မြန်မာနိုင်ငံ၏ တစ်ဦးချင်းဂျီဒီပီသည် အမေရိကန်ဒေါ်လာ ၁၁၀၅ ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှုနှုန်း ၃၇ ဒသမ ၅ ရာခိုင်နှုန်း ရှိနေသောကြောင့် ဒေသတွင်းဆင်းရဲမှုနှုန်း အမြင့်မားဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်နေဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြ

မြန်မာနိုင်ငံ၏ တစ်ဦးချင်းဂျီဒီပီသည် အမေရိကန်ဒေါ်လာ ၁၁၀၅ ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှုနှုန်း ၃၇ ဒသမ ၅ ရာခိုင်နှုန်း ရှိနေသောကြောင့် ဒေသတွင်းဆင်းရဲမှုနှုန်း အမြင့်မားဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်နေဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြ
Published 22 February 2015
အငယ်ထွေး၊ နီလာ

မြန်မာနိုင်ငံ၏ ဂျီဒီပီအား လူဦးရေ ၅၁ ဒသမ ၄ သန်းဖြင့် တွက်ပါက တစ်ဦးချင်း ဂျီဒီပီ (per capital GDP) သည် ဒေါ်လာ ၁၁ဝ၅ ရှိနေကာ ဆင်းရဲနွမ်းပါးမှုနှုန်း ၃၇ ဒသမ ၅ ရာခိုင်နှုန်းရှိသောကြောင့် မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများတွင် ဆင်းရဲမှုအမြင့်ဆုံးနိုင်ငံများထဲတွင် တစ်နိုင်ငံဖြစ်နေကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံအခြေအနေ လေ့လာဆန်းစစ်မှုဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။ဆင်းရဲနွမ်းပါးသူအများစုသည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင် အများဆုံးဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါးမှုအား လေ့လာကြည့်ရာတွင် ချင်းပြည်နယ်တွင် ၇၁ ရာ ခိုင်နှုန်း၊ ရခိုင်ပြည်နယ်တွင် ၇၈ ရာခိုင်နှုန်း နှင့် ယင်းပြည်နယ်နှစ်ခုသည် ဆင်းရဲနွမ်းပါးမှု အမြင့်ဆုံးပြည်နယ်များ ဖြစ်ကြောင်းလည်း သိရသည်။မြန်မာနိုင်ငံအား ဆင်းရဲနွမ်းပါးမှုသို့ တွန်းပို့နေသော အကြောင်းရင်းများလည်း ရှိကြောင်း၊ အဓိကအားဖြင့် လုပ်သားများ၏ ထုတ်လုပ်မှု နိမ့်ကျနေခြင်း၊ ကျေးလက်ဒေသ နေရာအနှံ့အပြားတွင် လယ်ယာကဏ္ဍမှ ထုတ်လုပ်နိုင်မှု နိမ့်ကျနေခြင်း၊ မြေယာမပိုင်ဆိုင်မှု အခြေခံအဆောက်အအုံ အားနည်းခြင်း၊ ပဋိပက္ခနှင့် လူမျိုးရေးပြဿနာများနှင့် အစိုးရ၏ မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်အချို့များကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေးကာလမှ စတင်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတိုင်းအတာတစ်ခုအထိ အရှိန်ရလာခြင်းမှာ အဓိကအားဖြင့် မက်ခရိုစီးပွားရေးစီမံခန့်ခွဲမှု တိုးတက်လာခြင်း၊ ဓာတ်ငွေ့ထုတ်လုပ်မှုနှင့် ပြည်ပပို့ကုန် တိုးတက်ခြင်း၊ စီးပွားရေးတံခါး ပွင့်လာခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ ၂ဝဝ၅-၂ဝဝ၆ မှ ၂ဝဝ၉ - ၂ဝ၁ဝ ကြားကာလတွင် မြန်မာ့စီးပွားရေးသည် ၅ ဒသမ ၁ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့ပြီး အသွင်ကူးပြောင်းရေး ကာလတွင်မူ ပျမ်းမျှအားဖြင့် ၆ ဒသမ ၅ ရာခိုင်နှုန်းရှိလာကြောင်း၊ ယင်းကဲ့သို့ တိုးတက်လာခြင်းမှာ သဘာဝဓာတ်ငွေ့တင်ပို့မှုကြောင့် ဖြစ်ကြောင်း၊ သို့သော် လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်နိုင်မှု အားနည်းခဲ့ကြောင်း၊ ၂ဝ၁၂ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် ဂျီဒီပီ၏ ၃၆ ဒသမ ၄ ရာခိုင်နှုန်းအထိ  ပါဝင်နေဆဲဖြစ်ကြောင်း၊ ဝန်ဆောင်မှုကဏ္ဍမှာမူ ၃၇ ဒသမ ၃ နှင့် စက်မှုလုပ်ငန်းကဏ္ဍမှာ ၂၆ ဒသမ ၃ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ယင်းကဲ့သို့ အနေအထားများကြောင့် အာဆီယံနိုင်ငံများအကြားတွင် မြန်မာနိုင်ငံသည် အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နေဆဲဖြစ်ကြောင်း၊ ထို့အတူ မွေးကင်းစကလေးနှင့် ကလေးငယ်သေဆုံးမှု ဒုတိယအမြင့်ဆုံးနိုင်ငံဖြစ်ကြောင်း၊ လျှပ်စစ်မီး ပင်မဓာတ်အားလိုင်း ကွန်ရက်နှင့် ချိတ်ထားနိုင်သည့် လူဦးရေမှာလည်း သုံးပုံတစ်ပုံအောက်တွင် ရှိနေပြီး လမ်းသိပ်သည်းဆမှာလည်း စတုရန်းကီလိုမီတာ ၁ဝဝဝလျှင် ၂၁၉ ဒသမ ၈ ကီလိုမီတာနှုန်းသာ ရှိသဖြင့် အားနည်းနေကြောင်း သိရသည်။ယင်းကဲ့သို့သော အနေအထားများကြောင့် မြန်မာနိုင်ငံသည် ဆင်းရဲနွမ်းပါးမှု မြင့်တက်နေသော နိုင်ငံဖြစ်သော်လည်း အသွင်ကူးပြောင်းရေးကာလတွင် အတိုင်းအတာတစ်ခုအထိ စီးပွားရေး ပြန်လည်တိုးတက်လာခဲ့ကြောင်း၊ သို့သော် ပြီးခဲ့သည့် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သော IMF အစီရင်ခံစာအရမူ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေမှာ ကာလလတ်အတွင်း ကောင်းမွန်နေဦးမည်ဟု ရှုမြင်နိုင်သော်လည်း အချိန်တိုတွင်းမှာမူ အကျဘက်သို့ ဦးတည်လာနိုင်သည့် အလားအလာများ မြင့်တက်နေကြောင်း သုံးသပ်ထားသည်။အဆိုပါ IMF အစီရင်ခံစာတွင် မြန်မာ့စီးပွားရေး အကျဘက်သို့ ရောက်ရှိလာနိုင်သည့် အကြောင်းရင်းများထဲတွင် အစိုးရကဏ္ဍ လုပ်ခလစာများ တိုးမြှင့်ပေးမှုကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်လာနိုင်သည့်အချက်လည်း ပါဝင်ကြောင်းနှင့် အစိုးရ၏ အသုံးစရိတ် မြင့်တက်မှုကြောင့်လည်း ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အတူ ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများတွေ့နိုင်ကြောင်း၊  ပြည်ပငွေ ပေးငွေယူရှင်းတမ်း၏ သာမန်စာရင်းလိုငွေပြမှု ပိုမိုမြင့်မားလာနိုင်သည့်အပြင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားအရင်းအနှီး စီးဝင်မှုများလည်း ကျဆင်းလာနိုင်ခြေရှိကြောင်း၊ ထို့အတွက် သီးသန့်အရန်ငွေ စုဆောင်းမှုကိုလည်း နှေးကွေးစေနိုင်ကြောင်း ဖော်ပြထားသည်။၂ဝ၁၅-၂ဝ၁၆ ၏ ဘတ်ဂျက်လိုငွေကို ရည်မှန်းထားသည့်အတိုင်း GDP ၏ ငါးရာခိုင်နှုန်းအတွင်း ရှိနေစေရန် အသုံးစရိတ်လျှော့ချခြင်းနှင့် အခွန်ငွေ တိုးမြှင့်ကောက်ခံခြင်းတို့ကို မဖြစ်မနေလုပ်ဆောင်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။ကမ္ဘာ့ကုလသမဂ္ဂ၏ သတ်မှတ်ချက်အရ ဆင်းရဲနွမ်းပါးမှုတိုင်းတာရာ၌ အကြမ်းဖျင်းအားဖြင့် တစ်ရက်လျှင် ၁ ဒသမ ၂ ဒေါ် လာအောက် ရောက်ရှိသူများအား ဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက် (Poverty line) အောက် ရောက်နေသူများအဖြစ် သတ်မှတ်ကြောင်း သိရသည်။