လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်သည် မန်စီးတီးနှင့်ပွဲမှ ၎င်း၏အပြုအမူအတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)၏ စွဲချက်တင်ခြင်းကို ခံခဲ့ရပြီးနောက် ယင်းအတွက် စည်းကြပ်ဒိုင် ဘက်စ်ဝစ်ကို တောင်းပန်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အောက်တိုဘာ (၁၆) ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ် (၁-၀) မန်စီးတီးပွဲတွင် လီဗာပူးလ်နည်းပြ ကလော့ပ်သည် ဆာလာအား ဘာနာဒိုဆေးလ်ဗား ကြမ်းတမ်းစွာကစားခြင်းအပေါ် အလံထောင်ခြင်းမရှိသည့်အတွက် ဒေါသတကြီးအော်ဟစ်ပြော ဆိုခဲ့ခြင်းဖြစ်သည်။
ယင်းအပြုအမူအတွက် ကလော့ပ်ကို အဆိုပါပွဲတွင် ကွင်းလယ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့သည့် အန်သိုနီတေလာက တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့ပြီး ယခုအခါ FA က ၎င်းတို့ ချမှတ်ထားသည့် စည်းမျဉ်းကို ချိုးဖျက်သည်ဟုဆိုကာ စွဲချက်တင်ထားခြင်းဖြစ်သည်။
အဆိုပါစွဲချက်ကို ကလော့ပ်အနေဖြင့် သောကြာနေ့အထိ ပြန်လည် တုံ့ပြန်ခွင့်ရှိကြောင်း သိရှိရသည်။
သို့သော် ကလော့ပ်က စည်းကြပ်ဒိုင်အား အော်ဟစ်ခဲ့ခြင်းမှာ မိမိ၏အမှားဖြစ်ပြီး အနာဂတ်တွင် ယင်းသို့ထပ်မဖြစ်အောင် ဆင်ခြင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကလော့ပ်က ''ကျွန်တော့် အမှားပါ။ အဲဒီအတွက် ဆင်ခြေမရှိသလို၊ ဆင်ခြေတွေလည်း ကျွန်တော် မပေးချင်ပါဘူး။ အဲဒီလိုမျိုးဖြစ်ပျက်ခဲ့ပြီး ဒါကို လူတိုင်းလည်း မြင်တွေ့ခဲ့ကြပါတယ်။ ပြီးတော့ ဒိုင်လူကြီးက ကျွန်တော့်ကို အနီကတ်ပြတယ်။ အဲဒီအတွက် အဆင်ပြေပါတယ်။ ကျွန်တော်တို့အလုပ်က လူတွေ စောင့်ကြည့်ခံရတဲ့အလုပ်ဖြစ်ပြီး ဒိုင်လူကြီး လုပ်ရတာ အရမ်းခက်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က လူတွေထဲက လူတွေသာဖြစ်ပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့၊ ခက်ခဲတဲ့အခြေအနေမျိုးမှာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ဖို့ ခက်ပါတယ်''ဟု ပြောကြားခဲ့သည်။
မန်စီးတီးနှင့်ပွဲတွင် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရခြင်းမှာ ကလော့ပ်အတွက် လီဗာပူးလ်နည်းပြဘဝတွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
မန်စီးတီးနှင့်ပွဲမှ အပြုအမူအတွက် ကလော့ပ်ကို ကြီးလေးသည့်ပွဲပယ်ပြစ်ဒဏ်ချမှတ်ရန် တောင်းဆိုမှုများရှိနေကြောင်းလည်း သိရသည်။















