လာမည့်ရက်သတ္တပတ်အတွက် အခြေခံစားအုန်းဆီစျေးနှုန်းမှာ တပိသာလျှင် ကျပ် ၄၁၅၀ ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်သည်။
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် စျေးကွက်နှင့်စျေးနှုန်းဖြစ်ပေါ်မှုများအရ သြဂုတ် ၇ ရက်မှ သြဂုတ် ၁၃ ရက်အထိ ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၁၅၀ ကျပ်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ကြေညာထားသည်။
ထို့ပြင် ပြည်တွင်းစျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။
ပြင်ပစားသုံးဆီစျေး မြင့်တက်နေသဖြင့် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ရောင်းချပေးလျက်ရှိသည့် ဆီကားများတွင် လာရောက်တန်းစီဝယ်ယူသူ ပြန်လည်များပြားလာကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက ရောင်းချလျက်ရှိသည့် ဆီကားများတွင် တစ်ပိဿာလျှင် ကျပ် ၄၄၀၀ နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁ ရက်က ပြည်ထောင်စု ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေး အစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ခဲ့သည့် လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားပြီး စားသုံးဆီများ ပြည်ပမှတင်သွင်းရာတွင် စနစ်တကျရှိစေရေးနှင့် စျေးကွက်သို့ဖြန့်ဖြူးရောင်းချရာတွင်လည်း သင့်တင့်မျှတသည့် စျေးနှုန်းဖြစ်ရေးအတွက် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် ချမှတ်ထားသည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။















