အိုင်အက်စ်အဖွဲ့နှင့်အတူကြီးပြင်းခဲ့သည့် လူငယ်များကို ပြန်လည်ထူထောင်ပေးနေသည့် ကာ့ဒ်အာဏာပိုင်များ

အိုင်အက်စ်အဖွဲ့နှင့်အတူကြီးပြင်းခဲ့သည့် လူငယ်များကို ပြန်လည်ထူထောင်ပေးနေသည့် ကာ့ဒ်အာဏာပိုင်များ
Photo - AFP
Photo - AFP
Published 19 March 2023
Ref: AFP

ကာဒ့်အာဏာပိုင်များသည် IS အဖွဲ့၏အတွေးအမြင်များဖြင့် ကြီးပြင်းလာသည့် လူငယ်များကိုပြန်လည်ထူထောင်မှုတွင် အကူအညီ ဖြစ်စေရန် မျှော်လင့်ထားသည့် ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းက စင်တာတစ်ခုတွင် ပြည်ပဂျီဟတ်များ၏ ကလေးငယ်များသည် ညစ်ပတ်နေသော ကွင်းပြင်တစ်ခုတွင် ဘောလုံးဆော့ကစားနေကြသည်။

အသက် ၁၁ နှစ်မှ ၁၇ နှစ်အရွယ်လူငယ် ၅၀ ကျော်၊ အချို့မှာဗြိတိန်၊ပြင်သစ်၊ဂျာမနီ သို့မဟုတ် အမေရိကန်မိဘများမှ ဆင်းသက်လာသူများသည် တူရကီနယ်စပ်အနီးရှိ ကာမစ်ရှ်လီမြို့အနီးမှ အစောင့်အကြပ်များစွာချထားသည့် အော်ကက်ရှ်ပြန်လည်ထူထောင်ရေးစခန်းတွင် နေထိုင်ကြသည်။

အကျဉ်းထောင်များနှင့် စခန်းများတွင်  နိုင်ငံပေါင်း ၆၀ ကျော်မှ IS အဖွဲ့ဆွေမျိုးပေါင်းထောင်ချီနှင့် ပြည့်နေသည့် ကာဒ့်အုပ်ချုပ်သော နိုင်ငံအရှေ့ မြောက်ပိုင်း၌လွန်ခဲ့သည့်ခြောက်လကဖွင့်လှစ်ထားသော ယင်းစခန်းသည် ပထမဆုံး ပြည်ပလူငယ်များပြန်လည်ထူထောင်ရေးစခန်းဖြစ်သည်။

နောက်ထပ်စင်တာတစ်ခုကို ငယ်ရွယ်သောဂျီဟတ်လူငယ်ဟောင်းများပြန်လည်ထူထောင်ရေးအတွက် ၂၀၁၇ ခုနှစ်တွင်ဖွင့်လှစ်ခဲ့သည်။

စင်တာများ၏အောင်မြင်မှုသည် အစွန်းရောက်မျိုးဆက်သစ်များနောက်ထပ်ပေါ်ပေါက်လာမှုမှ ဒေသကို ကာကွယ်ရန်အရေးပါသည်ဟု ကာဒ့်အုပ်ချုပ်ရေးရုံး၏ တရားမျှတမှုနှင့်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ပူးတွဲဥက္ကဌခါလစ်ရီမိုကဆိုသည်။

အားကစားဝတ်စုံဝတ်ထားသောအချို့လူငယ်များသည်အခန်းတစ်ခန်းတွင် ဘောလုံးကန်အရုပ်ခုံများဖြင့်ကစားနေပြီး အချို့မှာ နေပူပူအောက်တွင် ဘောလုံးကန်နေကြသည်။

ယင်းလူငယ်များ အသက် ၁၈ နှစ်ရောက်လာချိန်တွင် ၎င်းတို့အနေဖြင့် ပြန်လည်ထူထောင်ရေးအစီအစဉ်သစ်တစ်ရပ် သို့မဟုတ် ၎င်းတို့၏ သက်ဆိုင်ရာမိခင်နိုင်ငံများကိုပြန်ရန် လိုအပ်လိမ့်မည်ဟုဆိုသည်။

“ကျွန်တော်တို့အနေနဲ့ဒီကလေးတွေကို စင်တာတွေမှာအမြဲတမ်းမနေစေချင်ပါဘူး။ ဒါပေမဲ့သံတမန်ရေးဆောင်ရွက်ချက်တွေနှေးကွေးတဲ့အတွက် ကလေးအများအပြားက ပြန်လည်ထူထောင်ရေးကို လိုအပ်ကြပါတယ်”ဟု ရီမိုကဆိုသည်။

အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က ထောက်ပံ့ပေးထားသော ကာဒ့်ဦးဆောင်သည့်တပ်ဖွဲ့များသည် ဆီးရီးယားတွင် ISအဖွဲ့ ကို တိုက်ထုတ်ရာ၌ ဦးဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၎င်း၏နောက်ဆုံးခံတပ်ငယ်ကို အပြီးသတ်ဖယ်ရှားခဲ့သည်။

သံသယရှိသော ဂျီဟတ်များ၏ ဆွေမျိုးများအပါအဝင် လူပေါင်းသန်းချီကို ကာဒ့်ထိန်းချုပ်ထားသော အယ်ဟိုနှင့်ရော့ဂျ်စခန်းများတွင် ထိန်းသိမ်းထားပြီး အယ်ဟိုစခန်း တစ်ခုတည်း၌ပင် နိုင်ငံခြားသား ၁၀,၀၀၀ ဝန်းကျင်ရှိသည်။

မိန်းကလေးများသည်လည်း စခန်းများတွင်ရှိနေကြသော်လည်း လက်ရှိတွင်ပုန်းအောင်းနေသော IS အဖွဲ့များ၏တပ်သားသစ် စုဆောင်းချိန်တွင် ယောကျ်ားလေးများသည် IS အဖွဲ့ဝင်များ ပြန်ဖြစ်လာနိုင်သောကြောင့် ထိုပြန်လည်ထူထောင်ရေးစခန်းများသည် လူငယ်ယောကျ်ားလေးများကိုသာ အာရုံစိုက်ထားသည်ဟု ရီမိုကဆိုသည်။

ကာဒ့်အာဏာပိုင်များက ၎င်းတို့၏နိုင်ငံသားများကို ပြန်လည်လက်ခံရန်နိုင်ငံများကို ထပ်တလဲလဲ တောင်းဆိုခဲ့သော်လည်း ပြည်ပအစိုးရများကမူ လုံခြုံရေးခြိမ်းခြောက်မှုများနှင့် ပြည်တွင်းနိုင်ငံရေးဆိုင်ရာ တုံ့ပြန်မှုများဖြစ်လာမည်ကိုစိုးရိမ်သောကြောင့် သက်ဆိုင်ရာနိုင်ငံများကိုပြန်လာရန် လူအနည်းငယ်ကိုသာ လက်ခံခဲ့သည်။

ယင်းစင်တာများတွင်အာရပ်နှင့် အင်္ဂလိပ်ဘာသာစကားသင်တန်းများ သင်ကြားပေးပြီး သချင်္ာ၊ ပုံဆွဲသင်တန်းနှင့် တေးဂီတသင်တန်းများကိုလည်းပို့ချပေးနေသည်။

“စင်တာရဲ့ရည်ရွယ်ချက်ကတော့ အနာဂတ်မှာ ဒီလူငယ်လေးတွေ သူတို့ရဲ့အသိုင်းအဝိုင်းထဲမှာ သဟဇာတဖြစ်ပြီး ပြင်ဆင်ပေးတာပဲ ဖြစ်ပါတယ်”ဟု ယင်းစီမံကိန်းကိုဦးဆောင်နေသည့် အာရက်စ်ဒါဝစ်ရှ်က ဆိုသည်။

“ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတော့ လူမှုစိတ်ပိုင်းဆိုင်ရာနဲ့ပညာရေးပိုင်းဆိုင်ရာထောက်ပံ့ပေးဖို့ပဲ ဖြစ်ပါတယ်”ဟု တစ်ဦးချင်းနှင့်အဖွဲ့လိုက်စိတ်ကုထုံးဆောင်ရွက်ပေးနေသည့် ဒါဝစ်ရှ်ကဆိုသည်။

Most Read

Most Recent