ရုရှားနှင့် ထိပ်တိုက်ရင်ဆိုင်ရာတွင် ပူး ပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်နှင့် သဘာ ဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးတည်သော စီးပွားရေးစနစ်အတွက် ငွေကြေးထောက်ပံ့မှုများနှင့်ပတ်သက်၍ အတ္တလန်တစ်ဖြတ်ကျော် ကုန်သွယ်ရေးအငြင်းပွားမှုကို ဖြေရှင်းရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဥရောပသမဂ္ဂ (အီးယူ) အကြီးအကဲ ဗွန်ဒါလေ ယန်တို့သည် မတ်လ ၁၀ ရက်က အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့သည်။
ယမန်နှစ်က ဥရောပသမဂ္ဂကော်မရှင် ဥက္ကဋ္ဌ ဗွန်ဒါလေယန်သည် ယူကရိန်းကိုကျူးကျော်ခဲ့သည့် ရုရှားကို မကြုံစဖူးတုံ့ပြန်မှုများကို အခိုင်အမာ လုပ်ဆောင်ခဲ့ရာတွင် သမ္မတဘိုင်ဒင်နှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ယူကရိန်းကို အထောက်အကူပေးမည့် မဟာမိတ်ပြုမှုသည် အရေးပါသော အခြင်းအရာတစ်ခုဖြစ်ကြောင်း အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် ဗွန်ဒါလေယန်နှင့် တွေ့ဆုံစဉ်အတွင်း သမ္မတဘိုင်ဒင်က ပြောကြားခဲ့သည်။
သို့ရာတွင် ဘိုင်ဒင်အစိုးရ၏ အထင်ကရ ဥပဒေတစ်ရပ်ဖြစ်သော ငွေကြေးဖောင်းပွမှု လျှော့ချရေးအက်ဥပဒေ (IRA) နှင့်စပ်လျဉ်း၍ ဥရောပတွင် အငြင်းပွားမှုများ ဖြစ်ပေါ် လျက်ရှိသည်။
“made in America”ဟုအမည်ရသည့် ငွေကြေးထောက်ပံ့မှု အစီအစဉ်အတွက် ပြဋ္ဌာန်းချက်များသည် ဥရောပအခြေစိုက် စွမ်းအင်နှင့် မော်တော်ယာဉ်ထုတ်လုပ်မှု ကဏ္ဍကို အထိနာစေနိုင်သည့်အပေါ် ဥရောပသမဂ္ဂ အနေဖြင့် စိုးရိမ်မှုများရှိနေစဉ် ထွန်းသစ်စ စီးပွားရေးကဏ္ဍကို မြှင့်တင်အားပေးရန်အတွက် Green Deal Industrial စီမံချက်ကဲ့သို့သော မက်လုံးပေးသည့် ကိုယ်ပိုင်အစီအမံများ ချမှတ်ရန် ဥရောပသမဂ္ဂအနေဖြင့် ကြိုးပမ်းလျက်ရှိသည်။
“သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးတည်တဲ့ နည်းပညာတွေမှာ အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာတာဟာ တကယ့်ကိုကောင်းမွန်ပါတယ်” ဟု ဗွန်ဒါလေယန်က ပြောကြားခဲ့သည်။
အစီအမံနှစ်ခုအား အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းမှုများကို မည်သို့မည်ပုံ အပြီးသတ်ဆောင်ရွက်ရေးအတွက် ၎င်းတို့နှစ်ဦး ဆွေးနွေးခဲ့သည်ဟု အမေရိကန်အစိုးရ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။ ခေါင်းဆောင်နှစ်ဦးသည် တူညီသော ချဉ်းကပ်ပုံနှင့် တူညီသော ရည်မှန်းချက်များနှင့်ပတ်သက်၍ ထုတ်ဖော်ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းကပြောဆိုထားသည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် တရုတ်၏ ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍လည်း အဓိက ဆွေးနွေးသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောဆိုထားသည်။
တရုတ်ကို သံတမန်ရေးအရသာမက စီးပွားရေးအရလည်း ပိုမိုပြတ်သားစွာ တုံ့ပြန်မှုများ ပြုလုပ်ကြရန် အမေရိကန်အစိုးရက ဥရောပနိုင်ငံများကို တိုက်တွန်းလျက်ရှိသည်။ သို့ရာတွင် ဥရောပသမဂ္ဂအနေဖြင့် တရုတ်နှင့် ဆက်ဆံရေး ထိခိုက်နိုင်သည့် အခြေအနေကို ရှောင်လွှဲနိုင်ရန် စိတ်အားထက်သန်လျက်ရှိရာ အတ္တလန်တစ်ဖြတ်ကျော် မဟာမိတ်နိုင်ငံများအကြား အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ အတော်အတန် သဘောထားကွဲလွဲလျက်ရှိသည်။ သို့သော် တရုုတ်၏ စိန်ခေါ်မှုနှင့်ပတ်သက်၍ အမေရိကန်နှင့် အီးယူနိုင်ငံများအကြား ယေဘုယျအားဖြင့် အမြင်တူညီကြောင်း အမေရိကန်ကဆိုသည်။














