ရီးယဲလ်မက်ဒရစ်အသင်းနောက်ခံလူ မာဆယ်လိုက လာမည့်ဇန်နဝါရီလတွင် ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ခွင့်ပြုရန် အသင်းထံတောင်းဆိုခဲ့ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
ကမ္ဘာ့အကောင်းဆုံးဘယ်နောက်ခံလူများထဲမှ တစ်ဦးဖြစ်သူ မာဆယ်လိုသည် စီရော်နယ်လ်ဒိုနှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိသူဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းတွင် ပြန်လည်လက်တွဲရန် ဆန္ဒရှိနေခြင်းဖြစ်သည်။
Tuttosport သတင်းစာက ရီးယဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်သည် မာဆယ်လိုနှင့် ဂျူဗင်တပ်စ်နောက်ခံလူ အဲလက်စ်ဆန်ဒရိုတို့ကို လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် လဲလှယ်လိုနေပြီး မာဆယ်လိုကလည်း အသင်းမှထွက်ခွာလိုမှုကို ဥက္ကဋ္ဌဖြစ်သူထံ ပြောကြားထားပြီဖြစ်သည်ဟု ဖော်ပြခဲ့သည်။
ထို့ပြင် ရီးယဲလ်အသင်းသည် မာဆယ်လိုအတွက် ပြောင်းရွှေ့ကြေးသက်သက်ဆိုလျှင် ယူရိုသန်း (၅၀)နှင့် (၆၀)အကြား ရရှိမှ ရောင်းချဖွယ်ရှိနေသည်။
ဂျူဗင်တပ်စ်အသင်းကလည်း မာဆယ်လိုကို အဲလက်စ်ဆန်ဒရိုနှင့်တိုက်ရိုက်လဲလှယ်ခြင်းထက် အဲလက်စ်ဆန်ဒရိုကို ပရီးမီးယားလိဂ်အသင်းတစ်သင်းထံ ရောင်းချပြီးမှ ပြန်လည်ခေါ်ယူဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။
သို့သော် ပြီးခဲ့သည့်လက Real Madrid TV နှင့်တွေ့ဆုံမှုတွင် မာဆယ်လိုက ” မက်ဒရစ်မှာ ကျွန်တော် အရမ်းပျော်ပါတယ်။ လူတွေက ဒါဟာ ကျွန်တော့်ရဲ့အိမ်လို့ သိကြပါတယ်။ ကျွန်တော့်စာချုပ်ကလည်း နှစ်ပေါင်းများစွာ ကျန်ရှိနေပါသေးတယ်”ဟု ပြောကြားထားခဲ့ဖူးသည်။