ပြိုလဲတော့မည့်ဘဏ်ကို ကယ်တင်မည်လော၊ ပြိုလဲစေမည်လော

 ပြိုလဲတော့မည့်ဘဏ်ကို ကယ်တင်မည်လော၊ ပြိုလဲစေမည်လော
Published 26 March 2023
စောနိုင် (အသုံးချဘောဂဗေဒ)

    (၁)

ယခုရက်များအတွင်း ကမ္ဘာ့သတင်းများ၌ အမေရိကန်နိုင်ငံရှိ ဘဏ်များနှင့်ပတ်သက်၍ ထိတ်လန့်ဖွယ်သတင်းများ ကြားနေရသည်။ အမေရိကန်နိုင်ငံမှာ ၁၆ ခုမြောက်အကြီးဆုံးဘဏ်ဖြစ်သည့် ဆီလီကန်ဗယ်လီဘဏ် (Silicon Valley Bank-SVB ) သည် လုပ်ငန်းလည်ပတ်မှုတွင် မရှုနိုင်မကယ်နိုင်ဖြစ်ခဲ့ပြီ။ မတ် ၁၀ ရက်က ဒေသန္တရဘဏ်လုပ်ငန်းကြီးကြပ်ရေးအာဏာပိုင်အဖွဲ့က ဆီလီကန်ဗယ်လီဘဏ်၏လုပ်ငန်းများကို ရပ်ဆိုင်းစေလျက် ဖက်ဒရယ်အပ်ငွေအာမခံကော်ပိုရေးရှင်း (Federal Deposit Insurance   Corporation - FDIC) အဖွဲ့က လိုအပ်သည်များ ဖြေရှင်းဆောင်ရွက်ရန် စီမံကွပ်ကဲနေသည်။ မတ် ၁၂ရက်နေ့တွင်လည်း  ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလျံ ၁၁၀ ရှိသည့် စစ်ခ်နေချာဘဏ် (Signature Bank ) ကို ထိုကဲ့သို့ပင် သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းက ထိန်းသိမ်းလိုက် ရပြန်သည်။ 

မဝေးသေးသည့် အချိန်ကာလ၊ နှစ်အနည်းငယ်ကို ပြန်လည်ကြည့်ပါက ယခုဘဏ်အချို့ စတင်ပြိုလဲရသည့်အကြောင်းရင်းဇာစ်မြစ်နှင့် ပတ်သက်၍  အနည်းငယ်မျှ ခြေရာကောက်ဖွယ်နိုင်ဖွယ်ရှိသည်။ အမေရိကန်အစိုးရသည် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း စီးပွားရေးလုပ်ငန်းများအတွက် ကယ် တင်မှု အစီအစဉ်များ ပြုလုပ်ခဲ့သည်ကို တွေ့ခဲ့ရသည်။ အမေရိကန်ဈေးကွက်အတွင်း ဒေါ်လာငွေကြေး ဖောဖောသီသီဖြစ်ခဲ့၏။ အကျိုးဆက်တွင် ဆီလီကန်ဗယ်လီ ဘဏ် (SVB) သို့ အပ်နှံငွေများ ဝင်ရောက်မှုပမာဏ အထွတ်အထိပ်သို့ရောက်ရှိခဲ့သည်။  

    (၂)

ယခုဖြစ်ပျက်ခဲ့သည့် အကြောင်းသည် ထိုအခြေအနေများက စခဲ့သည်လော။ ဆီလီကန်ဗယ်လီဘဏ် (SVB) သည် ၎င်းတို့ဆီသို့ ဝင်ရောက်လာသည့် အပ်ငွေများကို ထိန်းသိမ်းထားရန် အစိုးရငွေတိုက်စာချုပ် (government bonds) များကို ဝယ်ယူခဲ့သည်။ နောက်ပိုင်းတွင် အမေရိကန် စီးပွားရေးအဆောက်အအုံအတွင်းဖြစ်ပေါ်လာသော အင်ဖလေးရှင်းပြဿနာကို ရှင်းလင်းရန် အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းမြှင့်တင်မှုများကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်လာခဲ့သည်။ အကြောင်းဇာစ်မြစ်စခဲ့ပြီဟု ကောက်ချက်ချက်ရတော့မည်။ အတိုးနှုန်း မြင့်တက်လာသည်နှင့်အမျှ ဆီလီကန်ဗယ်လီဘဏ် (SVB )က ဝယ်ယူမြှုပ်နှံခဲ့သည့် ငွေတိုက်စာချုပ်များ တန်ဖိုးထိုးကျသွားခဲ့သည်။  

    (၃) 

ဤနေရာတွင် ဈေးကွက်အတိုးနှုန်းများသည် ငွေတိုက်ငွေတိုက်စာချုပ်စျေးနှုန်းများနှင့် ပြောင်းပြန်ဆက်စပ်မှုရှိသည်ဟု သဘောပေါက်ရသည်။ အတိုးနှုန်း မြင့်တက်လာပါက ဘဏ္ဍာရေးအက်ဆက်များပြန်ရချက်မြင့်မားလာနိုင်သည်။ ထိုသို့ဖြစ်လာချိန်တွင် ဆီလီကန်ဗဲလီးဘဏ် (SVB ) သည် ယခင်က ၎င်း၏ ဝယ်ယူထားသည့် ပုံသေအတိုးနှုန်းသတ်မှတ်ထားသော ငွေတိုက်စာချုပ်များကို သက်တမ်းကာလမတိုင်ခင် လျှော့စျေးဖြင့်ရောင်းချရမည့် အခြေအနေဖြစ်ခဲ့သည်။ အတိုးနှုန်းများ မြင့်တက်လာချိန်တွင် ဆီလီကန်ဗယ်လီဘဏ် (SVB) ၏အက်ဆက်များ (assets) (ယခင်က ဝယ်ယူထားသည့် အတိုးနှုန်းနိမ့် အစိုးရရငွေတိုက် စာချုပ်များစွာပါဝင်သည်) တန်ဖိုး ထိုးကျဆင်းသွားသည်။

    (၄)

ဘဏ်များ အကျပ်အတည်း ကြုံတွေလာခဲ့လျှင် မည်သို့ဆက်လုပ်ကြမည်နည်း။ ထိုကဲ့သို့ မေးမြန်းမှုအပေါ် သုတေသီအချို့၏ တုံ့ပြန်မှုကို ငွေအပ်နှံသူများ နှစ်သက်ကြလိမ့်မည်မဟုတ်။ သုတေသီအချို့၏ အယူအဆမှာ ပြိုလဲမည့်ဘဏ်များ ပြိုလဲပါစေ (၎င်းတို့ဘာသာ ဆုံးရှုံးပါစေ၊ လွှတ်ထားလိုက်ဟူသည့် သဘော) ဟူ၍။ ဘဏ်များဆုံရှုံးပြိုလဲမှုကို (ဖြစ်ပါလေ့စေ သဘော) လွှတ်ပေးလိုက်ခြင်းသည် အစွန်းရောက်အယူအဆဖြစ်သည်။ ရက်စက်ရာကျသည်။ ဘဏ်များ ပြိုလဲပျက်စီးပါက ဘဏ်၏ဖောက်သည်များ ဆုံးရှုံးမှုများရှိလာမည်။ ကြီးမားသော ကုန်ကျစရိတ်များ ရှိလာမည်မှာသေချာ၏။ သို့ရာတွင် ထိုသို့လုပ်ဆောင်ခြင်းသည် အမှန်

တကယ် အသင့်လျော်ဆုံး ဖြေရှင်းချက်ဖြစ်သည်ဟုဆိုသည်။ စီးပွားရေးလုပ်ငန်းတစ်ခု ပြိုလဲသည့်အခါ အဆိုပါလုပ်ငန်းနှင့် ဘဏ္ဍာရေးအရဆက်စပ် မှုရှိနေသည့် ရင်းနှီးမြှုပ်နှံသူများ ငွေကြေးများ ဆုံးရှုံးမည်ဆိုသည်မှာ အမှန်တရားသာဖြစ်သည်။

ဆီလီကန်ဗယ်လီဘဏ် (SVB) ၏ ပြိုလဲဆုံးရှုံးမှုသည် ဥစ္စာဓနများ  ဖျက်ဆီးခဲ့ခြင်း၏ရလဒ်ကို ထင်ဟပ်နေသည်ဟု ရှုမြင်ကြသည်။ ဘဏ်သည် ဘဏ်ဖောက်သည်များ၏  အပ်နှံငွေများကို ငွေတိုက်စာချုပ်များအဖြစ် အသွင်ပြောင်းခဲ့သည်။ ယခုအချိန်တွင် ဆိုးဆိုးရွားရွား တန်ဖိုးချထားသည့် ငွေတိုက်စာချုပ် များကဲ့သို့ဖြစ်သွား၏။ 

အချို့က ဓနဥစ္စာများကို ဖျက်ဆီးသောဘဏ်များကို လုပ်ငန်းဆက်လက်လုပ်ဆောင်မှု ခွင့်မပြုသင့်ဟု သုံးသပ်ကြသည်။ ဘဏ်ငွေအပ်နှံသူများ၏ ငွေများသည် စီမံခန့်ခွဲမှုကောင်းမွန်ခြင်းမရှိသည့် ဘဏ်များတွင်ပါဝင်လည်ပတ်နေသောအခါ အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများ၊ အများနှင့် သက်ဆိုင်သည့်ငွေကြေးများ မျက်ခုံးလှုပ်ရသည်။ ဆိုလိုသည်မှာ ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းမရှိသည့် ဘဏ်တစ်ခု ပြိုလဲခဲ့ပါက အစိုးရအနေဖြင့် ကယ်တင်မှုုအစီအစဉ်များ လုပ် ဆောင်ရန်ရှိလာနိုင်သည်။ ထိုအခါ အစိုးရသည် ပြည်သူတို့၏အခွန်ဘဏ္ဍာငွေများ အသုံးပြုလာနိုင်သည်။ (ယခုကြုံတွေ့လာရသည့် အမေရိကန်ဆီလီကန်ဗဲလီးဘဏ်(SVB) ပြိုလဲသည့်ကိစ္စတွင်  သက်ဆိုင်ရာတာဝန်ရှိသူများက အခွန်ထမ်းပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးအဖြစ်ခံမှာမဟုတ်ဟု  ပြောကြားမှုများရှိသော်လည်း) ဘဏ်တစ်ဘဏ် ပြိုလဲခြင်းကို ကယ်တင်ခြင်းသည် အများပြည်သူ အခွန်ထမ်းများအပေါ် ဝန်ထုပ်ဝန်ပိုး ကျရောက်လာနိုင်သကဲ့သို့ ဘဏ်လုပ်ငန်းကဏ္ဍတွင်  ဆွဲဆောင်မှု များစွာလျော့ကျသွားနိုင်သည်။   

 

    (၅)

      

မော်တော်ကား မတော်တဆဖြစ်မှု (ကားအက်ဆီးဒန့်) ဖြစ်ရပ်ကို ဥပမာထား စဉ်းစားကြည့်သည်။ နိုင်ငံတစ်နိုင်ငံတွင် “မော်တော်ယာဉ် မတော်တဆမှု ကြုံတွေ့လာရသည့်အခါ  ပျက်စီးသွားသော မော်တော်ယာဉ်ကိုပြုပြင်ရန် အစိုးရက ငွေကြေးကျခံပေးသည်” စနစ်ကျင့်သုံးသည် ဆိုပါစို့။ ထိုအခါ မေးခွန်းတစ်ခုထွက်လာသည်။ တစ်နှစ်လျှင် မော်တော်ယာဉ်မတော်တဆမှု အရေအတွက် မည်မျှကို အစိုးရက ကျခံနိုင်မည်ဟု ထင်ပါသနည်း။     မော်တော်ယာဉ်မတော်တဆမှုကြောင့်ဖြစ်လာမည့် အပျက်အစီး ကုန်ကျစရိတ်အတွက် အသုံးပြုသူက စိုးရိမ်စရာမလိုကြောင်း သိခဲ့လျှင် မော်တော်ယာဉ် အသုံးပြုမောင်းနှင်သူများ မည်သို့စဉ်းစားနေကြမည်နည်း။ ယခင်ကထက် ပို၍ ဂရုတစိုက်မောင်းနှင်နိုင်မည်လား။ ဂရုစိုက်မှု လျော့ကျသွားမည်လား။ အစိုးရ၏ ထိုစနစ်သည် မော်တော်ယာဉ် အသုံးပြုမောင်းနှင်သူများကို ဆွဲဆောင်မှုရှိ၏။ တစ်ဦးချင်း၏ ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်၏။ သို့သော် မော်တော်ယာဉ်မတော်တဆ ဖြစ်မှုအရေအတွက် မြင့်မားလာနိုင်သည်မှာ သေချာသည်။ ထိုသို့အစိုးရ၏ထောက်ပံ့ကူညီမှုစနစ်သည် မော်တော်ယာဉ် အသုံးပြုသူ တစ်ယောက်ချင်းစီ၏ အမူအကျင့်ကိုပျက်စီးစေသည်ဟု ယူဆကြသည်။ ဘောဂဗေဒပညာရှင်များက ထိုအချင်းအရာကို ကိုယ်ကျင့်တရားနှင့် သက်ဆိုင်သည့် အန္တရာယ်သို့မဟုတ် ကျင့်ဝတ်ဆိုင်ရာ ဘေးအန္တရာယ်ပြဿနာ (moral hazard problem) ဟု ခေါ်ဆိုကြသည်။    

ထိုအခြေအနေသည် အစိုးရ၏ဝင်ရောက်ဝင်ကူညီရာမှာ ဈေးကွက်ပါဝင်သူများ တစ်နည်းဆိုသော် လူတို့စိတ်ထားပေါ် သက်ရောက်လာသည့် ဆိုးကျိုးဟုပင်ဖြစ်သည်။ အစိုးရဝင်ရောက်ကူညီခြင်း၏ ဘေးထွက်ဆိုးကျိုးပင်ဖြစ်သည်။

    အကယ်၍ အစိုးရအနေဖြင့် အခွန်ထမ်းပြည်သူများ၏ငွေများကို အသုံးပြုလျက် ဘဏ်များပြိုလဲမှုအားလုံးတွင် အခြေအနေကောင်းမွန်စေရန် လုပ်ဆောင်ရမည်ကို အစဉ်အလာအဖြစ် သတ်မှတ်ထားပါလျှင် ဘဏ်များသည် အကျိုးအမြတ်အတွက် ဘေးအန္တရာယ်များသော (ဆုံးရှုံးနိုင်ခြေရှိသော) အပြုအမူများကို ပိုမိုပြုလုပ်ကြလိမ့်မည်။ ဘဏ်အနေဖြင့် အစိုးရ၏ကယ်တင်မှုကိုရရှိမည်ဆိုပါက အပ်နှံသူများ၏ငွေများ ဆုံးရှုံးမည့်အရေးကို အလေးထားဂရုစိုက်နိုင်မည်လော။ ထိုအချက်သည်လည်း စဉ်းစားစရာ ရှိလာသည်။ အမြတ်အစွန်းကို ဦးတည်လုပ်ကိုင်နေသော ပုဂ္ဂလိကလုပ်ငန်းတစ်ခု ဆုံးရှုံးမှုကို အများပြည်သူ ပိုင်ဆိုင်သည့် ငွေကြေးတို့ဖြင့်ဖြေရှင်းခဲ့ပါက အစိုးရ၏ ပြည်သူ့ငွေကြေးအပေါ် အလွဲသုံးမှုသာဖြစ်ပေလိမ့်မည်။       

    (၆)

ယခုကဲ့သို့ပြောဆိုခြင်းသည် ရင်းနှီးမြှုပ်နှံသူများ၏ဆုံးရှုံးနစ်နာမှုကို ထောက်ပံ့ကယ်တင်ခြင်းအပေါ် ဆန့်ကျင်သည့်သဘောမျိုး ဆိုလိုခြင်း မဟုတ်ပေ။ဘဏ်ပြိုလဲသည့်ကိစ္စတွင်ပါဝင်ပတ်သက်နေသည့် လူတိုင်း၏ ဘဏ္ဍာရေးကို ကယ်တင်နိုင်ရန် အခွန်ထမ်းပြည်သူများ၏ ငွေများ သုံးစွဲလာနိုင်မည့်အပေါ် သံသယများရှိလိမ့်မည်။ လက်မခံသူများရှိကြလိမ့်မည်။ လက်ရှိရင်ဆိုင်နေရသော ဆီလီကန်ဗယ်လီ (SVB)  ဘဏ်ပြိုလဲမှုတွင် ငွေကြေးဆုံးရှုံးသွားသော အချို့သော အသေးစားငွေအပ်နှံသူ ဖောက်သည်များ  စိတ်ပူနိုင်စရာရှိသည်။ သို့သော် စိုးရိမ်စရာမလို။ ဖက်ဒရယ်အပ်ငွေ အာမခံကော်ပိုရေးရှင်း (FDIC) က ဒေါ်လာ ၂၅၀,၀၀၀ ပမာဏ အထိ အသေးစားငွေအပ်နှံထားသူများ ဆုံးရှုံးမှုမဖြစ်စေရန် ဆောင်ရွက်ပေးမည်ဟု  အသိပေးထားပြီးဖြစ်သည်။  

ပမာဏများပြားသည့် အပ်နှံငွေများအတွက်လည်း နည်းလမ်း ရှာဖွေကြလိမ့်မည်။ အစိုးရ၏ ကယ်တင်မှုအစီအစဉ်အပြည့်အဝလုပ်ပေးနိုင်-မနိုင်၊ စီးပွားရေးအဆောက်အအုံထဲရှိ တစ်နွယ်ငင်တစ်စင်ပါ အခြားသောဘဏ်များကိုပါ ဆက်လက်ပြိုလဲနိုင်ခြေရှိ-မရှိ စသည်ဖြင့် အမြော်အမြင်ရှိရှိဖြင့် ရေရှည်အတွက် စဉ်းစား စရာများရှိသည်။  

စီးပွားရေး လုပ်ငန်းလုပ်ကိုင်ခြင်း (ရင်းနှီးမြှုပ်နှံခြင်း) တွင် အကျိုးအမြတ်ကိုမျှော်၍ လုပ်ကိုင်ကြသော်လည်း ဆုံးရှုံးခြင်း (ဘေးအန္တရာယ်) ကိုလည်းကြုံတွေ့ရနိုင်သည်သာ။ ထိုအချက်ကို လျစ်လျူရှု၍မရပေ။ စီးပွားရေးအဆောက်အအုံအတွင်းရှိ လုပ်ငန်းများ ဆုံးရှုံးမှုဖြစ်လာတိုင်း အစိုးရက ကူညီကယ်တင်ပေးခြင်းသည် မဖြစ်နိုင်ပေ။ အမေရိကန်နိုင်ငံတွင် ဘဏ်များ၊ ငွေကြေးစုဆောင်းရေးအဖွဲ့အစည်းတွင် ရင်းနှီးမြှုပ်နှံပါက မည်သည့်အမျိုးအစား ဘဏ်အပ်နှံငွေမဆို၊

စာရင်းတစ်ခုအတွက် ဖက်ဒရယ်အပ်နှံငွေ အာမခံကော်ပိုရေးရှင်းက အာမခံနိုင်သော ငွေပမာဏမှာ ဒေါ်လာ ၂၅၀,၀၀၀ ဖြစ်သဖြင့် ထိုပမာဏထက် ကျော်လွန် ပါက သတိထားသင့်သည်။



(၇)

အကယ်၍ ဆီလီကန်ဗယ်လီဘဏ် သို့မဟုတ်  ပြိုလဲနေသောဘဏ်များကို ဝယ်ယူ၍  ပြန်လည်ရှင်သန်အောင်အားထုတ်လုပ်ကိုင်နိုင်သည့်သူများရှိပါကလည်း အဆိုးထဲက အကျိုးအမြတ်ဖြစ်နိုင်ခြေမျှော်လင့်နိုင်သည်သာ။ ဆိုလိုသည်မှာ လုပ်ငန်းတစ်ခုတွင်ဆုံးရှုံးမှုများ ရှိနိုင်သကဲ့သို့ အကျိုးအမြတ်ရရှိနိုင်ခွင့်လည်း ရှိပေသည်။    

ရင်းနှီးမြှုပ်နှံမှုတစ်ခုပြုလုပ်ရာတွင် ဆုံးရှုံးမှုရှိလာသည့်အခါ ကယ်တင်မှုခံရခြင်း (bailout) နှင့် ပြိုလဲစေခြင်း (letting them fail) ဟူ၍ ရွေးချယ်စရာနည်းလမ်းများကြုံလာမည်။ မည်သည့်နည်းလမ်းဖြင့် ဆက်လက်စခန်းသွားရမည်မှာ အစိုးရ၊ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်နှင့် နိုင်ငံ၏စီးပွားရေးအခြေအနေတို့ပေါ်တွင်  မူတည်နေပေသည်။ 

 ကိုးကား- Why We Should Let Bad Banks Fail . 

 

Most Read

Most Recent