ရုပ်ရှင်နှင့် မြန်မာ့လူ့အဖွဲ့အစည်း

ရုပ်ရှင်နှင့် မြန်မာ့လူ့အဖွဲ့အစည်း
Published 30 April 2023
ရဲကျော်စွာ

မြန်မာနိုင်ငံ၏ အနုပညာနှင့် ဖျော်ဖြေရေးလုပ်ငန်းနယ်ပယ်များအနက် အများ ပြည်သူကို လွှမ်းမိုးမှုရှိခဲ့သော နယ်ပယ်များအတွင်း ရုပ်ရှင်နယ်ပယ်သည် တေးဂီတ၊ အင်တာနက်ဂိမ်း၊ ရုပ်သံဖျော်ဖြေရေးအစီအစဉ်များနှင့် ဇာတ်သဘင်နှင့် တန်းတူ လူထုအပေါ် လွှမ်းမိုးမှုအရှိဆုံး နယ်ပယ်တစ်ခု ဖြစ်ခဲ့သည်။

အများစိတ်ဝင်စားမှုပိုနည်းသော နယ်ပယ်များ

အခြားသော အနုပညာနယ်ပယ်များ ဖြစ်သော ရသစာပေ၊ ပန်းချီ၊ ပန်းပု၊ ရုပ်သေး သဘင်နှင့် ‌ဗိသုကာနယ်ပယ်များအပေါ် မြန်မာလူဦးရေ၏ အများစုက စိတ်ဝင်စားမှု သိသာစွာ ပိုမိုနည်းပါးကြသည်။

စာဖတ်အလေ့အထ အားနည်းလာခြင်း

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် မြန်မာ့ လူ့ အဖွဲ့အစည်းအတွင်း စာဖတ်အလေ့အထ ပိုမိုကျဆင်းအားနည်းလာခဲ့သည်။ ထိုအားနည်းချက်က အခြားသောအနုပညာနှင့် ဖျော်ဖြေရေးနယ်ပယ်များ၏ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသင့်သော အတိုင်းအတာများအပေါ် တိုက်ရိုက်ဆန့်ကျင်ဘက် သက်ရောက်မှုများ ဖြစ်လာစေခဲ့သည်။

ဘက်စုံ ထိခိုက်မှု

စာဖတ်အလေ့အထ အားနည်းချက် ကြောင့် ဘာသာစကား၊ သဘာဝသိပ္ပံအမြင် များ၊ လူမှုသိပ္ပံအမြင်များ၊ အသုံးချလူမှုသိပ္ပံကျွမ်းကျင်မှုများ၊ လူတိုင်းအတွက် အခြေခံ ပညာရေး၊ အထူးပြုနယ်ပယ်အလိုက် ပရော် ဖက်ရှင်နယ် ပညာရေး၊ သတင်းအချက်အ လက်၊ အသိသုတပညာ၊ ဆန်းသစ်တီထွင်မှုနှင့် စိတ်ကူးကြံဆမှုများကိုပါ တိုက်ရိုက်ထိခိုက် လာခဲ့သည်။ 

ခေတ်နှင့်မဆီလျော်သော ဆုတ်ယုတ်ကျဆင်းမှုများ

ယင်းအခြေအနေတစ်စုံလုံးက ရုပ်ရှင် အပါအဝင် မြန်မာနိုင်ငံ၏ အချို့သော အနု ပညာနယ်ပယ်များနှင့် ဖျော်ဖြေရေးနယ်ပယ် များသည် တိုးတက်သင့်သလောက် မတိုးတက် ဘဲ ဖြစ်ခဲ့ရသည်။ နည်းပညာပိုင်းနှင့် ရုပ်ဝတ္ထု ပိုင်း လျင်မြန်စွာဖွံ့ဖြိုးပြောင်းလဲနေသော မျက် မှောက်ခေတ်နှင့် မဆီလျော်သော ဆုတ်ယုတ် ကျဆင်းမှု တချို့ ဖြစ်ပေါ်ခဲ့ကြသည်။

ခေတ်ပြိုင် အာရှနှင့် လက်တင်အမေရိက

အခြားသော အရှေ့တောင်အာရှ၊ တောင်အာရှ၊ အရှေ့အလယ်ပိုင်းဒေသနှင့် လက်တင်အမေရိကဒေသများအနှံ့တွင် ရုပ်ရှင်၊ တေးသရုပ်ဖော်၊ ကဇာတ်၊ ပြဇာတ်၊

ရသစာပေ၊ ပန်းပု၊ ရုပ်တုနယ်ပယ်များတွင် အလွန်လျင်မြန်စွာ ပြောင်းလဲတိုးတက်လာ ခဲ့ပြီး အဆင့်အတန်းရှိသော အနုပညာနှင့် ဖျော်ဖြေရေးထုတ်ကုန်များနှင့် ဝန်ဆောင်မှု များကို တင်ဆက်ပေးလာနိုင်ခဲ့ကြသည်။

ထိုကဲ့သို့သော အချိန်ကာလများအတွင်း မြန်မာတို့ကမူ “ပေါကားများ”၊ “ပေါတေး သရုပ်ဖော်များ”၊ “ပေါဇာတ်များ”၊ “ပေါစာ ပေများ” ၊ “ပေါပန်းပုများ”၊ “ပေါရုပ်တုများ” ဖြင့်သာ တဝဲလည်လည် ကျန်ရစ်ခဲ့ကြသည်။

ပညာတတ်လူတန်းစား၏ လျစ်လျူရှုမှု

မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ပညာ တတ် လူတန်းစားမှ အမျိုးသားအများစုသည် ၁၉၈၈ ခုနှစ် မတိုင်ခင်ကာလ ဆိုရှယ်လစ် ခေတ်ကတည်းက ‌အရည်အသွေး နိမ့်ကျနေ သော ပြည်တွင်းအနုပညာနှင့် ဖျော်ဖြေရေး နယ်ပယ်များအတွက် အချိန်မပေးခဲ့ကြ တော့ပါ။

၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် မြန်မာ မြို့ပြနေ ပညာတတ်လူတန်းစားမှ  အမျိုးသား အများစုသည် ရသစာပေနှင့် ရုပ်ရှင်ကဲ့သို့ သော အနုပညာနယ်ပယ်များတွင် နိုင်ငံတ ကာမှ ထွက်ကုန်များကိုသာ အဓိကခံစား အားပေးလာခဲ့ကြသည်။

မြန်မာမြို့ပြပညာတတ်လူတန်းစားမှ အမျိုးသားအများစုက မြန်မာပြည်တွင်းဖြစ် အနုပညာနှင့် ဖျော်ဖြေရေးနယ်ပယ်များ အနက် ရသစာပေနှင့် ရုပ်ရှင်တို့ကဲ့သို့သော၊ တိကျသော နယ်ပယ်အချို့အပေါ် ဂရုစိုက်မှု မရှိခြင်းနှင့် လျစ်လျူရှုထားခြင်းများ၏ အကျိုး ဆက်များက အမှန်စင်စစ်အားဖြင့် လေးနက် ကြီးမားပါသည်။

မြို့ပြ ပညာတတ်အမျိုးသားအများစု၏ လျစ်လျူရှုမှုနှင့် အားမပေးမှုက ဆယ်စုနှစ် ပေါင်းများစွာ ကြာမြင့်လာသောအခါ မြန်မာ တို့၏ ယင်းပြည်တွင်း အနုပညာနှင့် ဖျော်ဖြေ ရေးနယ်ပယ်များအတွက် ဆိုးရွားပြီး ထင်သာ မြင်သာမရှိသော ထိခိုက်နစ်နာမှုများနှင့်ဆုံးရှုံး မှုများ ပိုမိုတိုးပွားလာခဲ့သည်။

အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် ကျေးလက်ပြည်သူများအတွက်သာ အထူးပြုခြင်း

     အကြိမ်အခါများစွာတွင် မြန်မာတို့၏ ယင်းနယ်ပယ်များအတွက် ပြည်တွင်းထုတ် ကုန်များက အမျိုးသမီးများ၊ ကလေးသူငယ် များနှင့် ကျေးလက်နေပြည်သူများ အတွက် သာ ပုဂ္ဂလိက ထုတ်လုပ်သူလုပ်ငန်းရှင်များ ရည်ရွယ်ထားခဲ့ပြီး ကုန်ကျစရိတ်နည်းနည်း၊ အရည်အသွေးနိမ့်နိမ့်ဖြင့်သာ ထုတ်လုပ် ရောင်းချရန် ရည်ရွယ်ခဲ့သည့် အပေါစားလက် ရာများသဖွယ်သာ ဖြစ်နေခဲ့သည်။

ပြောင်းလဲလာသော စားသုံးမှုအသစ်များ

၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ရုပ်ဝတ္ထု ပိုင်း အပြောင်းအလဲများနှင့်အတူ အနုပညာ နှင့် ဖျော်ဖြေရေးအပေါ် အရပ်ဘက်လူ့အဖွဲ့ အစည်း၏ စားသုံးမှုပုံစံတချို့က ပြောင်းလဲ သွားခဲ့သည် ။

အမျိုးသမီးများက တောင်ကိုရီးယား ရုပ် ရှင်နှင့် တေးဂီတများကို ပြောင်းလဲအားပေး လာကြသည်။ ကလေးသူငယ်များက ပြည်ပမှ ထုတ်လုပ်သော ကာတွန်းကားများကို အဓိက ထားကြည့်လာကြသည်။ မြို့ပြနှင့် ကျေးလက် လူငယ်အားလုံးက အွန်လိုင်းဂိမ်းများနှင့် အွန် လိုင်းလူမှုကွန်ရက်ဖျော်ဖြေရေး ရုပ်သံဖိုင်များဖြင့် အချိန်ကုန်လာကြသည်။

ယင်းအခြေအနေအသစ်များ၏ တိုက် ရိုက် အကျိုးဆက်က မြန်မာ့ရုပ်ရှင်အပါအဝင် အနုပညာနှင့် ဖျော်ဖြေရေးနယ်ပယ်များ အတွက် ယခင်ကတည်းက ဆိုးရွားနေသော အခြေအနေကို ပိုမိုထိခိုက်လာခဲ့သည်။

၂၀၀၀ မှ ၂၀၂၀ ခုနှစ်အတွင်း မြန်မာ့ ရုပ်ရှင်များအတွက် စီးပွားရေးအရ ထုတ်လုပ် သူများက အဓိကပစ်မှတ်ထားသော ပရိသတ် မှာ ကျေးလက်ပြည်သူများသာ ကျန်ရစ်ခဲ့ ကြသည်။

လုံခြုံရေးပဋိပက္ခကာလနှင့် ကျေးလက်ပရိသတ် အခြေအနေ

၂၀၂၁ ခုနှစ်မှ စတင်၍ မြန်မာ့ပြည်တွင်း လုံခြုံရေး ပဋိပက္ခ (Internal Security Conflicts) ကြောင့် ကျေးလက်နေပြည်သူများ ၏ လူဦးရေ အစိတ်အပိုင်းတစ်ရပ်သည် ပြည် တွင်းလုံခြုံရေးပဋိပက္ခအတွင်း နစ်မြှုပ်သွား ခဲ့ကြသည်။

လတ်တလော ပြည်တွင်းလုံခြုံရေးပဋိ ပက္ခကာလအတွင်းနှင့် ပဋိပက္ခအလွန် ပြန် လည်ထူထောင်ရေး အနာဂတ်ကာလအတွက် ခေတ်ပြိုင် မြန်မာ့ရုပ်ရှင်လုပ်ငန်းများက ကျေး လက်ပြည်သူများကိုသာ မြန်မာ့ရုပ်ရှင်၏ အဓိကစီးပွားရေးပစ်မှတ်အဖြစ် ဆက်လက် ထားရှိရန် ကြိုးစားနေဦးမည်ဆိုလျှင် လက် တွေ့ မကျသော၊ အလုပ်မဖြစ်နိုင်သော အခြေ အနေ ဖြစ်သည်။

မြန်မာ့ရုပ်ရှင်၏ အနာဂတ်

ပြောင်းလဲနေသော အခြေအနေအသစ် များအရ မြန်မာ့ရုပ်ရှင်သည် မြို့ပြနေ ပရိ သတ်များကို စီးပွားရေးအရ ပြန်ဦးလှည့်ရ တော့မည် ဖြစ်သည်။

တောင်ကိုရီးယား ရုပ်ရှင်များကိုသာ စွဲလမ်းနေသော အမျိုးသမီးပရိသတ်များကို ပြန်လည်ရရှိနိုင်အောင် မျှော်လင့်ချက် ကင်း မဲ့စွာ ကြိုးစားနေမည့် အစား မြန်မာရုပ်ရှင်လုပ် ငန်းများအနေဖြင့် အမျိုးသားပရိသတ်များကို ပြန်အာရုံစိုက်ရန် လိုအပ်လာနိုင်ပါသည်။

 

Most Read

Most Recent