နှစ်နှစ်သား ပုဂ္ဂလိက သတင်းစာများ

နှစ်နှစ်သား ပုဂ္ဂလိက သတင်းစာများ
Published 1 April 2015
မောင်တင်ဦး (မြောင်းမြ)

၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်ကစလို့ ပုဂ္ဂလိက သတင်းစာ စတင်ထုတ်ဝေခွင့် ပြုခဲ့တယ်။ အဲဒီရက်မတိုင်မီ ယခင်ကအစိုးရပိုင် (အစိုးရဘက်က ကာကွယ်၊ အစိုးရကောင်းကြောင်းသာ ဖော်ပြ၊ အစိုးရအာဘော်) အဖြစ် ရပ်တည်တဲ့ သတင်းစာသာ ရှိခဲ့တယ်။ ထိုနေ့ ဧပြီ ၁ ရက်မှစ၍ ပုဂ္ဂလိကသတင်းစာ လေးစောင် အစိုးရပိုင် သတင်းစာနဲ့အတူ ထွက်လာတယ်။ အပြိုင်ထွက်တယ်လို့ မပြောရဲဘူး။ အစိုးရပိုင် သတင်းစာက ပြည်သူပိုင် အမည်ခံပြီး ဘယ်ပြည်သူရဲ့ အာဘော်ကိုမှ မထင်ဟပ်ဘဲ ဘယ်ပြည်သူကမှ မပိုင်တဲ့ အစိုးရပိုင်သာဖြစ်တဲ့ သတင်းစာတွေ ဖြစ်တယ်။ ပြည်သူ့ငွေကို သုံးချင်သလို သုံးနေတဲ့ သတင်းစာပေါ့။ ရှုံးတယ်လို့ ပြောတဲ့အခါပြော။ မြတ်တယ်လို့ ရှင်းတဲ့အခါရှင်း။ ဘယ်သင်းကို ယုံရမှန်း မသိတော့။၁၉၆၄ ခုနှစ် ပြည်သူပိုင် သိမ်းပြီးကတည်းက ပုဂ္ဂလိက သတင်းစာတွေ ရပ်ဆိုင်းသွားတယ်။ သတင်းစာ အတတ်ပညာ ကျွမ်းကျင်တဲ့ ဆရာအောင်ဗလ၊ ဆရာအထောက်တော်လှအောင်၊ ဟံသာဝတီဆရာဦးဝင်းတင် စတဲ့ပညာရှင်များ နေရာအဖျောက် ခံလိုက်ရတယ်။ အချို့ထောင်ထဲရောက်။ အချို့နိုင်ငံခြားရောက်။ အချို့ဘဝပျောက် ဖြစ်ကုန်တယ်။ဒီလို သတင်းစာတွေရော၊ သတင်းသမားတွေရော ပျောက်ကုန်တာဟာ နောက်ဆုံးခါးစည်း ခံလိုက်ရတာက ပြည်သူပဲ ဖြစ်တယ်။ အမှန်တရားနဲ့ အဆက်ပြတ်၊ ကောလာဟလ သတင်းတွေနဲ့ ကျီးလန့်စာစား နေထိုင်လာကြရတာ။ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီ။ ဒီလိုနဲ့ အစိုးရပြောသမျှ ယုံခဲ့ရတာ။ နောက်ဆုံးကုန်းကာမှ ပေါ်ဆိုတာလို နေရင်းထိုင်ရင်း မြန်မာပြည်က အဆင်းရဲဆုံးနိုင်ငံဖြစ်။ ပြည်သူတွေလည်း ဘာမသိညာမသိ ဘဝကနေ အဆင်းရဲဆုံး ပြည်သူတွေ ဖြစ်ကုန်ပါတယ်။ဒီအခြေအနေမှ ပုဂ္ဂလိကသတင်းစာ (အမည်ခံ) လွတ်လပ်ခွင့်ဆိုတာ ရလာတာ။ နှစ်နှစ်ပြည့်လုလုပဲ ရှိသေးတယ်။ မီဒီယာသမားအချို့ ထောင်ထဲရောက်ကုန်ပြီ။ ပုဒ်မအမျိုးမျိုးနဲ့ တရားရုံးရောက်နေပြီ။ နောက်ဆုံး မီဒီယာသမားကို ရည်ရွယ်ချက်ရှိရှိနဲ့ ရိုက်သည်အထိ ဖြစ်လာပြီ။ ဘယ်မှာလဲ လွတ်လပ်ခွင့်။လွတ်လပ်ခွင့်လို့ပြောတိုင်း အစိုးရနဲ့ အစိုးရ အသိုင်းအဝိုင်းမှ အကြံပေးတွေ၊ ပညာရှင်တွေ တီကိုစားနဲ့ တို့သလို တွန့်သွားတတ်တာကို အမျိုးသားပညာရေး ဥပဒေမှာ ကျောင်းသားတွေ တောင်းဆိုချက်နဲ့ ပတ်သက်တဲ့ တုံ့ပြန်ဆောင်းပါးတွေမှ သတိပြုမိလာတယ်။ အစိုးရပိုင်းကတော့ ပြောချင်သလိုပြော၊ လုပ်ချင်သလို လုပ်နေတဲ့ ဖြစ်ရပ်တွေကျတော့ လွတ်လွတ်လပ်လပ်ကြီး လုပ်နေကြတယ်။ ဥပဒေလည်း ဂရုမစိုက်ဘူး။ လွှတ်တော်တွေလည်း ဂရုမစိုက်ဘူး။ ဂရုမစိုက်ဘူးဆိုတာ ရှင်းနေတာပဲ။
နှစ်နှစ်သား ပုဂ္ဂလိက သတင်းစာကို ဟိုပုဒ်မ၊ ဒီပုဒ်မတွေတပ်ပြီး ကန့်သတ်ဖို့ အမျိုးမျိုး လုပ်နေပါစေ။ ဘယ်လိုပင် ကြုံတွေ့ကြုံတွေ့၊ ဘယ်လိုပဲ ဖိနှိပ်ကန့်သတ် နုနယ်သေးတဲ့ နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာတွေ ရှင်သန်ပါစေ . . . . .

မတ် ၁၀ ရက် လက်ပံတန်းကိစ္စကို လွှတ်တော်သို့ ရှင်းလင်းတင်ပြတာလည်း မတွေ့ရဘူး။ လွှတ်တော်၊ အစိုးရနဲ့ တရားရေးဆိုတာ အဓိကမဏ္ဍိုင်ကြီးတွေ ဖြစ်တယ်။ အပြန်အလှန် ထိန်းညှိထားရတာ။ ပွင့်လင်းမြင်သာမှုနဲ့ ဆက်ဆံရတာ အပြန်အလှန် လေးစားမှုလည်း ပြရမယ်။ လွှတ်တော်ကရော အစိုးရရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို မသိကျိုးကျွန် ပြုနေတာလား။ တရားရေး ဌာနကရော တရားသဖြင့် ရပ်တည်ပေးသလား။ နိုင်ငံတော် သိက္ခာကျမယ့် ဒီမိုကရေစီစနစ်ကို ဆန့်ကျင်မယ့် ဥပဒေကို တိမ်းစောင်းစေမယ့် အစိုးရရဲ့ လုပ်ရပ်ကို လက်လွှတ်မထားသင့်ဘူး။နေ့စဉ်ထုတ် သတင်းစာဟာ မီဒီယာတွေရဲ့ ပလက်ဖောင်းဖြစ်တယ်။ ပြည်သူနဲ့ နေ့စဉ်ထိတွေ့နေရတာ ဖြစ်တယ်။ ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို ဖော်ပြနေသလို ပြည်သူတွေ သိသင့်တဲ့ အဖြစ်အပျက် သတင်းအချက်အလက်တွေ ဖော်ပြပေးနေတာလည်း ဖြစ်တယ်။ ဒီလို ပြည်သူအချင်းချင်း ချိတ်ဆက်မိအောင် ဖော်ပြပေးရတဲ့ မီဒီယာဟာ လွတ်လပ်မှု၊ အချုပ်အချယ်ကင်းမှု၊ အဂတိတရား ကင်းစင်မှုတွေ မလွဲမသွေ လိုအပ်လာတယ်။ ချုပ်ချယ်တယ်။ ကန့်သတ်တယ်။ ဖိနှိပ်တယ်ဆိုရင် ပြည်သူကို ကိုယ်စားပြု သတင်းတွေ၊ သတင်းမှန်တွေဖော်ပြဖို့ အခက်အခဲ ဖြစ်လာမှာ သေချာတယ်။ခုဆို အစိုးရပိုင် သတင်းတင်ပြမှုနဲ့ ပုဂ္ဂလိက သတင်းဖော်ပြမှုကို နှိုင်းယှဉ်ကြည့်ရင် အလွန်သိသာ ထင်ရှားစေတယ်။ ပုဂ္ဂလိက သတင်းစာတွေက ပြည်သူ့ခံစားချက်၊ ပြည်သူ့နေ့စဉ်ဘဝကို ထင်ဟပ်နိုင်တယ်။ မတရားဖိနှိပ်ခံသူတွေဘက်က ရပ်တည်တယ်။ အစိုးရပိုင် သတင်းစာတွေက ဒီလိုသတင်းမျိုးတွေကို ပွင့်ပွင့်လင်းလင်း ဖော်ပြနိုင်သလား။ဧပြီ ၁ ရက်ဆို ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေတာ နှစ်နှစ်ပြည့်ပြီ။ အဲဒီနှစ်နှစ်အတွင်း မီဒီယာသမားများ ဘယ်လောက် လွတ်လပ်ခွင့် ရခဲ့သလဲ။ ဘယ်နှစ်ယောက် ထောင်ထဲရောက်နေပြီလဲ။ ဘယ်နှယောက် အခြိမ်းခြောက် ခံနေရသလဲ။ ဘယ်နှယောက် ကိုယ်ထိလက်ရောက် အရိုက်ခံနေရပြီလဲ။ နေ့စဉ်ထုတ် သတင်းစာကို ပုဂ္ဂလိက လွတ်လွတ်လပ်လပ် ပေးလိုက်တယ်လို့ အသံကောင်းဟစ်ချင်နေတဲ့ ပုဂ္ဂိုလ်အချို့က IPI ဆွေးနွေးပွဲကို ကောင်းကောင်းအသုံးချလိုက်တယ်။ ချက်ထရီယံဟိုတယ်မှာ ကျင်းပရာမှာ သတင်းမီဒီယာ ၁၅ ခုမှ ထုတ်ဝေသူ၊ အယ်ဒီတာ၊ သတင်းဆရာ ၅၀ တက်ရောက်ခဲ့ကြတယ်။ ဒါ ကောင်းတာလို့ ယူဆမိတယ်။ဒီမိုကရေစီလို့ ပြောတယ်။ ဒီမိုကရေစီကို မရောက်နိုင်သေးဘူး။ မီဒီယာလွတ်လပ်ခွင့် လမ်းကြောင်းဆီသို့ (The Path To A Free Media) လို့ပြောတယ်။ တကယ်ကျတော့ မီဒီယာသမားတွေ မလွတ်လပ်တဲ့အပြင် အဖမ်းတောင်ခံနေရတယ်။ ဆူးကြားကသီးတဲ့ ဘူးခါးလို။ မလူးသာ မလွန့်သာ။ဘယ်လိုအခြေအနေဖြစ်ဖြစ် ပုဂ္ဂလိက သတင်းစာတွေ ရှင်သန်မှဖြစ်မယ်။ သတင်းငတ်နေတဲ့ ပြည်သူတွေကို သတင်းမှန်သမျှ ပေးနိုင်ဖို့ ကြိုးစားရမယ်။ မျက်စိ၊ နားဖွင့်ပေးရမယ်။ သတင်းလိမ်တွေ၊ သတင်းမှားတွေ ဖတ်ခဲ့ရတာ ငြီးငွေ့လှပြီ။ သတင်းထိန်ချန်၊ သတင်းအမှောင်ချဘဝက လွတ်မြောက်ချင်ပြီ။ခုဆို ပုဂ္ဂလိက သတင်းစာတွေ ထွက်လာမှ မျက်လုံးပွတ်သပ်ပြီး မမြင်ဖူးတဲ့ သတင်းဓာတ်ပုံတွေ မြင်လာရတယ်။ သတင်းမှန်တွေ ဖတ်လာရတယ်။ ကျေးဇူးကြီးလှပါတယ်။ ဒါပေမဲ့ အချို့ပုဂ္ဂလိက သတင်းစာတွေ ရပ်ဆိုင်းသွားတာ။ အရှုံးပေါ်နေတာ စိတ်မကောင်းစရာ။ ဘယ်လိုဖြစ်ဖြစ် အမှန်တရားနဲ့ ပြည်သူအပေါ် သစ္စာရှိသရွေ့ ပုဂ္ဂလိက သတင်းစာတွေ ဖွံ့ဖြိုးတိုးတက်နေမှာ အသေအချာ။နှစ်နှစ်သား ပုဂ္ဂလိက သတင်းစာကို ဟိုပုဒ်မ၊ ဒီပုဒ်မတွေတပ်ပြီး ကန့်သတ်ဖို့ အမျိုးမျိုး လုပ်နေပါစေ။ ဘယ်လိုပင် ကြုံတွေ့ကြုံတွေ့၊ ဘယ်လိုပဲ ဖိနှိပ်ကန့်သတ် နုနယ်သေးတဲ့ နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာတွေ ရှင်သန်ပါစေ။ မီဒီယာသမားတွေ အန္တရာယ်အပေါင်းမှ ကင်းဝေးပါစေ။