ခေတ်သစ်ကျေးကျွန်ပြုမှုတွင် လူ သန်း ၅၀ ပိတ်မိနေဟု ကုလသမဂ္ဂ ထုတ်ပြန်

ခေတ်သစ်ကျေးကျွန်ပြုမှုတွင် လူ သန်း ၅၀ ပိတ်မိနေဟု ကုလသမဂ္ဂ ထုတ်ပြန်
မေ ၃၀ ရက်က ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်းအမှိုက်ပုံရှိ ညစ်ညမ်းသော အန္တရာယ်ရှိသည့် နေရာများတွင် အလုပ်လုပ်နေသော ကလေးများအား တွေ့ရစဉ် (Photo-AFP)
မေ ၃၀ ရက်က ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်းအမှိုက်ပုံရှိ ညစ်ညမ်းသော အန္တရာယ်ရှိသည့် နေရာများတွင် အလုပ်လုပ်နေသော ကလေးများအား တွေ့ရစဉ် (Photo-AFP)
Published 12 September 2022
Ref:AFP

ကမ္ဘာတစ်ဝန်းရှိ လူသန်း ၅၀ သည်အတင်းအကျပ် အလုပ်စေခိုင်းခံရမှု သို့မဟုတ် အတင်းအကျပ် ထိမ်းမြားလက်ထပ်စေမှုတို့တွင် ပိတ်မိနေကြသည်ဟု ကုလသမဂ္ဂက စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ကုလသမဂ္ဂက ၂၀၃၀ မတိုင်မီ ခေတ်သစ်ကျေးကျွန်ပြုမှုပုံစံအားလုံးကို တိုက်ဖျက်ရန် ရည်ရွယ်ထားသော်လည်း ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်ကြား အတင်းအကျပ်အလုပ်စေခိုင်းခံရမှု သို့မဟုတ် အတင်းအကျပ်ထိမ်းမြား လက်ထပ်စေမှုတို့တွင် ပိတ်မိနေသူအရေအတွက်သည် ၁၀ သန်းအထိ မြင့်တက်လာခဲ့သည်ဟု အစီရင်ခံစာအသစ်တွင် ဖော်ပြထားသည်။

Walk Free ဖောင်ဒေးရှင်းနှင့်အတူ ကုလသမဂ္ဂ၏ အလုပ်သမားနှင့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အေဂျင်စီများပူးပေါင်းပြုလုပ်သည့် လေ့လာမှုတစ်ခု၌ လွန်ခဲ့သည့်နှစ်ကုန်တွင် လူ ၂၈ သန်းသည် အဓမ္မလုပ်အားခိုင်းစေခံခဲ့ရပြီး လူ ၂၂ သန်းသည် အတင်းအကျပ်လက်ထပ်ထိမ်းမြားမှုဖြင့် နေထိုင်နေရသည်ဟု တွေ့ရှိခဲ့သည်။

ယင်းအရကမ္ဘာပေါ်ရှိ လူ ၁၅၀ တွင် တစ်ဦးနီးပါးသည် ခေတ်သစ်ကျေးကျွန်ပြုမှုပုံစံထဲတွင် ရောက်ရှိနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ခေတ်သစ်ကျေးကျွန်ပြုတဲ့အခြေအနေဟာ တိုးတက်မှုမရှိဘူးဆိုတဲ့အပေါ် အံ့့အားသင့်မိပါတယ်။ ဒီလိုအခြေအနေလူ့အခွင့်အရေးကို အလွဲသုံးစားလုပ်ခြင်းရဲ့ တည်မြဲနေတာကို ဘယ်အရာကမှ တရားမျှတအောင်မလုပ်နိုင်ပါဘူး” ဟု နိုင်ငံတကာအလုပ်သမားအဖွဲ့ (ILO) အကြီးအကဲ ဂိုင်းရေဒါက ပြောကြားခဲ့သည်။

အခြေအနေများကို ပိုမိုဆိုးရွားလာစေပြီး အလုပ်သမားများအတွက် ကြွေးမြီအဆင့်ကို မြင့်တက်လာစေသော COVID-19 ကပ်ရောဂါသည် ယင်းအန္တရာယ်ကို ပိုမိုမြင့်တက်စေသည်ဟု အစီရင်ခံစာတွင်တွေ့ရှိခဲ့သည်။

ရာသီဥတုပြောင်းလဲမှုနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် အလုပ်အကိုင်နှင့် ပညာရေးကို မကြုံစဖူးအနှောင့်အယှက်ဖြစ်စေခဲ့ပြီး အလွန်အမင်းဆင်းရဲချို့တဲ့မှုများ မြင့်တက်လာကာ အတင်းအကျပ်နှင့် ဘေးကင်းလုံခြုံမှုမရှိသော ရွှေ့ပြောင်းမှုများကို ဖြစ်စေခဲ့သည်ဟု ဆိုသည်။

အဓမ္မအလုပ်စေခိုင်းမှုတွင် ချုပ်နှောင်မှုသည် နှစ်ပေါင်းများစွာ ကြာရှည်နိုင်ပြီး အတင်းအကျပ်လက်ထပ်ခိုင်းမှုသည် ယေဘုယျအား ဖြင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ဖြစ်နေသည့်အတွက် ယင်းသည်ကာလကြာရှည်ပြဿနာ တစ်ရပ်ဖြစ်ကြောင်း သတိပေးထားသည်။

အမျိုးသမီးများနှင့် ကလေးများသည် အထိခိုက်အနစ်နာဆုံးဖြစ်သည်ဟု ဆိုသည်။ ကလေးငါးဦးတွင် တစ်ဦးသည် အတင်းအကျပ်အလုပ်စေခိုင်းခံရပြီး ၎င်းတို့မှ ထက်ဝက်ကျော်သည် စီးပွားရေးအရ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှုတွင် ပိတ်မိနေကြသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရွှေ့ပြောင်းအလုပ်သမားများတွင် အရွယ်မရောက်သေးသော ရွှေ့ပြောင်းအလုပ်သမားများထက် အတင်းအကျပ်စေခိုင်းခံရသော အလုပ်သမားအရေအတွက်သည် သုံးဆကျော်ပိုမိုများပြားသည်ဟု ဆိုသည်။

“ဒီအစီရင်ခံစာမှာ ရွှေ့ပြောင်းလုပ်သားတွေအားလုံး ဘေးကင်းလုံခြုံပြီး စနစ်တကျနဲ့ ပုံမှန်ဖြစ်စေဖို့ အရေးကြီးကြောင်းအလေးပေး ဖော်ပြထားပါတယ်” ဟု နိုင်ငံတကာရွှေ့ပြောင်းသူများဖွဲ့အစည်း (IOM) အကြီးအကဲ အန်တိုနီယိုဗစ်တိုရီနိုက ပြောကြားခဲ့သည်။

ခေတ်သစ်ကျေးကျွန်းပြုမှုသည် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် အခြေခံအားဖြင့်တည်ရှိနေပြီး အထက်တန်း-အလယ်အလတ်ဝင်ငွေရှိသော နိုင်ငံများ သို့မဟုတ် ဝင်ငွေမြင့်မားသော နိုင်ငံများတွင် အဓမ္မအလုပ်စေခိုင်းခံရမှု ထက်ဝက်ကျော်နှင့် အတင်းအကျပ်လက်ထပ်ထိမ်းမြားမှု လေးပုံတစ်ပုံရှိနေသည်။

အတင်းအကျပ်လက်ထပ်ထိမ်းမြားစေမှုတွင် ပိတ်မိနေသောအမျိုးသမီးနှင့် အမျိုးသားအရေအတွက်သည် ၂၀၁၆ ခုနှစ်နောက်ပိုင်း ၆.၆ သန်းအထိ မြင့်တက်လာခဲ့သည်။

Most Read

Most Recent