ယူကရိန်းအရှေ့မြောက်ပိုင်း၌ ရုရှားစစ်တပ် စစ်ရေးရှုံးနိမ့်မှု ကြုံတွေ့ခဲ့ရသည့်အတွက် ရုရှားမျိုးချစ်များ ဒေါသပေါက်ကွဲ

ယူကရိန်းအရှေ့မြောက်ပိုင်း၌ ရုရှားစစ်တပ် စစ်ရေးရှုံးနိမ့်မှု ကြုံတွေ့ခဲ့ရသည့်အတွက် ရုရှားမျိုးချစ်များ ဒေါသပေါက်ကွဲ
ယူကရိန်းတန်ပြန်ထိုးစစ်အတွင်း ခါကိဗ်၌ ရုရှားစစ်သားများ စွန့်ပစ်ခဲ့သော တိုက်ခိုက်ရေးယာဉ်များကို စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ် (Photo-AFP)
ယူကရိန်းတန်ပြန်ထိုးစစ်အတွင်း ခါကိဗ်၌ ရုရှားစစ်သားများ စွန့်ပစ်ခဲ့သော တိုက်ခိုက်ရေးယာဉ်များကို စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ် (Photo-AFP)
Published 12 September 2022
Ref:Reuters

ယူကရိန်း အရှေ့မြောက်ပိုင်းရှိ ခံတပ်ကို ရုရှားတပ်များ စွန့်လွှတ်ခဲ့ရပြီးနောက် တစ်ရက်အကြာ စက်တင်ဘာ ၁၁ ရက်တွင် ရုရှားမျိုးချစ်များက ယူကရိန်းစစ်ပွဲ၌ အဆုံးစွန်အောင်ပွဲရရှိစေရေးအတွက် အပြောင်းအလဲများ ချက်ချင်းလုပ်ရန် သမ္မတဗလာဒီမာပူတင်ကို တောင်းဆိုခဲ့ကြသည်။

ခါကိဗ်ပြည်နယ်ရှိ အီဇူမ်မြို့ မြန်မြန်ဆန်ဆန်ကျသွားခြင်းမှာ မတ်လတွင် ရုရှားတပ်များ ယူကရိန်းမြို့တော်ကိယက်ဗ်မှ ဆုတ်ခွာခဲ့ပြီးနောက်ပိုင်း ရုရှား၏ အဆိုးရွားဆုံးစစ်ရေးရှုံးနိမ့်မှုဖြစ်သည်။

စက်တင်ဘာ ၁၀ ရက်တွင် ရုရှားတပ်များ ယင်းမြို့ကို စွန့်လွှတ်ခဲ့ချိန်တွင် ပူတင်သည် မော်စကို ပန်းခြံထဲက ဥရောပအကြီးဆုံး ချားရဟတ်ကို ဖွင့်လှစ်ပေးခဲ့သည်။ ၁၁၄၇ ခုနှစ်တွင် မြို့တည်ထောင်မှုကို ဂုဏ်ပြုရန် ရင်ပြင်နီအပေါ်က ကောင်းကင်၌ မီးရှူးမီးပန်းများလည်း ထိန်လင်းသွားခဲ့သည်။

Telegram တွင် တင်ခဲ့သည့် ၁၁ မိနစ်ကြာ Voice Meaasage တွင် ပူတင်၏မဟာမိတ်ဖြစ်သော ချေချင်းခေါင်းဆောင် ရမ်ဇန်ခါဒီရော့ဗ်က အရေးပါသော ထောက်ပံ့ရာနေရာဖြစ်သည့်  အိဇူမ်ဆုံးရှုံးမှုကို ပယ်ချခဲ့သည်။

သို့ရာတွင် စစ်ဆင်ရေးသည် စီစဉ်ထားသည့်အတိုုင်း ဖြစ်မလာဟု ၎င်းက ဝန်ခံခဲ့သည်။

“အထူးစစ်ဆင်ရေးလုပ်ရာမှာ ဒီကနေ ့အပြောင်းအလဲတွေ ဒါမှမဟုတ် မနက်ဖြန်အပြောင်းအလဲတွေကို မလုပ်ဘူးဆိုရင် ကျွန်တော်ဟာ နိုင်ငံရဲ့ခေါင်းဆောင်ပိုင်းတွေဆီ သွားပြီး မြေပြင်အခြေအနေနဲ့ ပတ်သက်လို့ သူတို့ကို သွားရှင်းပြမှာဖြစ်ပါတယ်”ဟု ခါဒီရော့ဗ်က ပြောကြားခဲ့သည်။

ယူကရိန်းအရှေ့မြောက်ပိုင်း၌ ရှုံးနိမ့်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ မော်စကို၏ လုံးလုံးလျားလျားနီးပါး နှုတ်ဆိတ်နေမှု သို့မဟုတ် ယင်း၌ဖြစ်ပျက်နေသည့် ကိစ္စနှင့်ပတ်သက် ၍ တစ်စုံတစ်ရာရှင်းပြမှုမရှိခြင်းက စစ်လိုလားသော စီစဉ်တင်ဆင်သူအချို့သို့မဟုတ် ရုရှားမျိုးချစ်အချို့အကြား လူမှုမီဒီယာတွင် သိသာထင်ရှားသော အမြတ်ဒေါသကို ပေါ်ပေါက်စေခဲ့သည်။

ရှုံးနိမ့်မှုသတင်းများ ထွက်ပေါ်လာချိန် စက်တင်ဘာ ၉ ရက်တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဗီဒီယိုတစ်ခုကို ပို့စ်တင်ခဲ့ပြီး ခါကိဗ်ကိုပို့လိုက်သော စစ်သားများဖြစ်သည်ဟု အဆိုပါပို့စ်တွင် ဖော်ပြခဲ့သည်။

ရုရှားတပ်ဖွဲ့များသည် ခါကိဗ်ရှိ ယူကရိန်းနေရာများကို လေကြောင်းတပ်များ၊ ဒုံးကျည်များ၊ လက်နက်ကြီးများနှင့်အတူ တိုက်ခိုက်ခဲ့သည်ဟု စက်တင်ဘာ ၁၁ ရက်တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ရုရှားစစ်သေနာပတိဖြစ်သော ပူတင်ကသော်လည်းကောင်း၊ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရွိုင်ဂူကသော်လည်းကောင်း စက်တင်ဘာ ၁၁ ရက် နေ့ခင်းပိုင်းအထိ ရှုံးနိမ့်မှုနှင့်ပတ်သက်၍ ပြောကြားခြင်းမရှိပေ။

“မော်စကိုမြို့မှာ ကျွန်တော်တို့ ဂုဏ်ယူနေပါတယ်။ မြို့ရဲ့ကြီးကျယ်ခမ်းနားတဲ့ခေတ်၊ မြို့ရဲ့ခေတ်မီမြန်ဆန်တဲ့ အပြောင်းအလဲ၊ မြို့ရဲ့အေးချမ်းတဲ့ပန်းခြံတွေ၊ လမ်းကျဉ်းကလေးတွေ၊ လမ်းတွေနဲ့ စီးပွာရေးနဲ့ ယဉ်ကျေးမှုပွဲတွေ ပေါကြွယ်ဝမှုတို့နဲ့အတူ ဒီမြို့ကို ကျွန်တော်တို့ချစ်ပါတယ်” ဟု ပူတင်က မော်စကိုမြို့သားများကို ပြောကြားခဲ့ကြောင်း ရုရှားအစိုးရက ထုတ်ပြန်ခဲ့သည်။ ပူတင်ဝမ်းမြောက်ဂုဏ်ယူကြောင်းပြောကြားခဲ့သည့် မိန့်ခွန်းတွင်ပါသော စာသားများကို ရုရှားအစိုးရက ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။

ယူကရိန်းအရှေ့မြောက်ပိုင်း၌ ရုရှားစစ်တပ်ရှုံးပွဲကြုံရသည့်အကြောင်းကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခြင်းမရှိဟု သိရသည်။          

Most Read

Most Recent