ဒေါက်တာသိန်းလွင်အား အရန်ဗဟိုအလုပ်အမှုဆောင်တာဝန်မှရပ်ဆိုင်းကြောင်း NLD ကြေညာ

ဒေါက်တာသိန်းလွင်အား အရန်ဗဟိုအလုပ်အမှုဆောင်တာဝန်မှရပ်ဆိုင်းကြောင်း NLD ကြေညာ
Published 9 February 2015

နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲမှုကွန်ရက် National Network for Education Reform (NNER) မှ ဒေါက်တာသိန်းလွင်အား တာဝန်မှရပ်ဆိုင်းကြောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုပညာရေးကော်မတီကို ပြင်ဆင်ဖွဲ့စည်းမည်ဟု NLD ပါတီက ဖေဖော်ဝါရီ ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။NLD ပါတီ၏ ကြေညာချက်အမှတ် - ၃/၁၂/၂၀၁၅ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာသိန်းလွင်သည် အဖွဲ့ချုပ်၏စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်း၊ တားမြစ်ချက်များကို မလိုက်နာခြင်းကြောင့် အရန်ဗဟိုအလုပ်အမှုဆောင်တာဝန်မှလည်းကောင်း၊ ဗဟိုကော်မတီဝင်အဖြစ်မှလည်းကောင်း ရပ်ဆိုင်းလိုက်သည်ဟုဖော်ပြထားသည်။NLD ပါတီ၏ ကြေညာချက်အမှတ် - ၄/၁၂/၂၀၁၅ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပညာရေးကော်မတီအား ပြန်လည်ပြင်ဆင်ဖွဲ့စည်းမည်ဖြစ်၍ ကော်မတီအသစ်မှ တာဝန်မယူမီကာလအတွင်း လက်ရှိပညာရေးကော်မတီ၏လုပ်ငန်းများအား ရပ်ဆိုင်းထားပါသည်ဟုပါရှိသည်။NNER နှင့် NLD မှာ မည်သည့်ပတ်သက်မှုမျိုးမှမရှိကြောင်း၊ NNER တွင်တာဝန်ယူထားသည့် ဒေါက်တာသိန်းလွင်သည် ပါတီစည်းကမ်းအရ ဗဟိုအလုပ်အမှုဆောင်တာဝန်ယူထားရန် မဖြစ်နိုင်ကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားထားသည်။ဒေါ်အောင်ဆန်းစုကြည်က "အဖွဲ့ချုပ်ရဲ့စည်းမျဉ်းစည်းကမ်းဥပဒေအရဆိုရင် အဖွဲ့ချုပ်မှာ ရာထူးနေရာတာဝန်တစ်ခု ထမ်းဆောင်နေတဲ့သူက အခြားအဖွဲ့အစည်းတွေအတွက် ထမ်းဆောင်ခွင့်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါမျိုးဆိုတာ အကျိုးစီးပွားပဋိပက္ခဖြစ်နိုင်တယ်။ အဲဒါအဖွဲ့ချုပ်ရဲ့စည်းမျဉ်းစည်းကမ်းပဲ။ အဲဒီကိစ္စနဲ့ပတ်သက်လို့ NLD အနေနဲ့လည်း ဒေါက်တာသိန်းလွင်ကိုပြောထားပြီးသား။ NLD အမှုဆောင်တစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ်၊ NNER အတွက်ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲဖြစ်ဖြစ် ရပ်တည်မယ်ဆိုရင် NLD မှာ သာမန်အဖွဲ့ဝင်အဖြစ်နဲ့တော့နေနိုင်တယ်။ ဒါပေမဲ့ ဒီ CC (ဗဟိုကော်မတီဝင်) ထဲမှာမပါနိုင်ဘူး။ တာဝန်မထမ်းဆောင်နိုင်ဘူး။ အဲဒီတော့နှစ်ခုထဲက တစ်ခုရွေးရမယ်လို့ အစကတည်းက အန်တီတို့ပြောထားပြီးသား။ ဆရာ့အနေနဲ့ NNER ဘက်ကနေရပ်တည်ဖို့ စိတ်အားထက်သန်တယ်ဆိုရင် လွတ်လွတ်လပ်လပ်ရပ်တည်ပိုင်ခွင့်ရှိပါတယ်" ဟု ပြောကြားထားသည်။

Most Read

Most Recent