ဘယ်လို မဲပေးစနစ်ကို ကျင့်သုံးဖို့ UEC ပြင်ဆင်နေပြီလဲ

ဘယ်လို မဲပေးစနစ်ကို ကျင့်သုံးဖို့ UEC ပြင်ဆင်နေပြီလဲ
Myanmar Elevctronic Voting Maching(MEVM) စမ်းသပ်တည်ဆောက်ထားရှိမှုနှင့်ပတ်သက်၍ နစကဥက္ကဋ္ဌကို UEC မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြစဉ်
Myanmar Elevctronic Voting Maching(MEVM) စမ်းသပ်တည်ဆောက်ထားရှိမှုနှင့်ပတ်သက်၍ နစကဥက္ကဋ္ဌကို UEC မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြစဉ်
Published 26 February 2023

၂၀၂၃ ခုနှစ် သြဂုတ်လမှာ အထွေထွေရွေးကောက်ပွဲကို ပြန်ပြီး ကျင်းပပေးမယ်လို့ နစကဘက်က ပြောကြားထားပါတယ်။

ဒါကြောင့်လည်း နစကçက ပြန်လည် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC)အနေနဲ့ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်း၊ နိုင်ငံရေးပါတီများ စစ်ဆေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ခြင်းစတဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ UEC တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

UEC အနေနဲ့ လက်ရှိမဲစာရင်း ပြုစုရာမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ပြုစုတဲ့ လူဦးရေစာရင်းနဲ့ လဝက၊ မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားတဲ့ လူဦးရေစာရင်းကို အခြေခံထားတယ်လို့ UEC က ဆိုထားပါတယ်။

မဲစာရင်းပြုစုရာမှာ အခြေခံရမယ့် စာရင်းများဖြစ်တဲ့ လူဝင်မှုကြီး ကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားတဲ့ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ ကို ရယူပြုစုထားတဲ့စာရင်းနဲ့ ပြည်ထဲရေးဝန်ကြီးရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကွက်ကျေးရွာအလိုက် ကောက်ယူထားတဲ့ မြေပြင် လူဦးရေစာရင်းတို့ကို ဦးစွာတိုက်ဆိုင်စစ်ဆေးတယ်လို့ UEC က ပြောပါတယ်။

ဒီလို တိုက်ဆိုင်စစ်ဆေးပြီးဖြစ်တဲ့ အခြေခံလူဦးရေစာရင်းများကို ရယူပြီး ကနဦးမဲဆန္ဒရှင် စာရင်းစိစစ်ခြင်းစနစ်၊ IVLS အသုံးပြုစိစစ်ခြင်းနဲ့ တွေ့ရှိချက်များကို သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများထံပေးပို့ခြင်း စတာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သက်ဆိုင်ရာဝန်ကြီးဌာနများက မြေပြင် စိစစ်အတည်ပြုပြီး ပြန်လည်ပေးပို့လာတဲ့ စာရင်းများကိုရယူကာ လစဉ် Up Date ပြုလုပ်နေတဲ့အတွက် မှန်ကန်ပြည့်စုံတဲ့ အခြေခံမဲဆန္ဒရှင်စာရင်းတွေ ရရှိအောင် ဆောင်ရွက်နေတာပါ။

၂၀၂၂ ခုနှစ် အောက်တိုဘာ ဒုတိယပတ်နဲ့ တတိယပတ်အတွင်းမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် ခုနစ်ခုရဲ့ အခြေခံမဲဆန္ဒရှင်စာရင်းနဲ့ မဲရုံများ လျာထားခြင်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ နိုဝင်ဘာ ပထမပတ်နဲ့ ဒုတိယပတ်အတွင်းမှာလည်း တိုင်းဒေသကြီး/ပြည်နယ်သုံးခုရဲ့ အခြေခံမဲဆန္ဒရှင်စာရင်းနဲ့ မဲရုံများ လျာထားသတ်မှတ်ခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းနဲ့ ကျန်တဲ့ တိုင်းဒေသကြီး/ပြည်နယ် လေးခုကိုလည်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ UEC က ဆိုပါတယ်။ 

ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ မြေပြင်ကွင်းဆင်းပြီး လူဦးရေစာရင်းကောက်ယူရာမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၈၆ ဒသမ ၇ ရာခိုင်နှုန်း ကောက်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေကို ဥပဒေနဲ့အညီ စစ်ဆေးရာမှာလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ ဦးဆောင်ပြီး သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေပါဝင်တဲ့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွေနဲ့ သက်ဆိုင်ရာနိုင်ငံရေးပါတီ ဌာနချုပ် အခြေစိုက်တဲ့  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ စစ်ဆေးဆောင်ရွက်ခဲ့တယ်လို့ ကော်မရှင်က ဆိုပါတယ်။

ဒီလိုစစ်ဆေးရာမှာ နိုင်ငံရေး ပါတီတွေရဲ့ ဖွဲ့စည်းမှု၊ ပါတီဝင်အင် အားစာရင်းနဲ့ ပါတီရုံးခန်းတွေ ဖွင့် လှစ်ထားရှိမှုတို့ကို စစ်ဆေးခြင်း၊ ပါတီဝင်ကြေး၊ လစဉ်ကြေး၊ ပြည်တွင်းအလှူရှင်တွေက လှူဒါန်းတဲ့ ငွေကြေး၊ ပစ္စည်းစာရင်းနဲ့ ပါတီပိုင် စီးပွားရေးလုပ်ငန်းတွေ စစ်ဆေးခြင်း၊ ပါတီစည်းမျဉ်းနဲ့အညီ သတ်မှတ်ထားတဲ့ အသုံးစရိတ် သုံးစွဲခြင်း ရှိ မရှိ စစ်ဆေးခြင်း၊ ပါတီပိုင်ရန်ပုံငွေ၊ ပါတီပိုင်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ စာရင်းဇယား၊ မှတ်တမ်းတွေကို စနစ်တကျ ပြုစုထိန်းသိမ်းထားခြင်း ရှိ မရှိ စစ်ဆေးခြင်း၊ ပါတီကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေး ကောက်ပွဲအသုံးစရိတ်တွေကို စနစ်တကျ ပြုစုထိန်းသိမ်းထားခြင်း ရှိ မရှိ စစ်ဆေးခြင်း၊ ပါတီ၏နှစ်စဉ် ငွေစာရင်းရှင်းတမ်းတွေကို ဘဏ္ဍာရေးနှစ်အလိုက်ရေးဆွဲခြင်း၊ ပါတီပိုင်ပစ္စည်းတွေနဲ့စပ်လျဉ်းပြီး နှစ်ချုပ် စာရင်းပြုစုခြင်း၊ ဒီစာရင်းတွေကို ပါတီတွင်း စာရင်းစစ်ကော်မတီ ထားရှိ စစ်ဆေးခြင်း၊ ပါတီစည်းမျဉ်း စည်းကမ်းနဲ့အညီ အတည်ပြုချက် ရယူဆောင်ရွက်ခြင်း ရှိ မရှိ စစ်ဆေးခြင်း အပါအဝင် လိုအပ်တဲ့ စာရင်းဇယားတွေကို စစ်ဆေးခဲ့ခြင်းဖြစ်တယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဒီလိုစစ်ဆေးရာမှာ ၂၀၂၁ ခု နှစ် သြဂုတ်ကနေ ဒီဇင်ဘာအထိ စစ်ဆေးပြီးစီးခဲ့တဲ့ နိုင်ငံရေးပါတီ ၅၁ ပါတီ၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီကနေ ဇူလိုင်လ တတိယပတ်အထိ စစ်ဆေးပြီးစီးခဲ့တဲ့ နိုင်ငံရေးပါတီ ၃၅ ပါတီရှိကြောင်း ကော်မရှင်ကဆိုပါတယ်။ လက်ရှိ တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီအနက် နိုင်ငံရေးပါတီ ၈၅ ပါတီကို စစ်ဆေးခဲ့ပြီး စစ်ဆေးဖို့ ကျန်ရှိတဲ့ နိုင်ငံရေးပါတီခုနစ်ပါတီကိုလည်း ဆက်လက်စစ်ဆေးသွားမယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

နောက်ပြီး နိုင်ငံရေးပါတီတွေ ဖွဲ့စည်းနိုင်ရေးအတွက် နစကအနေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှာ ထုတ်ပြန်ကြေညာခဲ့သလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၁၀/ ၂၀၂၃)၊ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်တို့နဲ့ပတ်သက်တဲ့ ကြေညာချက်အမှတ် (၂/၂၀၂၃)၊ (၃/၂၀၂၃) ကို ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

နစက,က ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ လက်ရှိ တည်ဆဲပါတီအားလုံး လာမယ့်ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံပြန်တင်ရမှာဖြစ်ပြီး မတင်ရင် အလိုအလျောက် ပါတီဖျက်သိမ်းပြီးသားဖြစ်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဥပဒေအသစ်အရ လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၉၀ ကျော်အနေနဲ့  ဆက်လက်ရပ်တည်ချင်တယ်ဆိုရင် ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံပြန်တင်ရမှာပါ။

လက်ရှိမြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီပေါင်း ၉၀ ကျော်ရှိပါတယ်။ ဒီ ၉၀ ကျော်ထဲကမှ နိုင်ငံရေးအယူဝါဒအရ ဖြစ်ပေါ်လာတဲ့ပါတီ ၄၃ ပါတီ၊ တိုင်းရင်းသားမျိုးနွယ်အလိုက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပါတီ ၁၉ ပါတီနဲ့ ဒေသအလိုက်ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပါတီ ၃၈ ပါတီ ရှိတယ်လို့ UEC က ထုတ် ပြန်ထားပါတယ်။ ဒါ့အပြင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့် ပါတီက ၇၄ ပါတီရှိပြီး တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တစ်ခုအတွက် စည်းရုံးမယ့်ပါတီက ၁၈ ပါတီရှိတယ်လို့ လည်း UEC က ဆိုပါတယ်။

နစက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအသစ်မှာ နိုင်ငံရေးပါတီတည်ထောင်ခြင်းနဲ့ မှတ်ပုံတင်ခြင်းနဲ့ပတ်သက်လို့ နိုင်ငံရေးပါတီတည်ထောင်ချင်ရင် အနည်းဆုံးလူ ၁၅ ဦးရှိရမှာ ဖြစ်ပြီး ပါတီဝင်တွေကို စည်းရုံးဖို့ UEC ကို တင်ပြရမှာ ဖြစ်ပါတယ်။ UEC က ခွင့်ပြုရင် ခေါင်းဆောင် တစ်ဦးနဲ့ ဒုတိယခေါင်းဆောင်တစ် ဦးကို ရွေးချယ်ရမှာပါ။

ပါတီတည်ထောင်လိုသူတွေရဲ့အရည်အချင်းနဲ့ပတ်သက်လို့လည်း ပါတီတည်ထောင်သူဟာ ၂၅ နှစ်ပြည့်ရမယ်။ သာသနာ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်း၊ ထောင်ကျနေသူ မဟုတ်ရဘူး။ သောင်းကျန်းသူအဖွဲ့အစည်း၊ အကြမ်းဖက်အဖွဲ့အစည်း၊ မတရားအသင်းအဖြစ် ကြေညာခံထားရတဲ့ အဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင်မဖြစ်ရဘူး။ မူးယစ်ဆေးပြစ်မှုနဲ့ ငြိစွန်းသူ မဟုတ်ရမယ့်အပြင် နိုင်ငံခြားသား ဒါမှမဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူ မဟုတ်ရဘူးလို့ သတ်မှတ်ထားပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပုဒ်မ ၅ (စ) မှာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံး မယ့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတဲ့ နေ့ရက်ကနေစလို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်းကို စည်းရုံးရမှာဖြစ်ပြီး တိုင်းနဲ့ ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီဆိုရင်တော့ ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ စည်းရုံးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

နောက်ထပ် ပုဒ်မ ၅ (ဆ) မှာလည်း ပါတီရန်ပုံငွေကို သတ်မှတ်ရာမှာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီဖြစ်ပါက ကျပ်သိန်း ၁၀၀၀ နဲ့ တိုင်းနဲ့ ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီဆိုရင်တော့ ကျပ်သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုမှာ ငွေစာရင်းဖွင့်ထားကြောင်း အထောက်အထားပြရမယ်လို့ ပြဋ္ဌာန်းထားပါ တယ်။

ပါတီရုံးခန်းတွေ ဖွင့်လှစ်ရမှာနဲ့ပတ်သက်လို့ ပုဒ်မ ၅ (ဇ) မှာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီဖြစ်ပါက ရက်ပေါင်း ၁၈၀ အ တွင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံးရဲ့ အနည်းဆုံးထက်ဝက်မှာ ဖွင့်လှစ်ဖို့နဲ့ တိုင်းနဲ့ပြည်နယ် တစ်ခုအတွင်းမှာသာ စည်းရုံးမယ့် ပါတီဆိုရင်တော့ အဆိုပါ တိုင်းနဲ့ ပြည်နယ်အတွင်းရှိ အနည်းဆုံး ငါးမြို့နယ်မှာ ပါတီရုံးခန်းတွေ ဖွင့်လှစ်ရမှာဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေနဲ့ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်တို့နဲ့ပတ်သက်လို့ ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁ ရက်ကနေ ၉ ရက်အထိ UEC ကို လာရောက်လျှောက်ထားတဲ့ ပါတီ လေးပါတီ ရှိပါတယ်။

လာရောက်လျှောက်ထားတဲ့ နိုင်ငံရေးပါတီတွေက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) နဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီ (Union Democracy Party) တို့ဖြစ်တယ်လို့ UEC က ဆိုပါတယ်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံ ရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ ဥပဒေ၊ နည်းဥပဒေများနဲ့အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ကို ဖေဖော်ဝါရီ ၁ ရက်မှာ လာရောက်လျှောက်ထားခဲ့တာကြောင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိတယ်လို့ UEC က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည် ထောင်လိုတဲ့ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) ဟာ ဥပဒေ၊ နည်းဥပဒေများနဲ့အညီ နိုင်ငံရေး ပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ကို ဖေဖော်ဝါရီ ၈ ရက်က လာရောက်လျှောက်ထားခဲ့ကြောင်း၊ အလားတူ ဖေဖော်ဝါရီ ၉ ရက်ကလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီ တည်ထောင်လိုတဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီ (Unoin Democracy Party) ဟာ ဥပဒေ၊ နည်းဥပဒေများနဲ့အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို လာရောက်လျှောက်ထားခဲ့ကြောင်းနဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီ တည်ထောင်လိုသော ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီဟာ ဥပဒေ၊ နည်းဥပဒေများနဲ့အညီ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ဖေဖော်ဝါရီ ၇ ရက်မှာ လာရောက်လျှောက်ထားတာကြောင့် တည်ထောင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိတယ်လို့ UEC က ထုတ်ပြန်ပါတယ်။

ဒီလိုအခြေအနေတွေရှိနေချိန်မှာပဲ UEC ဟာ အီလက်ထရွန်နစ် မဲပေးစနစ် (MEVM) စမ်းသပ်တည်ဆောက်ထားရှိမှုနဲ့ ပတ်သက်လို့ နစကဥက္ကဋ္ဌကို ဖေဖော်ဝါရီ ၉ ရက်က ရှင်းလင်းပြသခဲ့ပါတယ်။

ဒီလိုရှင်းလင်းရာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက Myanmar Electronic Voting Maching (MEVM) စမ်းသပ်တည်ဆောက်ထားရှိမှုနဲ့ပတ်သက်ပြီး ထိန်းချုပ်စက်(Control Unit)၊ ဆန္ဒပြုစက် (Ballonting Unit – Main, Extension)၊ ဆန္ဒပြုစက်မှန်ကန်မှု ရှိ မရှိ ပြသသောစက်(Verification Unit)၊ မဲပုံးနဲ့ ဘက်ထရီများ ဖွဲ့စည်း တည်ဆောက်ထားရှိမှု၊ ထည့်သွင်းအသုံးပြုထားတဲ့ စက်များနဲ့ အသုံးပြုရခြင်း ရည်ရွယ်ချက်များ၊ သုံးသပ်အကြံပြုတင်ပြချက်များ၊ အရေအတွက် အများအပြား ထုတ်လုပ်ဖို့အတွက် ပြင်ဆင်ရမယ့်အချက်များ၊ လိုအပ်ချက်များ တင်ပြခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လာမယ့်ရွေးကောက် ပွဲတွေမှာ ဆန္ဒမဲလက်မှတ်များ ဖောင်း ပွမှုမရှိစေရေးနဲ့ မဲမသမာမှုများ တားဆီးကာကွယ်နိုင်​​ရေးအတွက် မြန်မာအီလက်ထရွန်နစ်မဲပေးစက်နဲ့ ဆန္ဒမဲပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ UEC က ထုတ်ပြောလာပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒမဲများ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေး၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ တိကျလွယ်ကူမြန်ဆန်စေရေး၊ ရွေးကောက်ပွဲအတွက် နိုင်ငံတော်ရဲ့ ကုန်ကျစရိတ်များ လျှော့ချနိုင်​​ရေး၊ ရွေးကောက်ပွဲနဲ့ စပ်လျဉ်းတဲ့ နည်းပညာအခန်းကဏ္ဍများ တိုးတက်မြင့်မားလာရေး၊ ဆန္ဒမဲလက်မှတ်များ ဖောင်းပွမှုမရှိစေရေးနဲ့ မဲမသမာမှုများ တားဆီးကာကွယ်နိုင်ရေးအတွက် ရွေးကောက်ပွဲတွေမှာ မြန်မာ အီလက်ထရွန်နစ်မဲပေးစက်နဲ့ ဆန္ဒမဲ​​ပေးနိုင်စေဖို့ ဆောင်ရွက်နေတယ်လို့ UEC က ဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးဆောင်ရွက်သွားမှာဖြစ်ပြီး အဲဒီစနစ်ရဲ့ အဓိက အားသာချက်မှာ ဆန္ဒမဲများ လေလွင့်ဆုံးရှုံးမှု မရှိခြင်းနဲ့ လက်ရှိ ဆောင်ရွက်နေတဲ့ မြန်မာအီလက်ထရွန်နစ် မဲပေးစက်နဲ့ ဆန္ဒမဲပေးခြင်းက ပယ်မဲများဖြစ်ပေါ်ခြင်း၊ ဆန္ဒမဲလက်မှတ်များ ပျောက်ဆုံးခြင်းစတဲ့ ကိစ္စရပ်များ မဖြစ်ပေါ်တဲ့အတွက် မဲဆန္ဒရှင်များရဲ့ ဆန္ဒမဲများ လေလွင့် ဆုံးရှုံးမှုမရှိစေရေးကြိုတင်ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ UEC က ဆိုပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲများ ကျင်းပရာမှာ ရွေးကောက်ပွဲတစ်ကြိမ်နဲ့ တစ်ကြိမ် သန်းပေါင်းများစွာ ဆန္ဒမဲလက်မှတ်များ ရိုက်နှိပ်ရခြင်းအတွက် ကုန်ကျစရိတ်မြင့်မားတဲ့အပြင် ဆန္ဒမဲလက်မှတ်များ ဖောင်းပွမှုရှိခြင်း၊ မဲရုံးပေါင်း လေးသောင်းကျော်အတွက် လွှတ်တော်သုံးရပ်နဲ့ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များအတွက် တိုင်းရင်းသားလူမျိုးအလိုက် မဲပုံးများနဲ့ ဆန္ဒပြုတံဆိပ်တုံးများ၊ ဆာလာအိတ်များ အစရှိတဲ့ မဲရုံသုံးပစ္စည်းများ ဝယ်ယူရခြင်းက နိုင်ငံတော်အတွက် ကုန်ကျစရိတ် ကြီးမြင့်တာကြောင့် မြန်မာအီလက် ထရွန်နစ်မဲပေးစက်နဲ့ ဆောင်ရွက် မယ်ဆိုပါက ကနဦးတီထွင်တည်ဆောက်ထုတ်လုပ်တဲ့ ကုန်ကျစရိတ်သာရှိမှာဖြစ်ပြီး နောင်ရွေးကောက်ပွဲများကိုပါ ဆက်လက်အသုံးပြုသွားနိုင်မှာဖြစ်တယ်လို့ UEC က ဆိုပါတယ်။

သမားရိုးကျ ရွေးကောက်ပွဲတွေမှာ ဆန္ဒမဲပေးခြင်းပြီးဆုံးပါက ဆန္ဒမဲရလဒ်ရေတွက်ခြင်းကို မဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်တွေက အချိန်တစ်ခုယူပြီး ရေတွက်ရကြောင်း၊ မြန်မာအီလက်ထရွန်နစ် မဲပေးစက်နဲ့ ဆောင်ရွက်ပါက ဆန္ဒမဲပေးခြင်းပြီး ဆုံးတာနဲ့ ဆန္ဒမဲရလဒ်များကို ထုတ်ယူရရှိနိုင်မှာဖြစ်ကြောင်း၊ မဲဆန္ဒရှင်များအနေနဲ့လည်း ခလုတ်တစ်ခု နှိပ်ရုံနဲ့ လွယ်လင့်တကူ ဆန္ဒပြုနိုင်မှာဖြစ်သလို မိမိရွေးချယ်တဲ့အတိုင်း မှန်ကန်မှု ရှိ မရှိကိုလည်း စိစစ်ကြည့်ရှုနိုင်မှာဖြစ်ကြောင်း UEC က ရှင်းပြပါတယ်။

မြန်မာအီလက်ထရွန်နစ်မဲပေးစက်ဟာ အင်တာနက် ဒါမှမဟုတ် ကွန်ရက်တစ်ခုခုနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ တည်ဆောက်ထားတာမရှိတဲ့အတွက် ကွန်ပျူတာနည်းပညာအသုံးပြုပြီး ပြင်ပကနေ ဆန္ဒမဲရလဒ်များအပေါ် မသမာမှုပြုနိုင်မှာမဟုတ်ကြောင်း၊ မြန်မာအီလက်ထရွန်နစ် မဲပေးစက် အသုံးပြုပြီး မဲပေးပါက မှန်ကန်တိကျတဲ့ရလဒ်များ ရရှိမှာဖြစ်ပြီး အဲဒီစနစ်ဟာ လျှပ်စစ်မီးအပေါ် မှီခိုမှုမရှိတာကြောင့် နေရာဒေသမရွေး အသုံးပြုနိုင်ဖို့ စီစဉ်ဆောင်ရွက်နိုင်တယ်လို့ UEC က ဆိုပါတယ်။

လက်ရှိမှာတော့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို UEC က လုပ်ဆောင်နေတဲ့အပြင် လာမယ့်ရွေးကောက်ပွဲတွေမှာ မဲပေးဖို့အတွက် မြန်မာအီလက်ထရွန်နစ်မဲပေးစက်ကိုပါ တီထွင်တည်ဆောက်နေတာကြောင့် နစကဘက်က ရွေးကောက်ပွဲပြန်လည်ကျင်းပတဲ့အခါ အီလက်ထရွန်နစ် မဲပေးစနစ်က အဆင်ပြေမှု ရှိ မရှိကို ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။