ရွှေတိဂုံစေတီတော်တောင်ဘက်ကားကွင်းတွင် အမျိုးသမီးအရုပ်နှစ်ရုပ်အား သိဒ္ဓိတင်မှု ပြုလုပ်ခဲ့သည်အဖွဲ့အား သာသနာတော်ညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုမည်ဖြစ်ပြီး ဂေါပကအဖွဲ့သို့ တင်ပြခြင်းမရှိဘဲ ခွင့်ပြုပေးသည့် ဝန်ထမ်းအား ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်း၍ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အောက်တိုဘာ ၂၃ ရက်ညပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် ရွှေတိဂုံစေတီတော်ဝတ္တုကံနယ်မြေအတွင်း အမျိုးသမီးအရုပ် နှစ်ခုကို သိဒ္ဓိတင်နေသည့် ဗီဒီယိုကလစ်ဖိုင်များ အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်မီဒီယာ(Facebook)တွင် ထုတ်လွှင့်မှုများထွက်ပေါ် လာခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ပြန်လည်စိစစ်ခဲ့ကြောင်း ပါရှိသည်။
ထိုသို့စိစစ်ချက်အရ လူမှုကွန်ရက်ပေါ်မှ ဗီဒီယိုကလစ်ဖိုင်များကို “လောကဝိဇ္ဇာဓိုရ် မိန်းမလှ ဒေဝီအထက် ဂိုဏ်းချုပ်ကြီး” page တွင် စတင်ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း page account မှာ အမျိုးသမီး အရုပ် နှစ်ရုပ်ကို သိဒ္ဓိတင်မှုပြုလုပ်သည့် ဦးရှိုင်းဇာနည်အောင်၏ page account ဖြစ်ကြောင်း သိရှိရသည်ဟု ဖော်ပြပါရှိသည်။
ဆက်လက်ပြီး အောက်တိုဘာ ၂၂ ရက် နံနက် ၇ အချိန်ခန့်တွင် ဦးရှိုင်းဇာနည်အောင်အပါအဝင် လူရှစ်ဦးခန့်သည် 6M/ 6648(Alphard) အမည်းရောင်ကားဖြင့် ရွှေတိဂုံစေတီတော်တောင်ဘက်ကားဝင်းသို့ အရုပ်ကြီး နှစ်ခု၊ စဥ့်သူရဿတီမယ်တော်ရုပ်တုငယ် (၇″ ခန့်အမြင့်)အပါအဝင်တို့ဖြင့် ရောက်ရှိလာခဲ့ကြောင်း၊ လုံခြုံရေးတာဝန်ရှိသူများက အရုပ်ကြီး နှစ်ခုကို ရွှေတိဂုံစေတီတော်ရင်ပြင်တော်သို့ တင်ခွင့်မပြုသောကြောင့် တောင်ဘက်ကားကွင်းတွင် ထားရှိခဲ့ပြီး ဦးရှိုင်းဇာနည်အောင်နှင့်အဖွဲ့သည် ရင်ပြင်တော်ပေါ်သို့ တောင်ဘက်ဓာတ်လှေကားဖြင့် တက်ရောက်ခဲ့ကြောင်း၊ ၎င်းတို့အဖွဲ့သည် စဥ့်သူရဿတီမယ်တော်ရုပ်တုကို သယ်ဆောင်၍ ရွှေတိဂုံစေတီတော်ကို လက်ယာရစ်ပတ်ပြီး စနေထောင့်ရှိ သူရဿတီရုပ်ရှေ့တွင် စဥ့်သူရဿတီရုပ်တုနှင့် ကန်တော့ပွဲများချ၍ သိဒ္ဓိတင်မှုပြုလုပ်ခဲ့ပြီး တောင်ဘက်စောင်းတန်းမှ ပြန်လည်ဆင်းသွားခဲ့ကြကြောင်း၊ ၎င်းနောက် တောင်ဘက်ကားကွင်းရှိ ကျောက်စာတိုင်အနီးတွင် အရုပ်ကြီး နှစ်ခုကို သိဒ္ဓိတင်မှုပြုလုပ်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကဲ့သို့ ပြုလုပ်နေစဉ် ရွှေတိဂုံစေတီတော်လုံခြုံရေးအဖွဲ့က ခေါ်ယူမေးမြန်းပြီး ဖယ်ရှား ရှင်းလင်းမှုပြုလုပ်ခဲ့ရကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ အမျိုးသမီး အရုပ် နှစ်ခုကို သိဒ္ဓိတင်မှုပြုလုပ်သည့် ဦးရှိုင်းဇာနည်အောင်နှင့်အဖွဲ့ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သာသနာတော်ညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုအရေးယူသွားမည်ဖြစ်ပါကြောင်းနှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကို တင်ပြခြင်းမရှိဘဲ မိမိသဘောဖြင့် ခွင့်ပြုပေးခဲ့သော တာဝန်ရှိသူ ဝန်ထမ်းကိုလည်း ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်း၍ ပြင်းထန်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။















