နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားသည် ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၄ ရက်က ဂျပန်နိုင်ငံကိုကျော်လွန်၍ ပဲ့ထိန်းဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့သည့်အတွက် ဂျပန်မြောက်ပိုင်းတွင် ရထားပြေးဆွဲမှုများကို ယာယီရပ်ဆိုင်းခဲ့ရပြီး ဒေသခံများကိုလည်း အကာအကွယ်ယူကြရန် အာဏာပိုင်များက သတိပေးခဲ့ရသည်ဟု သိရသည်။
အဆိုပါဒုံးကျည်သည် ပစိဖိတ်သမုဒ္ဒရာထဲသို့ မကျရောက်မီ ဂျပန်ပိုင်နက်အပေါ်မှ ဖြတ်ကျော်ပျံသန်းခဲ့ပုံရသည့်အတွက် ဂျပန်အစိုးရက ၎င်းတို့၏နိုင်ငံသားများကို အကာအကွယ်ယူရန် သတိပေးခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားက ထိုလမ်းကြောင်းအတိုင်း ဒုံးကျည်စမ်းသပ်မှု ပြုလုပ်ခဲ့ခြင်းသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကာ အကွာအဝေးကီလိုမီတာ ၄၆၀၀ အထိ ရောက်ရှိခဲ့သည့် အဆိုပါဒုံးကျည်သည် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများအနက် အကွာအဝေးအများဆုံး ရောက်ရှိခဲ့ဖွယ်ရှိကြောင်း ဂျပန်အစိုးရက ပြောကြားခဲ့သည်။ အများအားဖြင့် မြောက်ကိုရီးယားသည် အိမ်နီးချင်းနိုင်ငံများပေါ်မှ ကျော်ဖြတ်၍ ဒုံးကျည်ပျံသန်းမှုကို ရှောင်လွှဲရန်အတွက် အာကာသထဲသို့သာ ပစ်လွှတ်လေ့ရှိသည်။
အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့က စစ်အင်အားပြမှုများ လုပ်ဆောင်နေစဉ် မြောက်ကိုရီးယားက ၁၀ ရက်အတွင်း ငါးကြိမ်မြောက် ဒုံးကျည်စမ်းသပ်မှုကို ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်ထဲတွင် အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်မဟာမိတ်သုံးနိုင်ငံက အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စင်း အပါအဝင် ရေငုပ်သင်္ဘောချေမှုန်းရေးဆိုင်ရာ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။ အမေရိကန် လေယာဉ်တင်သင်္ဘောတစ်စင်း တောင်ကိုရီးယား၌ ဆိုက်ကပ်ရပ်နားထားသည်မှာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။
မြောက်ကိုရီးယား၏ မကြာသေးမီက ဒုံးကျည်စမ်းသပ်မှုများနှင့်ပတ်သက်၍ အမေရိကန်က အတော်အတန် နှုတ်ဆိတ်နေခဲ့သော်လည်း အာရှဒေသ၌ စစ်ရေးအင်အားပြမှုများကို တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ အမေရိကန်အနေဖြင့် ယူကရိန်းစစ်ပွဲနှင့် အခြားသောပြည်တွင်းနှင့် ပြည်ပအကျပ်အတည်းများအပေါ် အာရုံစိုက်နေရသည်။
မြောက်ကိုရီးယား၏ လတ်တလော ဒုံးကျည်စမ်းသပ်မှုနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်သည် ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် ဆွေးနွေးမှုများပြုလုပ်ကာ မြောက်ကိုရီးယား၏ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။ ထို့အပြင်ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များအပေါ် မြောက်ကိုရီးယားက လျစ်လျူရှုကာ ဒေသတွင်းတည်ငြိမ်မှုကို အကြီးအကျယ်ထိခိုက်စေသည့် နောက်ဆက်တွဲအကျိုးဆက်များကို ဖြစ်ပေါ်စေသည်ဟုဆိုကာ အဆိုပါသုံးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများက ရှုတ်ချခဲ့သည်။
မြောက်ကိုရီးက ဒုံးကျည်စမ်းသပ်မှုများ အကြိမ်ကြိမ်လုပ်ဆောင်နေချိန်တွင် မိမိတို့၏ကာကွယ်ရေးကို အင်အားဖြည့်တင်းလျက် တန်ပြန်တိုက်ခိုက်နိုင်စွမ်းအပါအဝင် ရွေးချယ်စရာနည်းလမ်းမှန်သမျှကို ပစ်ပယ်မည်မဟုတ်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီး ယာဆူကာဇုဟာမာဒါက ဆိုသည်။ တောင်ကိုရီးယားသည်လည်း ၎င်း၏စစ်အင်အားကို တိုးမြှင့်မည်ဟု ပြောကြားခဲ့သည်။














