ပါကစ္စတန်ဆေးရုံတွင် ရေမှတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်သောရောဂါများ ဖြစ်ပွားနေသည့် လူနာများဖြင့် ပြည့်နှက် 

ပါကစ္စတန်ဆေးရုံတွင် ရေမှတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်သောရောဂါများ ဖြစ်ပွားနေသည့် လူနာများဖြင့် ပြည့်နှက် 
စက်တင်ဘာ ၂၈ ရက်က ပါကစ္စတန်နိုင်ငံ ဆင်းပြည်နယ်ရှိ ရေဘေးသင့်ဒေသများအတွက် စီစဉ်ပေးထားသော ယာယီတဲများကို တွေ့ရစဉ် (Photo-AFP)
စက်တင်ဘာ ၂၈ ရက်က ပါကစ္စတန်နိုင်ငံ ဆင်းပြည်နယ်ရှိ ရေဘေးသင့်ဒေသများအတွက် စီစဉ်ပေးထားသော ယာယီတဲများကို တွေ့ရစဉ် (Photo-AFP)
Published 3 October 2022
Ref:Reuters

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆာဝမ်မြို့ငယ်လေးရှိ အဓိကအစိုးရဆေးရုံ၏ အရေးပေါ်ကုသဆောင်တွင် ရေမှတစ်ဆင့်ကူးစက်ဖြစ်ပွားသောရောဂါများ ဖြစ်ပွားနေသည့် လူနာများဖြင့် ပြည့်နှက်နေသည်ဟု သိရသည်။

ဆယ်စုနှစ်ပေါင်းများစွာအတွင်း နိုင်ငံ၏အဆိုးရွားဆုံးရေကြီးမှုဖြစ်စဉ်နှင့် ကြုံတွေ့ခဲ့ရပြီးနောက် ယင်းဆေးရုံရှိ ဆေးရုံအခန်းများနှင့် စင်္ကြံလမ်းများတွင် ကုသမှုခံယူနိုင်ရန် စောင့်ဆိုင်းနေသည့် ငှက်ဖျားနှင့် အခြားရောဂါများဖြစ်ပွားနေသော ရာနှင့်ချီသူများက အပြည့်ဖြစ်နေသည်။

မနက်ခင်းတိုင်း ပျမ်းမျှလူနာ ၃၀၀ မှ ၄၀၀ အထိ ရောက်ရှိလာခဲ့ကြပြီး အများစုမှာ ကလေးငယ်များဖြစ်ကာ ၎င်းတို့သည်ငှက်ဖျားနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားနေကြရသည်ဟု သိရသည်။

“ရေဘေးကြောင့် ပြောင်းရွှေ့နေထိုင်ကြရတဲ့လူတွေ ဆောင်းရာသီမတိုင်မီ သူတို့ရဲ့နေအိမ်တွေမှာ ပြန်နေထိုင်နိုင်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ အဲဒီလိုမှမဟုတ်ရင် သူတို့တွေ ယာယီတဲတွေထဲမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ အဆုတ်ရောင်ရောဂါတွေ ဖြစ်လာနိုင်တယ်” ဟု Abdullah Shah ကျန်းမာရေးသိပ္ပံဌာနရှိ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးဌာနမှ ဆရာဝန်နာဗက်အာမက်က ပြောကြားခဲ့သည်။

ရေဘေးကြောင့် နေအိမ်များကိုစွန့်ခွာခဲ့ကြသော ပါကစ္စတန်နိုင်ငံသားသိန်းချီသည် အစိုးရက စီစဉ်ပေးထားသော ယာယီစခန်းများတွင် နေထိုင်ကြရသည်။

ပြင်းထန်သည့် မုတ်သုံမိုးရွာသွန်းမှုများနှင့် ရေခဲမြစ်အရည်ပျော်ကျမှုများကြောင့် ရေကြီးမှုများဖြစ်ပွားခဲ့ပြီး လူ ၁၇၀၀ နီးပါး သေဆုံးခဲ့သည်။

ပျက်စီးဆုံးရှုံးမှုတန်ဖိုးသည် ဒေါ်လာ ၃၀ ဘီလျံရှိကြောင်း ခန့်မှန်းထားပြီး ယင်းသည် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း အစိုးရနှင့် ကုလသမဂ္ဂက ပြစ်တင်ပြောကြားခဲ့သည်။

ရေကြီးမှုကြောင့် ဖြစ်ပွားသော ရောဂါများခံစားရပြီး သေဆုံးသူ ၃၄၀ ကျော်ရှိသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုးရွာဆုံး ရေဘေးဒဏ်သင့် ဆင်းပြည်နယ်ရှိကျန်းမာရေးဌာန၏ပြောကြားချက်အရ ဇူလိုင် ၁ ရက်နေ့ကတည်းက ငှက်ဖျားရောဂါခံစားရသူ ၁၇၂၈၅ ဦးရှိသည်ဟု အတည်ပြုထားသည်။

ရေကြီးမှုမှ ကယ်ဆယ်ရေးနှင့် သက်သာရေးလုပ်ဆောင်ချက်များ ပြုလုပ်ပြီးနောက် ရောဂါဖြစ်ပွားနိုင်ခြေကို မျှော်မှန်းချက်အရ ဆင်းပြည်နယ်အစိုးရသည် ရောဂါကူးစက်နိုင်ခြေ အများဆုံးခရိုင်များတွင် ကုသမှုပေးနိုင်ရန် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ ၅၀၀၀ ကျော်ကို ငှားရမ်းနိုင်ရန် ကြိုးပမ်းနေသည်။

“ကျွန်တော်တို့ဆီမှာ မကြုံစဖူးမိုးရွာသွန်းမှုတွေနဲ့ ရေကြီးမှုတွေဖြစ်ပွားပြီးနောက် ရောဂါဖြစ်ပွားမှုတွေအတွက် လူသားအရင်းအမြစ် နည်းပါးနေပါတယ်” ဟု ဆင်းပြည်နယ်အစိုးရ၏ ပါလီမန်ကျန်းမာရေးအတွင်းဝန်ဖြစ်ပြီး ပြည်နယ်လွှတ်တော်အမတ် ကာဆင်ဆွမ်ရိုက ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ပါကစ္စတန်တစ်ဝန်း အထူးသဖြင့် ဆင်းပြည်နယ်တွင် ရေမှပေါက်ဖွားသည့်ရောဂါများဆိုင်ရာ ဒုတိယကပ်ဘေးကြုံတွေ့လာနိုင်မည့်အရေးနှင့်ပတ်သက်၍ စိုးရိမ်မှုများမြင့်တက်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

 

 

Most Read

Most Recent