နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများနှင့်ပတ်သက်၍ တင်းမာမှုများ တအုံနွေးနွေး ဖြစ်ပေါ်နေစဉ် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးလက်နက်အန္တရာယ်ကို တုံ့ပြန်နိုင်စွမ်းအား မြှင့်တင်ရန်ရည်ရွယ်သော Hoguk အမည်ဟု အမည်ပေးထားသည့် နှစ်စဉ်ပြုလုပ်မြဲ ကာကွယ်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုများကို တောင်ကိုရီးယားစစ်တပ်က အောက်တိုဘာ ၁၇ ရက်တွင် စတင်ခဲ့သည်။
အောက်တိုဘာ ၂၂ ရက်တွင် ပြီးဆုံးမည့်အဆိုပါစစ်ရေးလေ့ကျင့်မှုများသည် မကြာသေးမီ သီတင်းပတ်များအတွင်း တောင်ကိုရီးယားက ဆက်တိုက်ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုများထဲမှ လောလောလတ်လတ်စစ်ရေးလေ့ကျင့်မှု တစ်ခုလည်းဖြစ်သည်။ တောင်ကိုရီးယားသည် အမေရိကန်၊ ဂျပန်တို့နှင့်လည်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။
ယခုနှစ်ထဲတွင် မြောက်ကိုရီးယားက မကြုံဖူးသေးသည့် အတိုင်းအတာမျိုးဖြင့် လက်နက်စမ်းသပ်မှုများ လုပ်ဆောင်လျက်ရှိကာ အောက်တိုဘာ ၁၄ ရက်ကလည်း စစ်လက်နက်အင်အား အခိုင်အမာဖြန့်ကြက်ချထားသည့် ကိုရီးယားနှစ်နိုင်ငံနယ်စပ်အနီးတွင် တာတိုပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုနှင့် ရာနှင့်ချီသည့် အမြောက်ကျည်ပစ်ခတ်မှုများကို လုပ်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ စစ်မြေပြင် လေ့ကျင့်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။
တောင်ကိုရီးယား၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို မြောက်ကိုရီးယားက ဒေါသတကြီး တုံ့ပြန်ခဲ့ကာ ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် ရန်စခြင်းဖြစ်သည်ဟုလည်း ပြောကြားခဲ့ပြီး တန်ပြန်ရေးအစီအမံများကို ပြတ်ပြတ်သားသား လုပ်ဆောင်သွားမည်ဟု မြောက်ကိုရီးယားက အောက်တိုဘာ ၁၅ ရက်တွင် သတိပေးခဲ့သည်။ တောင်ကိုရီးယားကမူ ၎င်းတို့၏ စစ်ရေးလေ့ကျင့်ခန်းများသည် ပုံမှန်ပြုလုပ်နေကျဖြစ်ကြောင်းနှင့် ကာကွယ်ရေးအတွက်သာ ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။
အမေရိကန်တပ်ဖွဲ့ဝင်အချို့ ပါဝင်မည့် Hoguk စစ်ရေးလေ့ကျင့်မှုအတွင်း တောင်ကိုရီးယား စစ်တပ်အနေဖြင့် တပ်ဖွဲ့ဝင်များ၏ ပူးတွဲစစ်ဆင်ရေးများ စီမံဆောင်ရွက်နိုင်စွမ်းကို မြှင့်တင်ရန်နှင့် တိုက်ပွဲဝင်ရန် အသင့်ရှိနေမှုကို ထိန်းသိမ်းရန် ဦးတည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ဆိုသည်။
“တပ်ဖွဲ့ဝင်တွေဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်နဲ့ ဒုံးလက်နက်အပါအဝင် ခြိမ်းခြောက်မှုအမျိုးမျိုးကို တန်ပြန်တဲ့ လက်တွေ့စစ်ရေးလေ့ကျင့်မှုတွေကို နေ့ဘက်မှာရော ညဘက်မှာပါ ပြုလုပ်သွားမှာပါ။ အဲဒါမှသာ သူတို့အနေနဲ့ စစ်ပွဲကာလမှာရော ငြိမ်းချမ်းတဲ့ကာလမှာပါ မစ်ရှင်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ထမ်းဆောင်နိုင်ပြီး အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်နိုင်စွမ်းကိုလည်း မြှင့်တင်နိုင်မှာဖြစ်တယ်” ဟု တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားက နှစ်နိုင်ငံပင်လယ်ရေပြင်နယ်နိမိတ်အနီးတွင် ဒုံးကျည်ပစ်လွှတ်မှုနှင့် အမြောက်ကျည် ၅၀၀ ကျော် ပစ်ခတ်ခဲ့ပြီးနောက် တင်းမာမှုများ မြင့်တက်လာခဲ့ပြီး တောင်ကိုရီးယားက မြောက်ကိုရီးယားမှ လူပုဂ္ဂိုလ် ၁၅ ဦးနှင့် အဖွဲ့အစည်း ၁၆ ခုအား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ကာ လက်တုံ့ပြန်ခဲ့သည်။














