မြန်မာနိုင်ငံသို့ ရုရှားခရီးသွားများ လာရောက်လည်ပတ်နိုင်ရေးအတွက် Package Tour အစီအစဉ်များရေးဆွဲရန် ရုရှားနှင့် မြန်မာဆွေးနွေး

မြန်မာနိုင်ငံသို့ ရုရှားခရီးသွားများ လာရောက်လည်ပတ်နိုင်ရေးအတွက် Package Tour အစီအစဉ်များရေးဆွဲရန် ရုရှားနှင့် မြန်မာဆွေးနွေး
Published 14 March 2023

မြန်မာနိုင်ငံသို့ ရုရှားခရီးသွားများ လာရောက်လည်ပတ်နိုင်ရေးအတွက် Package Tour အစီအစဉ်များ ရေးဆွဲရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး Mr.Alexander Sergeevich Shatirov တို့ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

မတ် ၁၃ ရက် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး Mr.Alexander Sergeevich Shatirov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လက်ခံတွေ့ဆုံရာတွင် ယင်းအချက်ကို ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ရုရှားခရီးသွားများ လာရောက်လည်ပတ်နိုင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ရုရှားခရီးသွားများအတွက် တည်းခိုသွားလာလည်ပတ်မှု၊ စားသောက်မှုများအပါအဝင် ပြီးပြည့်စုံသော Package Tour အစီအစဉ်များအား ရေးဆွဲပံ့ပိုးပေးစေလိုကြောင်း၊ ရော့စ်ကွန်ဂရက်အဖွဲ့အနေဖြင့် နှစ်နိုင်ငံခရီးသွားကဏ္ဍ တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအကြောင်း မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ယင်းဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက Welcome Russia” Program in Myanmar အစီအစဉ် အားရေးဆွဲလျက်ရှိပြီး ပြီးပြည့်စုံသော Package Tour ရေးဆွဲပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနသို့ ပေးပို့သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံလေကြောင်းလိုင်း တိုက်ရိုက်ပျံသန်းပြေးဆွဲနိုင်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာနက လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့ ဝင်ရောက်ရာတွင် ကျန်းမာရေးအာမခံဝယ်ယူရေး အဆင်ပြေလွယ်ကူမှုရှိစေရန် ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ ဆွေးနွေးအကြံပြုချက်များကို ရုရှားခရီးသွားများအား ကြိုဆိုမည့်အစီအစဉ်တွင်လည်း ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဆက်လက်၍လည်း နှစ်နိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးစေလိုသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent