ယူကရိန်း အရှေ့မြောက်ပိုင်းတွင် ရုရှားက စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက စက်တင်ဘာ ၁၆ ရက်တွင် စွပ်စွဲပြောဆိုခဲ့ပြီး ယခုလထဲတွင် ၎င်း၏တပ်ဖွဲ့ဝင်များက နယ်မြေများကို လျင်လျင်မြန်မြန် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ရေးဒီရေ အပြောင်းအလဲဖြစ်နေပြီဟု ပြောကြားရန် စောလွန်းနေသေးကြောင်းလည်း ၎င်းကဆိုသည်။
ခုနစ်လထဲသို့ ရောက်ရှိလာပြီဖြစ်သည့် စစ်ပွဲရလဒ်သည် ပြည်ပနိုင်ငံများမှပေးပို့ခဲ့သည့် စစ်လက်နက်များ မိမိတို့နိုင်ငံထဲသို့ လျင်လျင်မြန်မြန် ရောက်ရှိလာမှုအပေါ်တွင် မူတည်နေသည်ဟုလည်း ယူကရိန်းသမ္မတက ရိုက်တာသတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
မကြာသေးမီက နိုင်ငံအရှေ့မြောက်ပိုင်းရှိ နယ်မြေများ ရုရှားလက်မှ လွတ်မြောက်လာခဲ့သည့် အခြေအနေကိုလည်း ဘူချာမြို့ဖြစ်စဉ်အပြီး သွေးမြေကျမှု ဖြစ်ပွားခဲ့သည့် လူမှုဘဝသရုပ်ဖော် ရုပ်သံဇာတ်လမ်းတွဲတစ်ခုနှင့် ၎င်းက နှိုင်းယှဉ်ပြောဆိုခဲ့သည်။ စစ်ပွဲအစောပိုင်းကာလက မြို့တော်ကိယက်ဗ် အနီးရှိ ဘူချာမြို့တွင် ရုရှားတပ်ဖွဲ့ဝင်များက စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု ဇယ်လန်စကီးက စွပ်စွဲထားသည်။
“ဒီကနေ့အထိ နိုင်ငံအရှေ့မြောက်ပိုင်း ခါကိဗ်ဒေသမှာ မြှုပ်နှံထားတဲ့ ရုပ်အလောင်း ၄၅၀ ကို ရှာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့လည်း သီးခြားမြှုပ်နှံထားတဲ့ နောက်ထပ်ရုပ်အလောင်းတွေလည်း များစွာရှိနေပြီး ညှဉ်းပန်းနှိပ်စက်ခံရမှုတွေလည်း ရှိနေပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။
စစ်ရာဇဝတ်မှုများ ဖြစ်ပွားခဲ့သည့် အထောက်အထားများရှိမရှိ မေးမြန်းရာတွင် သမ္မတဇယ်လန်စကီးက အထောက်အထားအချို့ ရရှိထားပြီး ယူကရိန်းပြည်တွင်း၌သာမက နိုင်ငံတကာအဆင့် အကဲဖြတ်သုံးသပ်မှုများ လုပ်ဆောင်နေကြောင်းနှင့် ယင်းသည် အခြေအနေကို အသိအမှတ်ပြု လက်ခံရန်အတွက် မိမိတို့အတွက်သာမက ကမ္ဘာကြီးအတွက်ပါ အလွန်အရေးကြီးကြောင်းလည်း သူက ပြောကြားခဲ့သည်။
ရုရှားအစိုးရကမူ ဇယ်လန်စကီး၏ လတ်တလော စွပ်စွဲချက်များအပေါ် တစ်စုံတစ်ရာ တုံ့ပြန်မှတ်ချက်ပေးခြင်း မရှိသေးပေ။
ရုရှားအနေဖြင့် ယူကရိန်းတွင် ပြုလုပ်နေသည့် အထူးစစ်ဆင်ရေးအတွင်း အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းမရှိကြောင်း အမြဲတစေငြင်းဆန်လေ့ရှိပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့သည်ဆိုသည့် စွပ်စွဲချက်များသည်လည်း သားပုပ်လေလွင့် စွပ်စွဲချက်များပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ခါကိဗ်ဒေသ အုပ်ချုပ်ရေးမှူး အိုလက်ဆင်ဟူဘော့ဗ်ကမူ အီဇူမ်မြို့တွင် တူးဖော်ရရှိခဲ့သည့် ရုပ်အလောင်းအချို့သည် လက်နောက်ပြန် ကြိုးတုပ်ခံရလျက် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း စက်တင်ဘာ ၁၆ ရက်က ရုပ်အလောင်းများ မြှုပ်နှံထားသည့် နေရာတစ်ခုတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ယူကရိန်း၏ တန်ပြန်ထိုးစစ်ကြောင့် မဆုတ်ခွာမီက ၎င်းတို့၏ရှေ့တန်းခြေကုပ်နေရာတစ်ခုဖြစ်ခဲ့သည့် အီဇူမ်မြို့မှ လူအစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် နေရာများတွေ့ရှိခဲ့သည်ဟူသော သတင်းများအပေါ် ရုရှားက မှတ်ချက်ပေးခြင်းမရှိပေ။ ဇယ်လန်းစကီးက ယူကရိန်း၏လျင်မြန်သည့် တန်ပြန်ထိုးစစ်ကို ချီးကျူးခဲ့သော်လည်း စစ်ပွဲအဆုံးသတ်ကို ရောက်ရှိတော့မည်ဆိုသော အခြေအနေကို ပယ်ချခဲ့ပြီး ယင်းကဲ့သို့ပြောရန် စောနေသေးသည်ဟု ဆိုသည်။














