အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်သည် အောက်တိုဘာ (၂၂) ရက်က ကစားခဲ့သည့် လက်စတာအသင်းအား (၃-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် အသင်းအတွက် ဂိုးတစ်ဂိုးသွင်းယူပေးပြီးနောက် ပရီးမီးယားလိဂ်သမိုင်းတွင် ဂိုးသွင်းအများဆုံး ဂျာမန်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ယင်းပွဲတွင် အာဆင်နယ်နောက်ခံလူ ဘယ်လာရင် ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် အိမ်ရှင်အသင်းမှာ အရှုံးမှလိုက်ကစားခဲ့ရသော်လည်း အိုဇေးလ်က ချေပဂိုးနှင့် အူဘာမီယန်းက အနိုင်ဂိုး(၂)ဂိုး သွင်းယူပေးခဲ့သည်။
၂၀၁၃ နွေရာသီက အာဆင်နယ်အသင်းသို့ ရောက်ရှိလာသည့် အိုဇေးလ်မှာ လက်ရှိတွင် ပရီးမီးယားလိဂ် သွင်းဂိုး (၃၀)ဂိုးပြည့်မြောက်ခဲ့ပြီး ယခင်အများဆုံးဖြစ်သည့် ဂျာမန်ကစားသမားဟောင်း ကလင်းစမန်း (၂၉ ဂိုး)၊ အူဝီရိုဆလာ (၂၉ ဂိုး)တို့ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
အသက် (၃၀)နှစ်အရွယ်ရှိ ဂျာမန်လက်ရွေးစင်ဟောင်း အိုဇေးလ်သည် အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၃၀)ပြည့်မြောက်ရန် (၁၄၉)ပွဲ ကစားခဲ့ရသည်။
ယင်းပွဲတွင် အာဆင်နယ်အသင်းသည် ၂ဝဝရ ခုနှစ်၊ အောက်တိုဘာလနောက်ပိုင်း ပထမဆုံးအဖြစ် ပြိုင်ပွဲစုံ (၁၀) ပွဲဆက်တိုက် အနိုင်ရရှိခဲ့သည်။
(၂)ဂိုးသွင်းယူခဲ့သည့် တိုက်စစ်မှူး အူဘာမီယန်းမှာမူ အာဆင်နယ်အသင်းအတွက် ကစားခဲ့သည့် ပြိုင်ပွဲစုံ (၂၂) ပွဲတွင် သွင်းဂိုးပါဝင်ပတ်သက်မှု (၂၁) ဂိုးအထိရှိခဲ့ပြီး (၁၆) ဂိုးသွင်းကာ (၅)ဂိုးဖန်တီးပေးခဲ့သည်။