တနင်္သာရီမြစ်ရေ အန္တရာယ်ရေအမှတ်အထက် လေးပေခန့် ရောက်ရှိလာပြီး မြိတ်-မောတောင် ကုန်သွယ်ရေးလမ်း ယာယီပြတ်တောက်နေ

တနင်္သာရီမြစ်ရေ အန္တရာယ်ရေအမှတ်အထက် လေးပေခန့် ရောက်ရှိလာပြီး မြိတ်-မောတောင် ကုန်သွယ်ရေးလမ်း ယာယီပြတ်တောက်နေ
တနင်္သာရီမြစ်ရေမြင့်တက်မှုကြောင့် ကားလမ်းရေကျော်နေသည်ကို တွေ့ရစဉ်
တနင်္သာရီမြစ်ရေမြင့်တက်မှုကြောင့် ကားလမ်းရေကျော်နေသည်ကို တွေ့ရစဉ်
Published 29 July 2024

တနင်္သာရီမြစ်ရေ အန္တရာယ်ရေအမှတ် အထက် လေးပေခန့်ရောက်ရှိလာကာ မြိတ်- မောတောင်ကုန်သွယ်ရေးလမ်း သွားလာမရတော့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နှင့် ကုန်သွယ်မှုပြုလုပ်နေသည့် ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခံခရိုင် ဆင်းခွန်နယ်စပ်ကုန်သွယ်ရေးလမ်းမှာတနင်္သာရီမြစ်ရေကြီးမှုကြောင့် ကုန်သွယ်မှု လမ်းကြောင်း ယာယီပြတ်တောက်နေပြီ ဖြစ်ကြောင်း သိရသည်။

အခု ဇူလိုင် ၂၉ ရက် နံနက်ပိုင်း တိုင်းထွာချက်အရ တနင်္သာရီမြစ်ရေက ၂၇ ပေ ခု နစ်လက်မကျော်လာပြီ။ လမ်းနေရာအတော်များများ ရေမြုပ်နေပြီ။ ကားကြီးတွေလည်း သွားမရတော့ဘူး။ လယ်တောင်ယာရွာဘက် မှာ အခြေအနေအတော်ဆိုးတယ်။ အဲဒီဘက်မှာ ကားတွေအများကြီး ပိတ်မိနေတယ်ဟု ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

တနင်္သာရီမြစ်ရေကြီးမှုကြောင့် ကျေးရွာ ၁၀ ရွာ ရေနစ်မြုပ်နေကာ တနင်္သာရီမြို့နေရာ အများစုလည်း ရေနစ်မြုပ်နေကြောင်း သိရသည်။

မြိတ်-မောတောင်က အဓိကကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်တယ်။ ဇူလိုင် ၂၈ ရက် ညနေပိုင်းကစပြီး ကုန်ကားကြီးတွေတောင်သွားလို့မရတော့ဘူး။ မိုးကအရမ်းရွာနေတော့ မြစ်ရေထပ်တက်နေတယ်။ ကုန်စည်တွေ ဆုံးရှုံးသွားနိုင်တယ်ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

လက်ရှိအနေအထားတွင် မြိတ်-ရန်ကုန် ပြည်ထောင်စုလမ်းမကြီးကို အသုံးပြုသွားလာနိုင်သော်လည်း မြိတ်-တနင်္သာရီ-မောတောင်၊ မြိတ်-တနင်္သာရီ-ကော့သောင်းပြည်ထောင်စုလမ်းမကြီးမှာ အသုံးပြု၍မရတော့ ကြောင်း သိရသည်။

မြိတ်-မောတောင် ကုန်သွယ်ရေးလမ်းကြောင်းသည် မြိတ်-ပရာကျွတ်ခီရီခံ(မြန်မာ - ထိုင်း) ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင်တည်ရှိပြီး မြိတ်ခရိုင်အတွက် အဓိကအားထားရသည့် ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ မြိတ်ခရိုင်ဘက်မှ တင်ပို့နေသည့် ကုန်ပစ္စည်းအများစုမှာ ပင်လယ်စာပစ္စည်းများဖြစ်သဖြင့် ကုန်ကျစရိတ်နှင့်ဆုံးရှုံးနိုင်သည့်အခြေအနေများကို ရင်ဆိုင်ရမည်ကို ကုန်သည်များက စိုးရိမ်လျက်ရှိသည်။

တနင်္သာရီမြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ ၁၇ ပေဖြစ်ပြီး အန္တရာယ်ရေအမှတ်မှာ ၂၄ ပေဖြစ်ကာ ယခု တနင်္သာရီမြစ်ရေမှာ ၂၇ ပေ ခုနစ်လက်မကျော်နေကြောင်း သိရသည်။

 

Most Read

Most Recent