ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲအား ဇန်နဝါရီ ၂၂ ရက်တွင် နေပြည်တော်ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ဘုရားပွဲကျင်းပသည့်ကွင်း၌ ပြုလုပ်ရန်လျာထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူကပြောကြားသည်။ ရန်အောင်မြင် ရွှေလက်လှဘုရားကွင်းအတွင်းကျင်းပရန် လျာထားခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်း နှစ်ကြိမ်တိတိလာခဲ့ဖူးကြောင်း၊ ဂျပန်ကိုတော်လှန်ရန်စီစဉ်ချိန်တွင် တစ်ကြိမ်၊ လွတ်လပ်ရေးအတွက် ရွေးကောက်ပွဲမကျင်းပခင်တစ်ကြိမ် လာခဲ့ဖူးသည့်အတွက် ရွေးချယ်ထားခြင်းဖြစ်ကြောင်း ဦးမင်းသူကပြောကြားသည်။ဦးမင်းသူက "အခုပွဲကျင်းပမယ့် ဇန်နဝါရီလထဲက ၂၇ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ့လွတ်လပ်ရေးအတွက် အောင်ဆန်းအက်တလီစာချုပ်ချုပ်ဆိုခဲ့တယ်။ အဲဒီရက်ကိုအထိမ်းအမှတ်ထားပြီး ဒီရက်ပိုင်းမှာကျင်းပတာဖြစ်ပါတယ်။ အစကတော့ ဇန်နဝါရီ ၂၇ ရက် လျာထားခဲ့တာပါ။ ဒါပေမဲ့ ပါဝင်ဖျော်ဖြေမယ့်အနုပညာရှင်တွေနဲ့ညှိနှိုင်းပြီး ဇန်နဝါရီ ၂၂ ရက်ကိုကျင်းပဖို့ သတ်မှတ်ခဲ့တာပါ" ဟုပြောကြားသည်။ ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲအစီအစဉ်တွင် ဖျော်ဖြေပွဲများပါဝင်မည်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီ ဗိုလ်ချုပ်ရာပြည့်ပွဲကျင်းပရေးကော်မတီနှင့် ပါတီအဖွဲ့ချုပ်ဗဟိုလူငယ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာဆိုပြီး ပြဇာတ်ပုံစံဖြင့်တင်ဆက်မည်ဖြစ်ကြောင်း၊ ထို့ပြင် လေးဇီးကလပ်တီးဝိုင်း၏ဖျော်ဖြေမှုအား လာရောက်ကြည့်ရှုသူများအတွက် အခမဲ့ဖျော်ဖြေမည်ဖြစ်ပြီး ပန်းတိုင်းပွင့်ပါစေဆိုသည့်တေးသရုပ်ဖော်ကို မန္တလေးရာပြည့်ပွဲကျင်းပရေးကော်မတီက တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။ "ဇန်နဝါရီ ၂၇ မှာ လက်မှတ်ရေးထိုးခဲ့တဲ့ အောင်ဆန်းအက်တလီစာချုပ်ဆိုတာလည်း တွေ့ဆုံညှိနှိုင်းခြင်းကနေရရှိခဲ့တာဖြစ်ပါတယ်။ အင်အားသုံးတာတို့၊ ဖိအားပေးတာတို့မဟုတ်ဘဲနဲ့ ပြဿနာတွေကို ညှိနှိုင်းတိုင်ပင်ပြီးပြေလည်မှုတွေရရှိခဲ့တာပါ။ ဘယ်လောက်ကြီးမားတဲ့အခက်အခဲဖြစ်နေပါစေ နိုင်ငံရေးနည်းလမ်းနဲ့အဖြေရှာခဲ့တယ်ဆိုတာကိုသိစေချင်လို့ ပြုလုပ်တာဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးခြင်းဆိုတာ မှန်ကန်တဲ့လမ်းကြောင်းဆိုတဲ့မက်ဆေ့ချ်ကိုပေးချင်တာပါ" ဟု ဦးမင်းသူကပြောကြားသည်။ ဗိုလ်ချုပ်ရာပြည့်ပွဲအား နေပြည်တော်ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင် ရွှေလက်လှဘုရားပွဲကျင်းပသည့်ဝင်းအတွင်းပြုလုပ်ရန် လျာထားကြောင်း၊ ယခင်လယ်ဝေးမြို့နယ်ဖြစ်ကြောင်း သိရသည်။ "ဒီဘုရားမှာကျင်းပဖို့ရွေးချယ်တာကတော့ ဗိုလ်ချုပ်အောင်ဆန်းက ဒီနေရာကို နှစ်ကြိမ်တိတိလာခဲ့ဖူးပါတယ်။ ဂျပန်ကိုတော်လှန်ဖို့ဆုံးဖြတ်တဲ့အချိန်မှာ တစ်ခါလာခဲ့တယ်။ လွတ်လပ်ရေးရယူဖို့ ရွေးကောက်ပွဲမတိုင်ခင်မှာ တစ်ခါလာခဲ့တယ်။ အဲဒီလိုလာခဲ့တဲ့အတွက် ဗိုလ်ချုပ်နဲ့ဆက်စပ်တဲ့ သမိုင်းဝင်နေရာဖြစ်တဲ့အတွက်ကြောင့် ဒီနေရာကိုရွေးချယ်ခဲ့တာပါ" ဟု ၎င်းကဆက်လက်ပြောကြားသည်။ ဆက်လက်၍ "ဒီပွဲကျင်းပခွင့်ရဖို့အတွက် ဒက္ခိဏသီရိမြို့နယ်မှာ ပွဲမိန့်တင်ထားပါတယ်။ ခွင့်ပြုမယ်လို့မျှော်လင့်ပါတယ်။ တစ်မျိုးသားလုံးရဲ့ကျေးဇူးရှင်ခေါင်းဆောင်ဖြစ်တဲ့အတွက် သက်ဆိုင်ရာကခွင့်ပြုမယ်လို့ ထင်ပါတယ်။ ခွင့်မပြုစရာမရှိဘူးလို့ ယုံကြည်ပါတယ်" ဟုပြောကြားသည်။ ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲကိုမူ ဗိုလ်ချုပ်မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် နေပြည်တော်ခရိုင်အတွင်းရှိ NLD မြို့နယ်ရုံးများ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဗိုလ်ချုပ်ရာပြည့်ပွဲအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ တက်ရောက်ဖွယ်ရှိကြောင်းနှင့် တက်ရောက်နိုင်ရန်စီစဉ်ထားကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲအား နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ဘုရားပွဲကျင်းပသည့်ကွင်း၌ ဇန်နဝါရီ ၂၂ ရက်တွင်ပြုလုပ်မည်















