■ အာဂျင်တီးနား ယူ-၂၀ အသင်းကို မာရှေရာနိုပင် ဆက်လက်ကိုင်တွယ်မည်ဖြစ်ပြီး ဂါနာချို၊ ပယ်ရိုနီတို့ကို ပဏာမစာရင်းတွင် ထည့်သွင်းထား

■ အာဂျင်တီးနား ယူ-၂၀ အသင်းကို မာရှေရာနိုပင် ဆက်လက်ကိုင်တွယ်မည်ဖြစ်ပြီး ဂါနာချို၊ ပယ်ရိုနီတို့ကို ပဏာမစာရင်းတွင် ထည့်သွင်းထား
Photo: Twitter
Photo: Twitter
Published 25 April 2023

၂၀၂၃ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် အိမ်ရှင် အာဂျင်တီးနားအသင်းကို နည်းပြအဖြစ် မာရှေရာနိုပင် ဆက်လက်ကိုင်တွယ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲအတွက် ပဏာမ(၃၇)ဦးစာရင်းတွင် အင်္ဂလန်အခြေစိုက် ဂါနာချို (မန်ယူ)၊ ပယ်ရိုနီ(မန်စီးတီး)နှင့် ဘူနာနော့တေ(ဘရိုက် တန်)စသည့် ကစားသမားများကို ရွေးချယ်ထားသည်။

မာရှေရာနိုသည် ၂၀၂၀ နိုဝင်ဘာလတွင် ကစားသမားဘဝမှ အနားယူခဲ့ပြီးနောက် တစ်နှစ်ကျော်အကြာ ၂၀၂၁ ဒီဇင်ဘာလတွင် အာဂျင်တီးနားယူ-၂၁ အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသည်။

သို့သော် တောင်အမေရိက ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဘရာဇီးလ်၊ ကိုလံဘီယာ၊ ပါရာဂွေးအသင်းများကို အရေးနိမ့်ခဲ့ပြီးနောက် ခြေစစ်ပွဲအောင်ခွင့်နှင့် လွဲချော်ခဲ့ရသည်။

သို့သော် ယခုကဲ့သို့ မမျှော်လင့်ဘဲ ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရရှိခဲ့ချိန်တွင် မာရှေရာနိုသည် အသင်းကို သေချာပြင်ဆင်နေပြီး ပဏာမ(၃၇)ဦးစာရင်း၌ ဥရောပအခြေစိုက် (၁၀)ဦးနှင့် မေဂျာလိဂ်တွင် ကစားနေသည့် ကစားသမား(၁)ဦးကို ရွေးချယ်ထားသည်။

ဂါနာချိုကိုမူ ကလပ်အသင်းက စေလွှတ်ပေးရန် ဆန္ဒမရှိသော်လည်း မာရှေရာနိုမှာ အင်္ဂလန်သို့သွားရောက်ကာ မန်ယူအသင်းနှင့် ညှိနှိုင်းမှုများ ပြုလုပ်မည်ဖြစ်သည်။

ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲအခမ်းအနားကို သောကြာနေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့၌ ပြုလုပ်ခဲ့ပြီး  ပြိုင်ပွဲကို မေလ(၂၀)ရက်မှ ဇွန်လ (၁၁)ရက်အထိ ကျင်းပမည်ဖြစ်သည်။

မူလက အင်ဒိုနီးရှားတွင် ကျင်းပရန် စီစဉ် ထားသော်လည်း အစ္စရေးအသင်း ပါဝင်ယှဉ်ပြိုင်မည့်အပေါ် ပြိုင်ပွဲမှ ထုတ်ပယ်ရန်အထိ တောင်းဆိုဆန္ဒပြမှုများ ရှိလာသဖြင့် FIFA က အိမ်ရှင်ကျင်းပခွင့်ကို ရုပ်သိမ်းပြီး အာဂျင်တီးနားကို အစားထိုးရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ချန်ပီယံ(၆)ကြိမ်ဖြင့် အအောင်မြင်ဆုံး အာဂျင်တီးနားအသင်းသည် ယခုပြိုင်ပွဲအတွက် ခြေစစ်ပွဲမအောင်မြင်သော်လည်း မမျှော်လင့်ဘဲ ပြိုင်ပွဲကျင်းပခွင့် ရရှိသဖြင့် အင်ဒိုနီးရှားအသင်းအစား အစားထိုးယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။

(၂၃)ကြိမ်မြောက် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်း (၂၄)သင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး တစ်အုပ်စုလျှင် (၄)သင်း ဖြင့် အုပ်စု(၆)ခု ခွဲဝေထားသည်။

အုပ်စုတစ်ခုမှ ထိပ်ဆုံးနှစ်သင်းစီနှင့် အကောင်းဆုံးအုပ်စုတတိယ (၄)သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

■ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုခွဲဝေမှု

A ♦     အာဂျင်တီးနား၊ ဥဇဘက်ကစ္စတန်၊ ဂွါတီမာလာ၊ နယူးဇီလန်

B ♦       အမေရိကန်၊ အီကွေဒေါ၊ ဖီဂျီ၊ ဆလိုဗက်ကီးယား

C ♦       ဆီနီဂေါ၊ ဂျပန်၊ အစ္စရေး၊ ကိုလံဘီယာ

D ♦       အီတလီ၊ ဘရာဇီးလ်၊ နိုင်ဂျီးရီးယား၊ ဒိုမီနီကန်

E ♦     ဥရုဂွေး၊ အီရတ်၊ အင်္ဂလန်၊ တူနီးရှား

F ♦     ပြင်သစ်၊ တောင်ကိုရီးယား၊ ဂမ်ဘီယာ၊ ဟွန်ဒူးရပ်စ်

Most Read

Most Recent