မုဒိမ်းမှုကျူးလွန်ရန် ကြံစည်အားထုတ် မှုဖြင့် ပြန်လည်ဖမ်းဆီးထိန်းသိမ်းခံရသည့် မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ်အား ချုပ်ရက်ရမန်ယူခဲ့ပြီး လာမည့် နိုဝင်ဘာ ၂၁ ရက်တွင် Manchester Crown တရားရုံး၌ စစ်ဆေးကြားနာမည်ဖြစ်ကြောင်း သိရသည်။
အသက် ၂၁ နှစ်အရွယ်ရှိ ဂရင်းဝုဒ်သည် ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်းက မုဒိမ်းမှုကျူးလွန်ရန် ကြံစည်အားထုတ်မှုဖြင့် ဖမ်းဆီးခံထားရခြင်းဖြစ်သည်။ ထို့ပြင် ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ အတင်းအကျပ်စေခိုင်းမှုများဖြင့်လည်း စွဲချက်တင်ခံထားရကြောင်း သိရသည်။
မစ္စတာ ဂရင်းဝုဒ်အား ပြီးခဲ့သည့်ဇန်နဝါရီလက အာမခံပေးခဲ့သော်လည်း စည်းမျဉ်းချိုးဖောက်မှုကြောင့် အောက်တိုဘာ ၁၅ ရက်တွင် ပြန်လည်ဖမ်းဆီးခဲ့ပြီး ရမန်ယူခဲ့ခြင်းဖြစ်သည်။ ဂရင်းဝုဒ်သည် အာမခံဖြင့် နေထိုင်စဉ်အတွင်း တရားလိုအမျိုးသမီး ဖြစ်သူအား ခြိမ်းခြောက်ခြင်း၊ ရိုင်းစိုင်းသည့် မှတ်ချက်စကားများ ပြောဆိုခြင်းအပြင် အဆို ပါအမျိုးသမီး၏ လူမှုကွန်ရက်စာမျက်နှာများ ကို စောင့်ကြည့်ခြင်း၊ ဝင်ရှာခြင်းများ ပြုလုပ်ခဲ့သဖြင့် အာမခံရုပ်သိမ်းခံရခြင်းလည်းဖြစ်သည်။
ဂရင်းဝုဒ်အား စွဲချက်တင်ထားသည့် အမှုများကို အောက်တိုဘာ ၁၇ ရက်က စစ်ဆေးကြားနာခဲ့ပြီး ဂရင်းဝုဒ်သည် မီးခိုးရောင် Nike ဂျာကင်နှင့် အားကစားဘောင်းဘီကို ဝတ်ဆင်ကာ ရဲအရာရှိနှစ်ဦး ခြံရံပြီး လာရောက်ခဲ့သည်ဟု BBC သတင်းဌာနက ဖော် ပြခဲ့သည်။ ယင်းရုံးထုတ်မှုသို့ ဂရင်းဝုဒ်၏ မိသားစုဝင်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။















