုအချိန်တွင် သမ္မတကြီး ဦသိန်းစိန် ရိုသားမှုရှိကြောင်းကို သူမ၏ ပြည်ပခရီးစဉ်များတွင် ပြောကြားခဲ့သည်။
သာမန်လူတစ်ယောက် အနေဖြင့် ဦးသိန်းစိန်၏ ရိုးသားမှုကို ပြောဆိုဝေဖန်ရာတွင် သက်ရောက်မှု ရှိချင်မှ ရှိပေမည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် ထိုသို့ပြောသည်မှာ သက်ရောက်မှုများစွာ ရှိသည်။
မကြာသေးမီ ရက်ပိုင်းအတွင်းမှာ ဝါရှင်တန်ဒီစီမှ လာရောက်သော မြန်မာ့အရေး ကျွမ်းကျင်သူတစ်ယောက်နှင့် တွေ့သည်။
ထိုသူက “ဒေါ်အောင်ဆန်းစုကြည် ဒီလိုပြောလိုက်တာ မြန်မာအစိုးရအတွက် တကယ့်ကို ဆုကြီးလာဘ်ကြီး ဖြစ်သွားတယ်။ ကျွန်တော်တို့ အမေရိကန် အစိုးရအနေနဲ့ စောင့်ကြည့်ဖို့ လိုသေးတယ်လို့ ပြောနေတဲ့အချိန်မှာ ဒေါ်စုက သမ္မတကြီး ဦးသိန်းစိန်က အမှန်တကယ် ရိုးသားမှုရှိတယ် ဆိုတာကို ပြောလိုက်တော့ အမေရိကန် အစိုးရက မြန်မာနိုင်ငံ အစိုးရကို လုံးဝယုံကြည် သွားတော့တယ်”
“အပြောင်းအလဲကို အမှန်တကယ် လုပ်တယ်လို့ ယုံသွားတယ်ပေါ့ဟုတ်လား”
“ဟုတ်ပါတယ်၊ ဦးသိန်းစိန်ဟာ ဒီမိုကရေစီ အပြောင်းအလဲကို တကယ်လုပ်ဆောင်တယ်ဆိုရင် တစ်ကမ္ဘာလုံးက ကြိုဆိုမှာ အမှန်ပဲ မဟုတ်လား။ ဒီအတွက် အခြားအချက်တွေနဲ့စာရင် ဒေါ်စုပြောတာကို ပိုပြီး သက်သေအနေနဲ့ ယူဆတာပေါ့။ ဒေါ်စု သူမှားတယ်လို့ ပြောပြီလေ”
“ဒါကတော့ဗျာ၊ လူတွေဟာ မှားတတ်တာပဲ”
“ဟုတ်ပါတယ်။ ဒါပေမဲ့ အမေရိကန်တို့၊ ဥရောပသမဂ္ဂ(EU) တို့က ပိတ်ဆို့မှုတွေကို ဖြေလျော့လိုက်တယ်လေ။ အဲဒါပြဿနာပေါ့”
“ဘယ်လိုပြဿနာလဲ”
“ဒီလိုပိတ်ဆို့မှု လုပ်တယ်ဆိုတာ အဆင့်ဆင့်လုပ်ရတယ်။ ခုဖြေလျော့တဲ့အတွက် သက်ရောက်မှုကို အစိုးရက ပြည်သူကို တင်ပြရတယ်”
“ဒီမိုကရေစီအစိုးရကိုး”
“ဟုတ်ပါတယ်။ သူတို့အစိုးရအနေနဲ့လည်း မှားလို့မဖြစ်ဘူး။ အောင်မြင်ပါတယ်ဆိုပြီး ပြည်သူတွေကို သက်သေပြရတယ်။ မှားတယ်ဆိုရင် နောက်တစ်ကြိမ် အစိုးရအဖြစ် ပြန်လည်ရွေးခံရဖို့ အခက်အခဲရှိတာပေါ့”
“မဲမရတော့ဘူးပေါ့ ဟုတ်လား”
“ဟုတ်ပါတယ်။ သူတို့ပါတီက အမှားတွေ လုပ်မိတယ်ဆိုရင် ပြည်သူတွေက မဲမထည့်တော့ဘူးပေါ့”
“ဒါဆိုရင်လည်း ဒေါ်စုက သူတစ်ချိန်က ရိုးသားမှုရှိတယ်ဆိုတဲ့ ဦးသိန်းစိန် မရိုးသားတော့ကြောင်း ပြောတာပဲလေ၊ ဒီအခါမှာ ပြန်ပြီးပိတ်ဆို့မှုလုပ်လို့ မရဘူးလား”
(၅)
သူ ကျွန်တော့်ကို ကြည့်နေသည်။
“ခင်ဗျား ဒီလောက်တောင် နားမလည်ဘူးလား” ဟု သူပြောနေသကဲ့သို့ ကျွန်တော်ခံစားမိသည်။ ထိုကြောင့် သူ့ကိုပြောရသည်။
“ဒီလိုလေဗျာ၊ ခုအချိန်မှာ ကျောင်းသားကိစ္စတွေ ဖြိုခွဲတာမျိုးဟာ ခင်ဗျားလည်းတွေ့တာပဲ”
“တွေ့တာပေါ့ဗျာ၊ ကမ္ဘာကလည်း တွေ့တာပဲ၊ CNN တို့၊ BBC တို့၊ DVB တို့မှာ တစ်ကမ္ဘာလုံးတွေ့ရတာပဲ”
“အေးဗျာ၊ တာဝန်ဆိုတဲ့ လက်ပတ်နီတွေ နဲ့”
“မတ်လ ၅ ရက်က ရန်ကုန်မြို့ရဲ့  မြို့တော်ခန်းမရှေ့မှာ လက်ပံတန်းက ဆန္ဒပြတဲ့ ကျောင်းသားတွေကို ထောက်ခံလို့ အကြမ်းဖက်ဖြိုခွဲခံရတယ်၊ ပြီးတော့ မတ်လ ၁ဝ ရက်က လက်ပံတန်းမှာလည်း အကြမ်းဖက် ဖြိုခွဲခံရတယ်”
“လက်ပံတန်းမှာ ရဲတွေရိုက်တာကို ကမ္ဘာက တွေ့ခဲ့ရတယ်”
“ဒါတင်ဘယ်ကမလဲ၊ ကျောင်သား ၁ဝဝ ကျော်ကိုလည်း ဖမ်းထားတယ် မဟုတ် လား”
“ဒါဆိုရင် ပြန်ပြီးပိတ်ဆို့မှုတွေ လုပ်တာပေါ့ မဟုတ်ဘူးလား”
“ပြောသလောက် မလွယ်ဘူးဗျ၊ ပြန်ပြီးပိတ်ဆို့မှုလုပ်လို့ မရတတ်ဘူး၊ ပြီးတော့ အဲဒီက ကုမ္ပဏီတွေက ဒီမှာရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာကြတယ်။ အဲဒီပြည်သူတွေကို သူတို့အစိုးရတွေက အကာအကွယ်ပြုရမယ်။ စီးပွားရေးနဲ့ ပတ်သက်နေကြတယ်။ ဒီတော့ သူတို့အစိုးရက မြန်မာအစိုးရကို အဓိက ပံ့ပိုးတော့တယ်”
“ခုလိုအခြေအနေတွေ ဖြစ်နေတာကို တွေ့နေလျက်နဲ့ ပံ့ပိုးဦးမယ် ဟုတ်လား”
“ဒါကတော့ သူတို့က အစိုးရနဲ့ အလုပ်လုပ်မယ်လို့ ဆုံးဖြတ်လိုက်တာမျိုးပေါ့”
“ပြည်သူတွေကို ကြည့်လို့မရတော့ဘူးလား”
“ခက်တယ်”
“ဒါဆိုရင် ပြည်သူတွေက မျောက်သစ်ကိုင်းလွတ် ဖြစ်ကုန်ပြီပေါ့”
“မှန်တာပေါ့”
(၆)
ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏ ယုံကြည်မှုအပေါ်တွင် အလိမ်ခံရမှုနှင့် ပတ်သက်၍ ရှာဖွေတွေ့ရှိခဲ့ပြီး အမှားကို သင်ခန်းစာယူကာ ပြတ်သားစွာ ဆုံးဖြတ်နိုင်ခဲ့သည်။
ဗိုလ်ချုပ်၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ဗိုလ်ချုပ်ကဲ့သို့ပင် ယုံကြည်မှုကို အလွဲသုံးစား လုပ်ခြင်းခံရသည်။
အလိမ်ခံရမှုနှင့်ပတ်သက်၍ ရှာဖွေတွေ့ရှိခဲ့ပြီး ဖခင်ဗိုလ်ချုပ်အောင်ဆန်းသည် ရွှေရည်စိမ်လွတ်လပ်ရေးကို လက်မခံဘဲ တော်လှန်ခဲ့သည်။
သမီး ဒေါ်အောင်ဆန်းစုကြည်သည်း ရွှေရည်စိမ် ဒီမိုကရေစီကို သဘောပေါက်ပါသည်။ ဖခင်၏ စစ်ထွက်မိန့်ခွန်းပြောသည့် အချိန်မှ ရေတွက်လျှင် နှစ် ၇ဝ နှင့် ၁၇ ရက် အကြာတွင် ဒီအကြောင်းကို  ထုတ်ဖော်ပြောခဲ့သည်။
ဗိုလ်ချုပ်က သူလိုလားသည့် ပန်းတိုင်ဖြစ်သည့် မြန်မာပြည်သူတွေအတွက် လွတ်လပ်ရေးကို ရအောင်ယူပေးနိုင်သည်။
ဒီအတိုင်းပါပဲ။
ဒေါ်အောင်ဆန်းစုကြည်သည်လည်း သူလိုလားသည့် ပန်းတိုင်ဖြစ်သည့် မြန်မာပြည်ကြီးကို မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီ နိုင်ငံကြီးဖြစ်အောင် ရယူပေးနိုင်မည်ဟု ကျွန်တော်တို့ အလေးအနက် ယုံကြည်လျက် ရှိသည်။