ဂလိုဘယ်လိုက်ဇေးရှင်း၏ အနီးဆုံးအနာဂတ်

ဂလိုဘယ်လိုက်ဇေးရှင်း၏ အနီးဆုံးအနာဂတ်
Published 19 February 2023
ကြယ်စင်ဖေသင် 

''နိဒါန်း''  

ကမ္ဘာနှင့်အဝန်း လူများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၊ အရင်းအနှီးများ၊ အိုင်ဒီယာ အယူအဆများ လွတ်လပ်စွာစီးဆင်းနေမှုသည် ကမ္ဘာနိုင်ငံများကြားတွင် အကောင်းအဆိုးရလဒ်များစွာဖြစ်စေသည်ဟု ခန့်မှန်းချက်များ၊ တွေ့ရှိချက်များရှိနေပြီဖြစ်၏။ ထို့အတူ နိုင်ငံများအားလုံး စီးပွားရေးရာ၊ ကုန်သွယ်ရေးရာကိစ္စများ၌ ပေါင်းစည်းမှုအခြေအနေဆီသို့ ဦးတည်နေကြောင်းကိုလည်း လက်တွေ့ကျကျ တွေ့မြင်နေကြသည်။ ထိုအခြေအနေကိုပင် ဂလိုဘယ်လိုက်ဇေးရှင်း (globalization) သို့မဟုတ် နိုင်ငံများအားလုံး အပြန်အလှန်ဆက်စပ်ပတ်သက်နေသည့် ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲဖြစ်ပေါ်နေမှုဟု သဘောပေါက်ကြ၏။        ယခုအချိန်တွင် ဂလိုဘယ်လိုက်ဇေးရှင်းသည် အားလုံး၏နှုတ်ဖျားတွင် အကောင်းမြင်စိတ်ဖြင့် ရေပန်းမစားတော့။ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း နိုင်ငံများအကြား၌ အခြေအနေအရပ်ရပ် လွတ်လပ်စွာပြောင်းရွှေ့စီးဆင်းမှုနှေးကွေးလာကာ ဂလိုဘယ်လိုက်ဇေးရှင်းဒီရေမြင့်တက်မှုသည်လည်း အရှိန်လျော့ကျဆင်းသွားသည်။ ဂလိုက်ဘယ်လိုက်ဇေးရှင်းအပေါ် ချီးမွမ်းထောမနာတို့သည်အရောင်မှေးမှိန်လာနေကြပြြီဖစ်၏။

''ကုန်သွယ်ရေး ပွင့်လင်းမှု''

ကမ္ဘာလုံးဆိုင်ရာ ဆက်နွှယ်လုပ်ဆောင်မှုများ၊ စီးပွားရေးပေါင်းစည်းမှုများသည် ကမ္ဘာ့လူသားသန်းပေါင်းများစွာ၏ နေ့စဉ်ဘဝများနှင့် နေထိုင်မှုများကို မြင့်တင်ပေးနိုင်သည်မှာ ဖြတ်သန်းခဲ့သော အတွေ့အကြုံများက သက်သေပင်။ လက်ရှိအခြေအနေတွင် ဂလိုဘယ်လိုက်ဇေးရှင်းကို ခြိမ်းခြောက်နိုင်သည့် ပထဝီစီးပွားရေး ပဋိပက္ခများ၊ နိုင်ငံအုပ်စု အကွဲအပြဲများကလည်း ဆက်တိုက်ဖြစ်ပေါ်နေသည်။  မူဝါဒချမှတ်သူများက ထိုအခြေအနေများနှင့် အကျိုးဆက် အလာအလာများကို အာရုံစိုက်လေ့လာ၍ နားလည်သဘောပေါက်ရန်အားထုတ်လျက်ရှိသည်။ ထို့ကြောင့် လတ်တလော အားလုံးစိတ်ဝင်စားနေသည့် အကြောင်းများထဲတွင် ဂလိုဘယ်လိုက်ဇေးရှင်း ပါဝင်သည်။  

ရာစုနှစ်တစ်ခုကျော်ကြာ အချက်အလက်များကို ပြန်လည်လေ့လာကြည့်လျှင် ဂလိုဘယ်လိုက်ဇေးရှင်းအခြေအနေကို ရှင်းရှင်းလင်းလင်းရှုမြင်ကြရမည်ဖြစ်ပြီး ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကို ပေါ်လွင်စေသည့်လက္ခဏာများကိုလည်း တွေ့ကြရလိမ့်မည်။ အထူးသဖြင့် ဂလိုဘယ်လိုက်ဇေးရှင်း၏ အဓိကဖြစ်စဉ်တွင်ပါဝင်သည့် ကုန်သွယ်ရေးပွင့်လင်းမှု (trade openness) ဖြစ်သည်။    

 ကုန်သွယ်ရေးပွင့်လင်းမှုသည် ကမ္ဘာ့ကုန်သွယ်ရေးစနစ်တွင် နိုင်ငံတစ်ခုပါဝင်နေသည့် အခြေအနေကို ဖော်ပြသည်။ စုစုပေါင်းကုန်သွယ်မှုနှင့် ဂျီဒီပီအချိုး  (X+M/GDP* 100 ) ဖြစ်သည်။ တစ်နည်းဆိုသော် နိုင်ငံ၏ကုန်သွယ်မှု (ပို့ကုန်+သွင်းကုန်) ၏ နိုင်ငံ့ဂျီဒီပီ (ပြည်တွင်း ထုတ်လုပ်မှု) တွင် ပါဝင်သည့် ပမာဏ (ရာခိုင်နှုန်း) ဟုလည်း နားလည်ကြသည်။ ဂလိုဘယ်လိုက်ဇေးရှင်း အားကောင်းမှုကို ပေါ်လွင်စေသည့် ကမ္ဘာ့ကုန်သွယ်ရေးပွင့်လင်းမှုအတိုင်းအတာ၌ ကမ္ဘာလုံးဆိုင်ရာဂျီဒီပီတွင် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ပမာဏ ပါဝင်မှု အားကောင်းနေသည်ကို တွေ့ခဲ့ကြသည်ဟု ဆိုသည်။ 

   

''စလိုဘယ်လိုက်ဇေးရှင်းလေလော''

၂ဝဝဝပြည့်နှစ် မတိုင်ခင် ဆယ်စုနှစ်တစ်ခုကျော်ကာလများတွင် ဂလိုဘယ်လိုက်ဇေးရှင်းသည် အားကောင်း၍ အရှိန်မြင့်တက်ခဲ့သည်။ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းနောက်ပိုင်း၌ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်အရှိန်သည် ကျဆင်းလာခဲ့သည်။ ထိုအခြေအနေကို ကုန်သွယ်ရေး ပွင့်လင်းမှုအခြေအနေကိုပြသောပုံက သက်သေပြနေသ။ ထိုကာလများအလွန်တွင် ဂလိုဘယ်လိုက်ဇေးရှင်းသည် သိသိသာသာအရှိန်လျော့နှေးကွေးလာခဲ့ရာ စလိုဘယ်လ်လိုက်ဇေးရှင်း 

(slowbalization) ဟုပင်အမည်ပေးလာသည့် အခြေအနေအထိဖြစ်လာခဲ့၏။     



''ဖြတ်သန်းခဲ့သော ဂလိုဘယ်လိုက်ဇေးရှင်းကာလများ''

ပုံထဲတွင်ဂလိုဘယ်လိုက်ဇေးရှင်းအခြေအနေကို အချိန်ကာလငါးခုဖြင့် ခွဲခြားသရုပ်ဖော်ထားသည်။ မကြာသေးခင်က ထုတ်ဝေသည့် အိုင်အမ်အက်ဖ်(IMF) ဝန်ထမ်းများ၏ ပေါ်လစီဆိုင်ရာ အစီရင်ခံစာတစ်ခုတွင် ထိုအချိန်ကာလများအတွင်းက ဖြစ်ပေါ်ခဲ့သည့် ဒေသအလိုက် ကုန်သွယ်ရေးများ ကွဲပြားဖြစ်ပေါ်လာမှု၊ နည်းပညာပိုင်းဆိုင်ရာနှင့် ပတ်သက်၍ ယခင်က တွဲဖက်လုပ်ကိုင်နေသည့် နိုင်ငံများအကြား အဆက်အစပ်များ ပြုတ်ထွက်သွားမှုတို့ကို ဆွေးနွေးထားသည်။ ထို့ပြင် ထိုကာလများအတွင်း၌ စက်မှုထွန်းကားမှု၊ ကိုယ်ကျိုးစီးပွားကာကွယ်မှုများ၊ ငွေကြေးနှင့် ဘဏ္ဍာရေး စွမ်းရည်အပြောင်းအလဲ၊ ကုန်သွယ်ရေးလွတ်လပ်မှု စသဖြင့် ကွဲပြားခြားနားသောအခြေအနေများ ဖြစ်ပေါ်ခဲ့သည်ကိုလည်း ဖော်ပြထားသည်ကို တွေ့ရသည်။     

''စက်မှုထွန်းကားလာသောကာလ''  

ထိုအချိန်ကာလက ကမ္ဘာ့ကုန်သွယ်ရေးကို လွှမ်းမိုးကြီးစိုးနေသည်မှာ အာဂျင်တီးနား၊ ဩစတြေးလျ၊ ကနေဒါ၊ ဥရောပဒေသနှင့် အမေရိကန်နိုင်ငံတို့ဖြစ်ပြီး ရွှေစံချိန်စနစ်ကလည်း ကမ္ဘာ့ကုန်သွယ်ရေးကို တွန်းအားပေးခဲ့သည်ဟု တွေ့ရသည်။ သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖြစ်ပေါ်တိုးတက်မှုများသည်လည်း ကုန်သွယ်ရေးကဏ္ဍတွင် ကုန်ကျစရိတ်များကို ကျဆင်းစေခဲ့ပြီး ကုန်သွယ်မှုပမာဏကို မြှင့်တင်ပေးနိုင်ခဲ့သည်။

 (ပုံတွင် industrialization ဟု ဖော်ပြထားသည်)။

''ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ပွဲ ကြားကာလ''  

ကမ္ဘာစစ်နှစ်ခုကြားကာလ (ပထမကမ္ဘာစစ်ကြီးပြီးချိန်မှ ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီအချိန်အထိ) အတွင်း နိုင်ငံတကာပဋိပက္ခများဖြစ်ပေါ်လာခဲ့ပြီး ကိုယ်ကျိုးစီးပွားကာကွယ်သည့် အယူဝါဒ (protectionism) ကို ကိုင်စွဲမှုများလာသောကြောင့် ဂလိုဘယ်လိုက်ဇေးရှင်းအရှိန်သည် ရုတ်ခြည်း သိသိသာသာပြောင်းပြန်အခြေအနေဖြစ်သွားခဲ့သည်။ နိုင်ငံပေါင်းချုပ်အသင်းကြီး (League of Nations) က နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများဖြစ်စေရန်ကို တွန်းအားပေး 

လုပ်ဆောင်နေသော်လည်း ကုန်သွယ်မှုအတားအဆီးများနှင့် ရွှေစံချိန်စနစ်အခက်အခဲများကြောင့် နိုင်ငံများ၏ အုပ်စုဖွဲ့ငွေကြေးစနစ်သုံးစွဲနိုင်ရေးအားထုတ်မှုများရှိလာခဲ့သည်။ ကုန်သွယ်ရေးအခြေအနေသည်လည်း ကမ္ဘာလုံး ဆိုင်ရာအခြေအနေထက် ဒေသတွင်းအခြေအနေဆီသို့သာ ပိုမိုဦးတည်လာခဲ့သည်။

 (ပုံတွင် War, Protectionism ဟုဖော်ပြထားသည်)။

 

''ဘရက်တန်ဝုဒ်စနစ် ကျင့်သုံးသောကာလ''

ဘရက်တန်ဝုဒ်စနစ် (The Bretton Woods System) ကျင့်သုံးသောကာလတွင် အမေရိကန်ပြည်ထောင်စုသည် ဒေါ်လာငွေကြေးပါဝါအားကောင်းလာမှုနှင့်အတူ စီးပွားရေးအင်အားကြီး နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ဒေါ်လာငွေကြေးကို ရွှေတန်ဖိုးနှင့် ချိန်ဆက်ထားပြီး အခြားငွေကြေးလဲလှယ်နှုန်းများကိုလည်းဒေါ်လာငွေကြေးနှင့် ချိတ်ဆက်ထားသည်။ စစ်ပြီးကာလပြန်လည်နာလန်ထူလာခြင်းနှင့် လွတ်လပ်စွာ ကုန်သွယ်မှုကို ဦးစားပေးလာခြင်းကြောင့် ဥရောပ၊ ဂျပန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကုန်သွယ်မှုအခြေအနေ လျင်မြန်စွာကျယ်ပြန်လာခဲ့သည်။ နိုင်ငံများစွာတွင် ငွေကြေးအရင်းအနှီး ထိန်းချုပ်မှုများကို  ဖြေလျှော့ပေးခဲ့ကြသည်။ 

     အမေရိကန်နိုင်ငံတွင် လူမှုရေးနှင့် စစ်ရေးအသုံးစရိတ်တိုးချဲ့သုံးစွဲလျက် အချဲ့ဘဏ္ဍာရေး ပေါ်လစီနှင့် အချဲ့ငွေကြေးပေါ်လစီ (expansionary US fiscal and monetary policy) တို့ကို ကျင့်သုံးမှုကြောင့် အစိုးရ၏ ရေရှည်ရပ်တည်နိုင်မှုအတွက် အခက်အခဲများဖြစ်ခဲ့သည်။ ၁၉၇၀ ပြည့်လွန်နှစ်များ အစောပိုင်း ကာလမှာပင်  အမေရိကန်အစိုးရသည် ဒေါ်လာနှင့် ရွှေလဲလှယ်သုံးစွဲနိုင်သည့်စနစ်ကို အဆုံးသတ်ခဲ့ပြီး  နိုင်ငံအများအပြားတွင် အရှင်မျှောငွေလဲနှုန်း (floating exchange rates) စနစ်များကို ပြောင်းလဲကျင့်သုံးခဲ့သည်ကို တွေ့ခဲ့ရသည်။  (ပုံတွင် Fixed Exchange Rates ဟုဖော်ပြထားသည်)

''လွတ်လပ်မှု အလေးထားလာသောကာလ''

ထိုကာလတွင်  တရုတ်နိုင်ငံနှင့် အခြားသော ထွန်းသစ်စဈေးကွက်စီးပွားရေး အဆောက်အအုံများသည် ကုန်သွယ်ရေးအတားအဆီးများ ဖြည်းဖြည်းချင်းဖယ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။ ယခင် ဆိုဗီယက်ပြည်ထောင်စုတွင်ပါဝင်ခဲ့သည့် နိုင်ငံများအပါအဝင် နိုင်ငံများစွာတို့သည် ယခင်ကာလများတွင် မရှိခဲ့ဖူးသော  စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပြုလုပ်လာခဲ့ကြသည်။ လွတ်လပ်သော ကုန်သွယ်ရေးကို အလေးပေးလာသောကြောင့် နိုင်ငံအများစု၌  ကုန်သွယ်မှုပမာဏ မြင့်တက်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် တည်ထောင်ခဲ့သော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့( WTO) သည် ကုန်သွယ်မှုသဘောတူညီချက်များ၊ စေ့စပ်ညှိနှိုင်းမှုများနှင့် အငြင်းပွားမှုဖြေရှင်းရေးတို့၌ ဘက်ပေါင်းစုံကြီးကြပ်သူဖြစ်လာခဲ့သည်။ ကမ္ဘာ့ဘဏ္ဍာရေးစနစ်တွင် အရင်းအနှီး အပြန်အလှန်ဆက်နွှယ်မှုများနှင့်အတူ ရှုပ်ထွေးမှုများ တိုးလာလျက် နယ်စပ်ဖြတ်ကျော်အရင်းအနှီး စီးဆင်းမှုများလည်း တစ်ဟုန်ထိုးမြင့်တက်လာခဲ့သည်။  

(ပုံတွင် Liberalization ဟု ဖော်ပြထားသည်)။



''ဂလိုဘယ်လိုက်ဇေးရှင်း နှေးကွေးလာသည့်ကာလ''

ထိုကာလများအတွင်း ကုန်သွယ်ရေး ပြုပြင်ပြောင်းလဲမှုခြေလှမ်းများ နှေးကွေးလာခြင်း၊ ပထဝီနိုင်ငံရေး တင်းမာမှုများ မြင့်တက်လာခြင်းနှင့် ပွင့်လင်းသော ကုန်သွယ်မှုကို အထောက်အကူဖြစ်စေသည့် နိုင်ငံရေးပတ်ဝန်းကျင်အားနည်းလာခြင်းတို့ကြောင့် ဂလိုဘယ်ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်ခဲ့သည် ဟု သုံးသပ်ခဲ့ကြသည်။ ထိုအကျပ်အတည်းဖြစ်ခဲ့ပြီးနောက်တွင် နိုင်ငံများအကြား အခြေအနေအရပ်ရပ်၌ အပြန်အလှန် ပတ်သက်ဆက်နွှယ်မှုများ၊ စီးဆင်းမှုများ 

နှေးကွေးသွားခဲ့သည်။

 (ပုံ၏ နောက်ဆုံးအစိတ်အပိုင်း) 

''နိဂုံး''

ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်သည် အံ့မခန်းတိုးတက်လာသော အိုင်တီနည်းပညာ၊ ပြောင်းလဲလာသော ကမ္ဘာအခင်းအကျင်းများနှင့်အတူ ဆက်လက်ဖြစ်ပေါ်နေပေလိမ့်မည်။ သို့သော် ယခင်များကကဲ့သို့  အရှိန်အဟုန်ကောင်းကောင်းဖြင့် မဖြစ်နိုင်။ ကိုဗစ်အလွန်ကာလ မြင့်တက်လာသည့် မသေချာ မရေရာမှု၊ နယ်ပယ်စုံတွင်ပိုမိုဖြစ်ပေါ်လာနေသော အယူအဆမတူညီမှုများ၊ ပဋိပက္ခများ၊ လက်ယပ်ခေါ်သကဲ့သို့ ဖြစ်နေသောစစ်ပွဲများ ဖြစ်နိုင်ခြေနှင့်အတူ နိုင်ငံများကြား၌ စီးပွားရေး၊ ကုန်သွယ်ရေး ဆက်ဆံမှုများတွင်အုပ်စုဖွဲ့ကွဲပြားမှုများလည်း ပိုမိုရှိလာနိုင်သည်။ ဂလိုဘယ်လိုက်ဇေးရှင်းသည်လည်း စလိုဘယ်လိုက်ဇေးရှင်း (Slowbalization) အဖြစ် နှေးနှေးကွေးကွေး ဆက်လက်ဖြစ်ပေါ်နေလိမ့်မည်ဟုမှန်းဆသုံးသပ်နေကြ၏။   

https://www.eurasiareview.com