ကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့မယ် ဘရော်နီကာ Thai Fight ပြိုင်ပွဲတွင် ၃၂ ကြိမ်မြောက် ကမ္ဘောဒီးယားဆီးဂိမ်းစ်ရွှေတံဆိပ်ဆုရှင် ဗီယက်နမ်နိုင်ငံသူ သီဖောင်ကို အလဲထိုးဖြင့် အနိုင်ယူ

ကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့မယ် ဘရော်နီကာ Thai Fight ပြိုင်ပွဲတွင် ၃၂ ကြိမ်မြောက် ကမ္ဘောဒီးယားဆီးဂိမ်းစ်ရွှေတံဆိပ်ဆုရှင် ဗီယက်နမ်နိုင်ငံသူ သီဖောင်ကို အလဲထိုးဖြင့် အနိုင်ယူ
Photo: Thai Fight
Photo: Thai Fight
Published 19 June 2023

ကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့ မယ် ဘရော်နီကာသည် Thai Fight ပြိုင်ပွဲတွင် ၃၂ ကြိမ်မြောက် ကမ္ဘောဒီးယားဆီးဂိမ်းစ်ရွှေတံဆိပ်ဆုရှင် ဗီယက်နမ်နိုင်ငံသူ သီဖောင်ကို အလဲထိုးဖြင့် အနိုင်ယူခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို Thai Fight Luk Luang Phor Sothorn အမည်ဖြင့် ပြီးခဲ့သည့် ဇွန် ၁၈ ရက်က ထိုင်းနိုင်ငံရှိ ချာချောင်ဆာအိုခရိုင်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘရော်နီကာသည် အမျိုးသမီး ၅၃ ကီလိုတန်းတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ဘက် ဗီယက်နမ်နိုင်ငံသူ မွေထိုင်းကစားသမား သီဖောင်မှာ ပြီးခဲ့သည့် ကမ္ဘောဒီးယားဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်၊ အာရှမွေထိုင်းချန်ပီယံရှစ်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု စသည့် ဆုတံဆိပ်များရရှိထားသူဖြစ််ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံသူ မွေထိုင်းကစားသမား သီဖောင်သည် ပြီးခဲ့သည့် ကမ္ဘောဒီးယားဆီးဂိမ်စ်၏ ခွန်ခမာပြိုင်ပွဲ အမျိုးသမီး ၅၁ ကီလိုတန်း ဆီမီးဖိုင်နယ်တွင် မြန်မာကစားသမား မာရီနာကို အနိုင်ယူခဲ့ပြီး ဗိုလ်လုပွဲတွင် အိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံသူကို အနိုင်ယူကာ ရွှေတံဆိပ်ရယူထားသူဖြစ်သည်။

ပထမအချီတွင် နှစ်ဦးစလုံး လက်ရည်တူ ထိုးသတ်နိုင်ခဲ့ကြပြီး ဆိုင်ထိုး၊ ပြိုင်ထိုးရှိခဲ့သောကြောင့် ပွဲမှာ စတင်ကတည်းက ကြည့်ကောင်းခဲ့သည်။

ဒုတိယအချီတွင် ဘရော်နီကာမှာ သူမ၏ပုံစံအတိုင်း အတင်းဝင် ဖိအားပေး ထိုးလာပြီး အသာစီးရယူလာခဲ့သလို ဘယ်ဖြောင့်လက်သီးတစ်လုံးမှာလည်း သီဖောင်၏ မျက်နှာသို့ ထိမှန်ခဲ့သည်။

တတိယအချီတွင် ဘရော်နီကာမှာ ပွဲအမြန်ဖြတ်လိုသောကြောင့် အတင်းဝင်ကာ  ခပ်ကြမ်းကြမ်း ထိုးသတ်ခဲ့သည်။

ဘရော်နီကာ၏ ညာဖြောင့်လက်သီးကြောင့် သီဖောင်မှာ နှာခေါင်းမှ သွေးများစီးကျခဲ့သလို အမှတ်စဉ်ရေတွက်ခံခဲ့ရသည်။

ပြန်အလွှတ်တွင် ဘရော်နီကာ၏ တရစပ် ဘယ်ညာတွဲလုံးများကြောင့် သီဖောင်မှာ ဆက်လက်မထိုးသတ်နိုင်တော့ဘဲ အရှုံးပေးခဲ့ရသောကြောင့် ဘရော်နီကာမှာ အလဲထိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ဘရော်နီကာသည် Thai Fight က ဦးဆောင်ကျင်းပသည့် အမျိုးသမီးမွေထိုင်း ပြိုင်ပွဲများတွင် ၁၃ ပွဲဆက်တိုက် အနိုင်ရှိထားသူဖြစ်ပြီးယင်း ၁၃ ပွဲတွင် ခုနှစ်ပွဲကို အလဲထိုးဖြင့် အနိုင်ရရှိထားခြင်းဖြစ်သည်။ 

Most Read

Most Recent