ငါးလကြာ ရပ်ဆိုင်းနေသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းမှု ဆွေးနွေးပွဲ မတ်လလယ်တွင် ပြုလုပ်ရန် နှစ်ဖက်သဘောတူ

ငါးလကြာ ရပ်ဆိုင်းနေသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းမှု ဆွေးနွေးပွဲ မတ်လလယ်တွင် ပြုလုပ်ရန် နှစ်ဖက်သဘောတူ
Published 22 February 2015

ငါးလကြာ ရပ်ဆိုင်းနေသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ညှိနှိုင်းမှုဆွေးနွေးပွဲကို ၂ဝ၁၅ ခုနှစ် မတ်လလယ်တွင် ပြုလုပ်ရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား သဘောတူညီမှုရရှိပြီဖြစ်ကြောင်း သိရသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆောင်ရွက်ရန် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့တို့သည် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို ညှိနှိုင်းလျက်ရှိရာ ၂ဝ၁၄ ခုနှစ် စက်တင်ဘာလက ပြုလုပ်ခဲ့သည့် ခြောက်ကြိမ်မြောက် တရားဝင်ဆွေးနွေးပွဲတွင် မပြေလဲမှုများရှိခဲ့ပြီးနောက် ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲကို ထပ်မံပြုလုပ်နိုင်ခြင်းမရှိ ဘဲဖြစ်နေရာ ဖေဖော်ဝါရီ ၂၁ ရက်တွင် ထိုင်းနိုင်ငံချင်းမိုင်၌  NCCT ခေါင်းဆောင်များနှင့် UPWC အလုပ် အဖွဲ့တို့ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် NCCT မှ အဖွဲ့ခေါင်းဆောင်နိုင်ဟံသာ၊ ဒု တိယအဖွဲ့ခေါင်းဆောင်(၁)ပဒိုစော ကွယ်ထူးဝင်း၊ ဒုတိယအဖွဲ့ခေါင်း ဆောင်(၂) ဗိုလ်ချုပ်ဂွမ်မော်တို့ပါဝင် သည့် အဖွဲ့နှင့် UPWC အလုပ်အဖွဲ့ ဖြစ်သည့် Myanmar Peace Center မှ ကိုယ်စားလှယ်များသည် သုံးနာရီ ကြာဆွေးနွေးခဲ့ကြောင်း သိရသည်။
ပဒိုစောကွယ်ထူးဝင်းက “ခုနစ်ကြိမ်မြောက်ဆွေးနွေးပွဲကို မတ်လလယ်လောက်မှာလုပ်ဖို့ လျာထားပါတယ်။ ဆွေးနွေးကြည့်တာကတော့ အကုန်လုံးက ပြေလည်မယ့် သဘောတော့ရှိပါတယ်။ အချက်အချို့ကတော့ နည်းနည်းဆွေးနွေးရမယ့် သဘောတော့ရှိနေတာပေါ့။ လုပ်ငန်းညှိနှိုင်းပွဲမှာတော့ တော်တော့်ကို ပြီးသွားတဲ့ သဘောရှိတာကိုး။ ဒါကို ဆက်လက်ပြီး ညှိမယ်ဆိုရင်  နားလည်မှုတူသွားမယ်ဆိုရင် အကုန်လုံးပြေလည်မယ့် သဘောတော့ရှိတယ်” ဟု ပြောကြားသည်။
Myanmar Peace Center မှ  ဦးလှမောင်ရွှေက “သူတို့အနေနဲ့ ဦး အောင်မင်းတို့ကိုပေးလိုက်တဲ့ သတင်း စကားကတော့ ဒီဖေဖော်ဝါရီ ၂၇၊ ၂၈နဲ့ ၁ ရက်တွေမှာ သူတို့ ချင်းမိုင် မှာ သူတို့ NCCT အစည်းအဝေးလုပ် မယ်ပေါ့။ ပြီးရင် NCCT နဲ့ UPWC ရဲ့ ခုနစ်ကြိမ်မြောက်ဆွေးနွေးပွဲကို ရန်ကုန်မှာ မတ် ၁၂ ရက်နောက်ပိုင်းပေါ့။ ၁၂ ရက်ဖြစ်ဖို့တော့ များပါတယ်။ ၁၂ ရက်နောက်ပိုင်းကို လုပ်မယ်လို့ သူတို့ဘက်က ပေးလိုက်တယ်။ ဒါကြောင့်မို့လို့ ရက်ချိန်းတော့ရပြီပေါ့ဗျာ” ဟု ပြောကြားသည်။
ဖေဖော်ဝါရီလဆန်းပိုင်းက UPWC ဒုတိယဥက္ကဋ္ဌဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် အစိုးရဝန်ကြီးများနှင့် NCCT ကိုယ်စားလှယ်များသည် ထိုင်းနိုင်ငံ ချင်းမိုင်၌ တွေ့ဆုံဆွေးနွေးခဲ့စဉ်က တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းတွင် ကျန်ရှိနေသည့် နှစ်ဖက်ကွဲလွဲချက်များကို ညှိနှိုင်းပြေလည်မှု ရရှိထားပြီးဖြစ်ကြောင်း သိရသည်။
“မူကြမ်းကတော့ ဝန်ကြီးဦးအောင်မင်း လာကတည်းကိုက အများကြီးရှင်းပြပြီး ဖြစ်တဲ့အတွက် မူကြမ်းက မူအားဖြင့် သဘောတူပြီးသားဗျ။ လိုတာကတော့ အတည်ပြုချက်ပေါ့။ တရားဝင်အစည်းအဝေးတွေမှာ အတည်ပြုချက်ပဲ လိုတာပါ” ဟု ဦးလှမောင်ရွှေက ပြောကြားသည်။
အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နိုင်ရေးအတွက် UPWC  နှင့် NCCT တို့သည် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စတင်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ မူလက အပစ်ရပ်စာချုပ်မူကြမ်းတစ်ခုစီ ကိုင်စွဲ၍ ညှိနှိုင်းဆောင်ရွက်ခဲ့ရာမှတစ်ဆင့် ၂ဝ၁၄ ခုနှစ် မတ်လတွင် နှစ်ဖက်ကိုယ်စားလှယ်များ ပူးပေါင်း၍ အခန်းခုနစ်ခန်းပါဝင်သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(မူကြမ်း) တစ်ဆောင်ရေးဆွဲရန် သဘောတူညီခဲ့ပြီး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရန်အတွက် အကြိမ်ကြိမ် ရည်ရွယ်ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်ထိ ဖြစ်မလာသေးသော်လည်း နှစ်ဖက်ညှိနှိုင်းနေသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(မူကြမ်း)ပါ အချက်များ အားလုံးနီးပါး ပြေလည်မှုရရှိပြီးဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent