မူဆယ်-မန္တလေး ရထားလမ်းသစ် တည်ဆောက်ရေး လေ့လာမှုအစီရင်ခံစာနှင့် မန္တလေး-ကျောက်ဖြူ ရထားလမ်းပိုင်း ဖြစ်မြောက်နိုင်ခြေလေ့လာရေး ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ပို့ဆောင်ရေးဝန်ကြီးနှင့် China Railway Group ကုမ္ပဏီတာဝန်ရှိသူများ တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေး

မူဆယ်-မန္တလေး ရထားလမ်းသစ် တည်ဆောက်ရေး လေ့လာမှုအစီရင်ခံစာနှင့် မန္တလေး-ကျောက်ဖြူ ရထားလမ်းပိုင်း ဖြစ်မြောက်နိုင်ခြေလေ့လာရေး ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ပို့ဆောင်ရေးဝန်ကြီးနှင့် China Railway Group ကုမ္ပဏီတာဝန်ရှိသူများ တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေး
Published 29 September 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် စက်တင်ဘာ ၂၄ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် China Railway Group Co.Ltd မှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်ကိုယ်စားလှယ်အဖွဲ့သည် ပေကျင်းမြို့တွင် စက်တင်ဘာ ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပသော ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်ရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (Global Sustainable Transport) သို့ တက်ရောက်ခဲ့သည့်ခရီးစဉ်တွင် ထိုသို့တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဖိုရမ်တက်ရောက်စဉ်ကာလအတွင်း စက်တင်ဘာ ၂၆ ရက်တွင် တရုတ်နိုင်ငံပို့ဆောင်ရေးဝန်ကြီး H.E.Mr.Li Xiaopeng အား တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပို့ဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်းများနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် စက်တင်ဘာ ၂၄ ရက်ညနေပိုင်းတွင် ပေကျင်းမြို့ရှိ China Railway Group Co.Ltd ၏ ဌာနချုပ်သို့ သွားရောက်ပြီး ရထားပို့ဆောင်ရေးပြတိုက်ကို ကြည့်ရှုလေ့လာကာ မူဆယ်-မန္တလေးရထားလမ်းသစ် တည်ဆောက်ရေးအတွက် ဖြစ်မြောက်နိုင်ခြေ လေ့လာမှုအစီရင်ခံစာအပေါ် သုံးသပ်တွေ့ရှိချက်များ၊ မန္တလေး-ကျောက်ဖြူရထားလမ်းပိုင်းအတွက် ဖြစ်မြောက်နိုင်ခြေ လေ့လာရေးဆောင်ရွက်နေမှုများကို တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာလ ၂၅ ရက်တွင် ပြည်ထောင်စုဝန်ကြီးဦးဆောင်သောအဖွဲ့သည် China Railway ဌာနချုပ်သို့ သွားရောက်၍ တရုတ်နိုင်ငံအတွင်း ပြေးဆွဲလျက်ရှိသော ရထားများ၏ သွားလာမှုထိန်းချုပ်ရေးစနစ် (Centralized Traffic Control-CTC) အား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၆ ရက်နံနက်ပိုင်းတွင်လည်း China Communication Construction Co.Ltd နှင့် China Harbour Entineering Co.Ltd တို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား လက်ခံတွေ့ဆုံပြီး ပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော စီမံကိန်းဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးခဲ့ကြောင်း သိရသည်။

ပထမအကြိမ် ကမ္ဘာလုံးဆိုင်ရာပို့ဆောင်ရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၆-၂၇ ရက်များတွင် တာ့ခ်မင်နစ္စတန်နိုင်ငံ၊ အက်ရှ်ဂါဘက်မြို့၌လည်းကောင်း၊ ဒုတိယအကြိမ် ဖိုရမ်ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၄-၁၆ ရက်များတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌လည်းကောင်း ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ရုံးကကြီးမှူး၍ ကျင်းပခံ့ပြီး ယခုတတိယအကြိမ်ဖိုရမ်ကို ကမ္ဘာ့ကုလသမဂ္ဂ၏ ထောင်စုနှစ်ရည်မှန်းချက်များပြည့်မီရေး အထောက်အကူပြုနိုင်ရန် အပြန်အလှန်ချိတ်ဆက်မှုမြှင့်တင်ရေး၊ ဘုံဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာသစ်များ အသုံးပြုရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးဆိုင်ရာ ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တရုတ်နိုင်ငံက ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖိုရမ်နှင့်အတူ ကျင်းပသည့်မျက်နှာစုံညီအစည်းအဝေး၊ ဝန်ကြီးအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲ၊ ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများနှင့် ဆက်စပ်ဆွေးနွေးပွဲများသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အတူ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဖိုရမ်တက်ရောက်ပြီးနောက် စက်တင်ဘာ ၂၇ ရက်တွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြောင်း သိရသည်။

Most Read

Most Recent