ပါကစ္စတန်နိုင်ငံ၏ သုံးပုံတစ် ပုံနီးပါးကို ရေအောက်ရောက်ရှိစေခဲ့သောဆိုးရွားသည့် မုတ်သုံကာလ ရေကြီးမှုများမှ ရာနှင့်ချီသည့်ဒေသခံများအတွက် ယာယီခိုနားရာစီစဉ် ပေးထားသည့် နိုင်ငံတောင်ပိုင်းရှိ စခန်းတစ်ခုတွင် ဆိုးရွားသောအနံ့ အသက်များ ပျံ့လွင့်နေသည်။
ပန်ဂျက်ပြည်နယ်တွင် ရေများဖြင့် ဝန်းရံထားသော နေရာရှိတစ်ခု တည်းသော ခြောက်သွေ့နေသည့် ကျေးလက်မီးရထားဘူတာငယ်တစ်ဝိုက်က နေရာတစ်ခုတွင် ဒါဇင်နှင့်ချီသည့် တဲများသည် ကတ်သီးကတ်သတ် တည်ရှိနေကြသည်။
အနံ့ဆိုးသည် ရေများ ဖုံးလွှမ်းနေသော ကောက်ပဲသီးနှံများမှပုတ်ပွနေသော ဟင်းသီးဟင်းရွက်များ၊ စားကြွင်းစားကျန်များနှင့် အမှိုက်များအပြင် ထိုနေရာတွင် စုဝေးနေသည့်ရာနှင့်ချီသော လူများနှင့် တိရစ္ဆာန်များမှ မစင်အနံ့ဆိုးတို့ ရောထွေး လျက်ရှိသည်။
“ရေချိုးဖို့ ဒါမှမဟုတ် အိမ်သာသွားဖို့ နေရာမရှိပါဘူး”ဟု ၎င်း၏ရွာတွင် ရေကြီးမှုဖြစ်ပွားခဲ့ပြီးနောက်လွန်ခဲ့သည့် သီတင်းပတ်နှစ်ပတ်က မိသားစုနှင့်အတူ ပြောင်းရွှေ့လာခဲ့သည့် ဇီဘွန်နီဆာ ဘီဘီကဆိုသည်။
နိုင်ငံ၏အနောက်ပိုင်းနှင့် တောင်ပိုင်းတစ်ဝန်းရှိ အလားတူယာ ယီစခန်းများတွင် ထိုကဲ့သို့ ကြုံတွေ့နေသည်။
နိုင်ငံ၏သမိုင်းတစ်လျှောက်အဆိုးရွားသော ရေကြီးမှုဒဏ်ကိုနိုင်ငံသား ခုနှစ်ဦးတွင် တစ်ဦး ကြုံတွေ့ခံစားခဲ့ရပြီး လူ ၃၃ သန်းရေဘေးသင့်ခဲ့သည်။
ယင်းယာယီစခန်းများတွင်ရေ အိမ်မရှိခြင်းသည် အကြီးမားဆုံးပြဿနာရပ်များတွင် အပါအဝင်ဖြစ်ပြီး လူအားလုံးအတွက်ကျန်းမာရေး ထိခိုက်စေရုံမက အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးများအတွက် ဆိုးရွားသည့်အခြေအနေဖြစ်စေခဲ့သည်။
ပါကစ္စတန်ကျေးလက်ဒေသများသည် အလွန်အမင်းရှေးရိုးစွဲသည့် မွတ်စလင်အသိုင်းအဝိုင်း နေထိုင်ရာနေရာဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သူအများအပြားသည် ၎င်းတို့၏ ဘဝတွင်ပထမဆုံးအကြိမ် ဆွေမျိုးမဟုတ်သော အမျိုးသားများနှင့်နီးနီးကပ်ကပ် နေထိုင်ကြရသည်။
“ကျွန်မတို့တွေ မျက်နှာလွှားဇာတွေအောက် နေထိုင်ရတာ အသားကျနေပေမယ့် ဘုရားသခင်က ကျွန်မတို့အတွက် ဒီမျက်နှာလွှားဇာတွေ ဖယ်ရှားပေးခဲ့ပါတယ်”ဟု ဇီဘွန်နီဆာက ကျေးလက်ပါကစ္စတန်တွင် ဘာသာရေးအရ ကျား၊မခွဲခြားသည့် တင်းကျပ်သောစနစ်ကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။
ဇီဘွန်နီက သူသည် သစ်ပင်တစ်ပင်အနောက်ဘက်တွင်ကွယ်၍ အပေါ့သွားရန် လုပ်ဆောင်နေချိန်တွင်အမျိုးသားတစ်ဦးကြည့်နေသည်ကို မြင်တွေ့ခဲ့ရပြီးနောက် လုံခြုံမှုမရှိသည့် ဟင်းလင်းပြင်တွင် အပေါ့အပါးသွားရခြင်းအပေါ် လွန်စွာရှက်ရွံ့မိကြောင်း ပြောကြားခဲ့သည်။
ရှမန်ဘီဘီသည်လည်း အလားတူ သဘောထားအမြင်ကို ထုတ်ဖော်ပြောကြားခဲ့သည်။
“ကျွန်မသမီးကို တစ်ယောက်တည်း ဘယ်လွှတ်လို့ရမလဲ။ ကျွန်မတို့တွေ လွတ်လွတ်လပ်လပ် အပေါ့အလေးသွားတဲ့အခါ ယောကျ်ားတစ်ယောက်ယောက် ရောက်လာမှာကို စိုးရိမ်နေရတယ်”ဟု ၎င်းကပြောကြားခဲ့သည်။
ယင်ကောင်များနှင့်ခြင်များ အစုအဝေးသည် ဆင်းရဲဒုက္ခကို ပိုမိုတိုးပွားစေပြီး ရောဂါနှင့်ကူးစက်မှုများ ပိုမိုပြန့်ပွားစေသည့် ပတ်ဝန်းကျင်ကို ဖန်တီးနေသည်။
အမျိုးသမီးအချို့သည် အဖုအပိမ့်များ ထွက်လာခဲ့ပြီးနောက် သက်သာရာရစေရန်အတွက် ရေကြီးမှုအတွင်း အပေါ့အလေး စွန့်မှုကိုရပ်တန့်ခဲ့သည်။
ယင်းစခန်းသို့ ရောက်ရှိလာသော ပရဟိတဆရာဝန် အက်ဆန် အာရက်ဇ်က ရေအိမ်များမရှိခြင်းသည် အရေပြားကူးစက်ရောဂါများဖြင့် အစာအိမ်ရောဂါများဖြစ်ပွားမှု တိုးမြင့်လာခြင်း၏ အဓိကအကြောင်း အရင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
နေဝင်ချိန်နှင့် မှောင်ရိပ်သန်းလာချိန်တွင် အမျိုးသမီးများသည် အပေါ့အလေးစွန့်ရန် မီးအလင်းရောင်နှင့် ဝေးသည့်နေရာများကို ရှာဖွေကြသည်။ ထိုအမျိုးသမီးများသည် ချောင်းမြောင်းရန်လာသည့် အမျိုးသားများကို မောင်းထုတ်ရန် အလှည့်ကျ စောင့်ကြပ်ကြည့်ရှုပေးနေကြသည်။
“တစ်စုံတစ်ယောက်ကလာပြီး အမြတ်ထုတ်ဖို့လုပ်ရင်တောင် ကျွန်မတို့ဘာလုပ်ရမလဲမသိပါဘူး။ ဒါ့ပြင် နောက်ထပ်ခြိမ်းခြောက်မှုတစ်ခုကတော့ ရေထဲကနေပေါ်လာတဲ့ မြွေတွေနဲ့ကင်းမြီးကောက်တွေပါပဲ”ဟု ရှာမန်က ပြောကြားခဲ့သည်။














