၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွင်း ဘဏ္ဍာရေးလိုငွေ လျော့နည်းသွားခဲ့သော်လည်း ပြည်သူ့ကြွေးမြီမှာ GDP ၏ ရာခိုင်နှုန်း ၆၀ အထက် မြင့်တက်သွားမည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာမှုအစီရင်ခံစာတွင် ခန့်မှန်းထားသည်။
အခွန်ကောက်ခံနိုင်မှု တိုးတက်လာခြင်းနှင့် အသုံးစရိတ်လျော့နည်းခြင်းတို့ကြောင့် ဘဏ္ဍာလိုငွေသည် ၂၀၂၁ ဘဏ္ဍာနှစ်တွင် GDP ၏ ၉ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၄ ဒသမ ၇ ရာခိုင်နှုန်းသို့ ကျဆင်းလာမည်ဟု ခန့်မှန်းထားသည်။
ယင်းမှာ အရေးကြီးသည့် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများအား ထိခိုက်စေကြောင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ပညာရေးနှစ်ခုပေါင်းအသုံးစရိတ်များမှာ ၂၀၂၁ ဘဏ္ဍာနှစ်တွင် စုစုပေါင်းအသုံးစရိတ်၏ ၁၀ ဒသမ ၇ ရာခိုင် နှုန်းကျော်နှင့် ၂၀၂၀ ပြည့်နှစ်တွင် ၁၂ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၁ ခု နှစ် အောက်တိုဘာနှင့် ၂၀၂၂ ခုနှစ် မတ်လအကြားတွင် ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားသည်။
တစ်ချိန်တည်းတွင်ပင် ဘဏ္ဍာလိုငွေများပြားလာခြင်း၊ ၂၀၂၁ ဘဏ္ဍာနှစ်တွင် စီးပွားရေးသိသိသာသာ ကျုံ့သွားခြင်း၊ နိုင်ငံခြားငွေလဲနှုန်း မတည်ငြိမ်ခြင်းတို့ကို ဆက်တိုက်တွေ့ကြုံခဲ့ရသဖြင့် ၂၀၁၉ ဘဏ္ဍာနှစ်မှ စတင်၍ ပြည်သူ့ကြွေးမြီသည် GDP ၏ ရာခိုင်နှုန်း ၂၀ ကျော်အထိ မြင့်တက်သွားမည်ဟုခန့်မှန်းရသည်။ ငွေစုစာချုပ်နှင့် ငွေတိုက်စာချုပ်များ ထုတ်ရောင်းခြင်းမပြုတော့ဘဲ ဗဟိုဘဏ်မှ ငွေကြေးအထောက်အပံ့ တိုးမြင့်ရယူလာခဲ့သည်။ ထုတ်ပြန်ချက်များအရ ၂၀၂၃ ခုနှစ် မတ်လအထိ ၁၂ လတာကာလ မျှော်မှန်းချက်အရ ပြည်သူ့ဘဏ္ဍာငွေ လိုအပ်ချက် ၆၅ ရာခိုင်နှုန်းအထိ ဗဟိုဘဏ်မှထောက်ပံ့ပေးမည်ဖြစ်ပြီး ကျန်ငွေများအား ငွေတိုက်စာချုပ်များ ထုတ်ရောင်းခြင်း (၁၆ ရာခိုင်နှုန်း)နှင့် ပြင်ပကြွေးမြီ (၁၉ ရာခိုင်နှုန်း) တို့ဖြင့် ဖြည့်ဆည်းမည်ဖြစ်ကြောင်း၊ ယင်းသည် အစိုးရ၏စုစုပေါင်းဘဏ္ဍာလိုငွေများအား ဗဟိုဘဏ်မှ ထောက်ပံ့ပေးမှုလျှော့ချရန် ကြိုးပမ်းခဲ့မှုများကို ပြောင်းပြန်လှန်လိုက်ခြင်းဖြစ်သကဲ့သို့ ငွေကြေးဖောင်းပွမှုတိုးမြင့်လာခြင်းနှင့် နိုင်ငံခြားငွေလဲလှယ်မှု ဖိအားများဖြစ်စေလိမ့်မည်ဖြစ်ကြောင်းလည်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။