ယူကရိန်းက တန်ပြန်ထိုးစစ်ဆင်နေသည့်တိုင် ယူကရိန်း၌ ရုရှား၏စစ်ဆင်ရေးကို ချိန်ညှိပြင်ဆင်ရန် အစီအစဉ်မရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က စက်တင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့ပြီး ရုရှားအနေဖြင့် ၎င်းတို့စစ်ဆင်ရေးကို အလျင်စလိုအဆုံးသတ်မည်မဟုတ်ကြောင်းလည်း သူကဆိုသည်။
”စီမံချက်ကို ချိန်ညှိပြင်ဆင်သွားမှာ မဟုတ်ပါဘူး” ဟု ဥဇဘက်ကစ္စတန်တွင် ပြုလုပ်သည့် ဒေသတွင်း ထိပ်သီးအစည်းအဝေး တစ်ခုဖြစ်သော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးအပြီးတွင် သမ္မတပူတင်က သတင်းထောက်များကို ပြောကြားခဲ့သည်။
“ဒွန်းဘတ်စ်ဒေသမှာ ထိုးစစ်ဆင်နေတဲ့ ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးတွေ ရပ်တန့်နေတာ မဟုတ်ပါဘူး။ ဖြည်းဖြည်းချင်းစီ ဆက်လက်လုပ်ဆောင်နေတာပါ။ ရုရှားစစ်တပ်ဟာ နယ်မြေအသစ်တွေကို ဖြည်းဖြည်းချင်း သိမ်းယူနေပါတယ်။ ကျွန်တော်တို့ အလျင်မလိုပါဘူး။ ဘာပြောင်းလဲမှုမှလည်း မရှိပါဘူး”ဟုလည်း ၎င်းကဆိုသည်။
ရုရှားအနေဖြင့် အင်ပြည့်အားပြည့် စစ်တပ်ဖြင့် တိုက်ခိုက်နေခြင်းမဟုတ်ဘဲ အငှားစစ်သားများကိုသာအသုံးပြုနေခြင်းဖြစ်ကာ စစ်ဆင်ရေး၏ အဓိကရည်မှန်းချက်မှာ ဒွန်းဘတ်စ်ဒေသတစ်ခုလုံး လွတ်မြောက်ရေးအတွက်ပင် ဖြစ်ကြောင်းလည်း ပူတင်က ပြောကြားခဲ့သည်။
ယူကရိန်းတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ရန်ကြိုးပမ်းနေပြီး ရုရှား၏ အရပ်ဘက်အခြေခံအဆောက်အအုံများကို ဖျက်ဆီးနေသည်ဟု ၎င်းကစွပ်စွဲခဲ့သည်။
“လောလောဆယ်မှာ အဲဒီလုပ်ရပ်တွေကို ကျွန်တော်တို့အနေနဲ့ အလွန်ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်နေပါတယ်။ အခြေအနေ ဒီထက်ပိုဆိုးလာမယ်ဆိုရင်တော့ တုံ့ပြန်မှုက ပိုပြီးပြင်းထန်လာမှာပါ”ဟု ရုရှားသမ္မတ ပူတင်က ပြောကြားခဲ့သည်။
“ယူကရိန်းအာဏာပိုင်တွေက သူတို့ တွေ တန်ပြန်ထိုးစစ်ဆင်တဲ့ စစ်ဆင်ရေးကို ထိထိရောက်ရောက် လုပ်နေတယ်လို့ ကြေညာထားပါတယ်။ အဲဒီတော့ အဲဒီတန်ပြန်ထိုးစစ်က ဘယ်လိုအခြေအနေ ဖြစ်လာမယ် ဘယ်လိုအဆုံးသတ်သွားမယ်ဆိုတာ စောင့်ကြည့်ကြပါစို့”ဟုလည်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်က ယူကရိန်းအရှေ့မြောက်ပိုင်း ခါကိဗ်ဒေသတွင် ရုရှားတပ်များ အရေးနိမ့်ခဲ့ခြင်းကြောင့် ပြည်တွင်းစစ်ရေးအကဲခတ်များ၏ လူသိရှင်ကြား ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ထွက်ပေါ်လာပြီး နောက်တွင် သမ္မတပူတင်က ယင်းနှင့်ပတ်သက်၍ ပထမဆုံးအကြိမ် လူသိရှင်ကြား မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။
ရုရှားသည် ရေလှောင်ကန်တစ်ခုနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးသည့်စက်ရုံများအပါအဝင် ယူကရိန်းအခြေခံအဆောက်အအုံများကို တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ဒွန်းဘတ်စ်ဒေသအား အဓိကအားဖြင့် ရုရှားစကားပြော ယူကရိန်းအရှေ့ပိုင်း ပြည်နယ်များပါဝင်သည့် လူဟန့်နှင့် ဒိုးနက်ဒေသတို့ဖြင့် ဖွဲ့စည်းထားပြီး လူဟန့်ဒေသကို ရုရှားနှင့် ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေး အင်အားစုများက အပြည့်အဝ ထိန်းချုပ်ထားကာ ဒိုးနက်ဒေသကိုလည်း တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားသည်။ ရုရှားသည် ၂၀၁၄ ခုနှစ်တွင် သိမ်းယူခဲ့သည့် ခရိုင်းမီးယားကျွန်းဆွယ်အပြင် ဇာပိုရီရှားနှင့် ခါဆန်ဒေသတို့ အပါအဝင် ယူကရိန်းနယ်မြေ ငါးပုံတစ်ပုံခန့်ကို သိမ်းယူထားနိုင်ခဲ့သည်။
၎င်းတို့အပေါ် ဒဏ်ခတ်အရေးယူမှုများကို လက်တုံ့ပြန်သည့်အနေဖြင့် ဂျာနယ်လစ်များ အပါအဝင် သြစတြေးလျနိုင်ငံသား ၄၁ ဦးကို ရုရှားအစိုးရက စက်တင်ဘာ ၁၆ ရက် တွင် ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့သည်။














