ပြည်ပနေ မြန်မာနိုင်ငံသားများ ပြည်ပတွင် ရရှိသည့် ဝင်ငွေအပေါ် နိုင်ငံခြားငွေအမျိုးအစားဖြင့် ဝင်ငွေခွန်ကောက်ခံမည်

ပြည်ပနေ မြန်မာနိုင်ငံသားများ ပြည်ပတွင် ရရှိသည့် ဝင်ငွေအပေါ် နိုင်ငံခြားငွေအမျိုးအစားဖြင့် ဝင်ငွေခွန်ကောက်ခံမည်
Published 23 September 2023

ပြည်ပနေ မြန်မာနိုင်ငံသားများ ပြည်ပတွင်ရရှိသည့် စုစုပေါင်းဝင်ငွေအပေါ် နိုင်ငံခြားငွေအမျိုးအစားဖြင့် ဝင်ငွေခွန်ကောက်ခံမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စက်တင်ဘာ ၁၂ ရက်စွဲဖြင့် ၂၀၂၃ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် ထည့်သွင်းဖော်ပြထားသည်။

အဆိုပါပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် မူလဥပဒေပုဒ်မ ၂၂ ကို အစားထိုးပြင်ဆင်ရာခဲ့ခြင်းဖြစ်ပြီး ပုဒ်မ ၂၂ (က)၌ “ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့် များ နုတ်ပယ်ခြင်းမပြုဘဲ ဝင်ငွေခွန်ဥပဒေပုဒ်မ ၈ ပုဒ်မခွဲ(က)ပါ ဝင်ငွေခေါင်းစဉ်များအနက် လစာမှအပ ပြည်ပနေနိုင်ငံသား၏ နိုင်ငံခြားငွေဖြင့် ပြည်ပတွင်ရရှိသည့် စုစုပေါင်းဝင်ငွေအပေါ်ရရှိသည့် နိုင်ငံခြားငွေ အမျိုးအစားဖြင့် တစ်ဆယ်ရာခိုင်နှုန်း ဝင်ငွေခွန်စည်းကြပ်ရမည်ဖြစ်ကြောင်း” အစားထိုးပြင်ဆင်ခဲ့သည်။

ထို့အတူ ပုဒ်မ ၂၂ (ခ)၌ “ဝင်ငွေခွန် နည်းဥပေဒများတွင် မည်သို့ပင်ပြဋ္ဌာန်းပါရှိစေကာမူ ပြည်ပနေ နိုင်ငံသား၏ နိုင်ငံခြားငွေဖြင့် ပြည်ပတွင်ရရှိသည့် စုစုပေါင်း လစာဝင်ငွေအပေါ် အောက်ပါနည်းလမ်း နှစ်ရပ်အနက် နည်းရာကျသင့်အခွန်ကို ရရှိသည့် နိုင်ငံခြားငွေအမျိုးအစားဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်ဖြစ်ကြောင်း” အစားထိုးပြင်ဆိုင်သည်။

အဆိုပါနည်းလမ်းနှစ်ရပ်အနက် နည်းလမ်း(၁)မှာ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များနုတ်ပယ်ပြီး ဤဥပဒေ၏ ပုဒ်မ ၁၉ ပုဒ်မခွဲ (ဂ) ပါ အခွန်နှုန်းထားဖြင့် ဝင်ငွေခွန်စည်းမျဉ်းများ စည်းမျဉ်း ၈ ပါ ပြဋ္ဌာန်းချက်နှင့်အညီ တွက်ချက်၍စည်းကြပ်ခြင်း၊ နည်းလမ်း(၂)မှာ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ နှစ်ရာခိုင်နှုန်းဖြင့် တွက်ချက်၍စည်းကြပ်ခြင်းတို့ဖြစ်ကြောင်း သိရသည်။

ဤပုဒ်မအရ တွက်ချက်ရရှိသည့်အခွန်မှ တွက်ချက်သည့် ဝင်ငွေအမျိုးအစားအလိုက် ပြည်ပတွင် ပေးဆောင်ခဲ့ရသည့်အခွန်ကို ခုနှိမ်ပေးရမည်ဖြစ်ကြောင်း ယခုပြင်ဆင်သည့် ဥပဒေတွင်ပါရှိသည်။

ဝင်ငွေခွန်ဥပဒေပုဒ်မ ၈ ပုဒ်မခွဲ(က)ပါ ဝင်ငွေခေါင်းစဉ်များမှာ လစာ၊ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ပစ္စည်းငှားရမ်းခ၊ အခြေပစ္စည်းမှမြတ်စွန်းငွေ၊  စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေ၊ အခြားရလမ်းများမှ ဝင်ငွေဟုပြဋ္ဌာန်းထားသဖြင့် ပြည်ပနေ မြန်မာနိုင်ငံသားများသည် လစာငွေမှအပ ကျန်ဝင်ငွေခေါင်းစဉ်များဖြင့်ရရှိသည့် ဝင်ငွေအပေါ် ၁၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။

လစာဝင်ငွေဖြင့်ရရှိသည့် ပြည်ပနေ မြန်မာနိုင်ငံသားများသည် ၎င်းတို့၏ဝင်ငွေအား ယခုပြင်ဆင်သည့် ဥပဒေတွင်ပါရှိသည့် နည်းလမ်းနှစ်ရပ်ဖြင့် ပေးဆောင်ရမည်ဖြစ်သည်။

၂၀၂၃ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၃၁ ပုဒ်မခွဲ(က) ပုဒ်မ ခွဲငယ်(၄)ကို ပယ်ဖျက်ရမည်ဖြစ်ကြောင်း ယင်းပြင်ဆင်သည့်ဥပဒေတွင် ဖော်ပြပါရှိသည်။

ထိုသို့ပယ်ဖျက်ခဲ့သည့် ပုဒ်မ ၃၁ ပုဒ်မ ခွဲ(က)ပုဒ်မခွဲငယ်(၄)မှာ မူလဥပဒေတွင် ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင်နိုင်ငံခြားငွေဖြင့် ရရှိသော လစာခေါင်းစဉ်မှ ဝင်ငွေကို ကင်းလွတ်ခွင့်ပြုထားခြင်းဖြစ်ပြီး ယခုအခါဝင်ငွေခွန်ကောက်ခံမည်ဖြစ်သဖြင့် အဆိုပါပုဒ်မကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေသည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် မတ် ၃၁ ရက်အထိ အကျိုးသက်ရောက်စေရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent