မဲဆွယ်စည်းရုံးပွဲတွင် မီးခိုးဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ဂျပန်ဝန်ကြီးချုပ်ကိရှိဒ ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့

မဲဆွယ်စည်းရုံးပွဲတွင် မီးခိုးဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ဂျပန်ဝန်ကြီးချုပ်ကိရှိဒ ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့
Published 15 April 2023

ဧပြီ ၁၅ ရက်က မဲဆွယ်စည်းရုံးသည့်နေရာတွင် မီးခိုးဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ဂျပန်ဝန်ကြီးချုပ် ဖုမိယို ကိရှိဒသည် ၎င်းနေရာမှ ဘေးမသီရန်မခ လွတ်မြောက်ခဲ့ပြီးနောက် မဲဆွယ်စည်းရုံးမှုများကို ပြန်လည်ပြုလုပ်နိုင်ခဲ့သည်ဟု  ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ဂျပန်တစ်နိုင်ငံလုံးကို တုန်လှုပ်စေခဲ့ပြီး ရဲတပ်ဖွဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်စေခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရမှုအပြီး တစ်နှစ်နီးပါးအကြာတွင် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အာဏာရပါတီ ကိုယ်စားလှယ်လောင်း တစ်ဦးအတွက် မဲဆွယ်စည်းရုံးပေးရန် ဂျပန်အနောက်ပိုင်း ၀ါခါယာမမြို့သို့ ဝန်ကြီးချုပ်ကိရှိဒ ရောက်ရှိလာခဲ့ပြီး ဆိပ်ကမ်း၌ ငါးတစ်ကောင်ကို အရသာမြည်းစမ်းပြီးချိန်တွင် ၎င်း၏ဟောပြောမှုကို နားထောင်ရန် စုဝေးရောက်ရှိနေသည့် လူအုပ်အကြား ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ 

NHK ရုပ်သံမှ ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုမှတ်တမ်းတွင် လူတစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်းလိုက်ပြီး လူများအဝေးသို့ ရှောင်ရှားနေပုံနှင့် ဝန်ကြီးချုပ်ကိရှိဒက နောက်ပြန်လှည့်ကြည့်နေပုံကို မြင်တွေ့ရမည်ဖြစ်သည်။

ထို့နောက် စက္ကန့်ပိုင်းအကြာတွင် ပေါက်ကွဲသံတစ်သံ ကြားလိုက်ရပြီး အဖြူရောင်မီးခိုးများ ဖုံးလွှမ်းသွားခဲ့သည်။ ဝတ္တရားနှောင့်ယှက်မှု သံသယဖြင့် အခင်းဖြစ်သည့်နေရာတွင် အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရသည်ဟု NHK က ဆိုသည်။

လတ်တလောတွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တရားဝင် အတည်ပြုချက်တစ်စုံတစ်ရာ ထွက်ပေါ်ခြင်းမရှိသေးပေ။

ကိရှိဒသည် ဘေးမသီရန်မခရှိနေပြီး ဧပြီ ၁၅ ရက် နှောင်းပိုင်းတွင် ပြုလုပ်ရန်စီစဉ်ထားသည့် မဲဆွယ်ဟောပြောပွဲများသို့လည်း တက်ရောက်ဖွယ်ရှိကြောင်း သိရသည်။

"ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု ပြုလုပ်ချိန်မှာ ဒီလိုဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့တာဟာ စိတ်မကောင်းစရာပဲဖြစ်တယ်။ ဒါဟာ ခွင့်မလွှတ်နိုင်စရာ ရက်စက်ယုတ်မာမှုပဲဖြစ်တယ်" ဟု အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ၏ ရွေးကောက်ပွဲ မဟာဗျူဟာဆိုင်ရာ အကြီးအကဲ ဟိရိုရှိ မိုရိယာမက NHK ကို ပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent