ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးသည် တရုတ်၏ ရှင်ကျန်းဒေသတွင် ချိုးဖောက်မှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး အစီရင်ခံစာထုတ်ပြန်ခဲ့ပြီးနောက် ကုလလူ့အခွင့်အရေးရုံးနှင့် ပူးပေါင်းဆောင်ရွက်မှုသည် ထိခိုက်နစ်နာဖွယ်အခြေအနေကို ရောက်ရှိနေကြောင်း ဂျီနီဗာမြို့ရှိ တရုတ်သံအမတ်က စက်တင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
“အခုလို လုပ်ဆောင်မှုကြောင့် ကျွန်တော်တို့ ထိခိုက်နစ်နာခဲ့ရချိန်မှာ ဘာမှမဖြစ်သလိုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကျွန်တော်တို့ မလုပ်နိုင်ပါဘူး”ဟု တရုတ်သံအမတ် ချန်ရှီက ကုလသမဂ္ဂ သတင်းထောက်များအသင်း ACANU က ကြီးမှူးကျင်းပသည့် အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ကုလလူ့အခွင့်အရေးအကြီးအကဲ မစ်ချဲလ် ဘက်ချ်လက်သည် ရာထူးမှမထွက်ခွာမီ မိနစ်ပိုင်းအလိုတွင် ထုတ်ပြန်ခဲ့သည့် ယင်းအစီရင်ခံစာတွင် တရုတ်အနောက်ပိုင်း ရှင်ကျင်းဒေသ၌ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ဖြစ်နိုင်ခြေရှိမှုကို သတိပေးထားမှုအပေါ် တရုတ်က ၎င်း၏ မကျေမနပ်ဖြစ်မှုကို ဖုံးကွယ်ခဲ့ခြင်း မရှိပေ။
ယင်းအစီရင်ခံစာသည် ယခင်က တက်ကြွလှုပ်ရှားသူများနှင့် အခြားအဖွဲ့အစည်းများက တရုတ်အစိုးရသည် ရှင်ကျန်းဒေသတွင် ဝီဂါလူမျိုးစုနှင့် အခြားလူနည်းစု တစ်သန်းကျော်ကို ဖမ်းဆီးထိန်းသိမ်းထားမှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများပြု လုပ်နေသည်ဟု စွပ်စွဲထားသည့် စွဲချက်များနှင့် ထပ်တူကျနေသည်။
တရုတ်အစိုးရကမူ ယင်းစွဲချက်များကို ပြင်းပြင်းထန်ထန်ငြင်းပယ်ခဲ့ပြီး အစီရင်ခံစာကို ဝေဖန်ခဲ့ကာ ကုလသမဂ္ဂသည် လူရမ်းကားတစ်ဦးဖြစ်လာကာ အမေရိကန်နှင့် အနောက်နိုင်ငံများနှင့် အပေါင်းပါဖြစ်သည်ဟု စွပ်စွဲခဲ့သည်။
ပြီးခဲ့သည့်မေလက ဘက်ချလက်သည် ၁၇ နှစ်အတွင်း တရုတ်သို့လာရောက်သည့် ပထမဆုံး ကုလလူ့အခွင့်အရေးအကြီးအကဲအဖြစ် ရှင်ကျန်းဒေသသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း တရုတ်အစိုးရသည် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ဆန္ဒရှိမှုကို ပြသခဲ့ကြောင်း ချန်က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ဟာ ပူးပေါင်းဆောင်ရွက်ရေးယန္တရားကို လုပ်ဆောင်ဖို့ သဘောတူညီချက်ရခဲ့ပါတယ်”ဟု ချန်က ပြောကြားခဲ့သည်။
သို့သော် တရုတ်၏ စစ်မှန်သည့်သဘောထားကို ကုလလူ့အခွင့်အရေးရုံးက ခန့်မှန်းသုံးသပ်ချက်ဟုခေါ်သည့် အစီရင်ခံစာထုတ်ပြန်ခြင်းအားဖြင့် ပူးပေါင်းဆောင်မှုကို ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ချန်က ဆိုသည်။
“ဒီလိုပုံစံမျိုးနဲ့ အကဲဖြတ်မှုအစီရင်ခံစာ ထုတ်ပြန်လိုက်တာဟာ အရာအားလုံးကို ထိခိုက်သွားစေတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ချန်က ပြောကြားခဲ့သည်။
သို့သော်လည်း တရုတ်အနေဖြင့် ဘက်ချလက်၏နေရာကို ဆက်ခံသည့် လူ့အခွင့်အရေးအကြီးအကဲ ဗော်လ်ကာတာ့ခ်နှင့် လက်တွဲလုပ်ဆောင်ရန် လမ်းဖွင့်ထားဆဲဖြစ်ပြီး တာ့ခ်အနေဖြင့် လူ့အခွင့်အရေးရုံးကို ဓမ္မဓိဋ္ဌာန်ကျကျ၊ သမာသမတ်ကျကျ၊ ခွဲခြားဆက်ဆံမှုမရှိ၊ နိုင်ငံရေးသဘောမဆောင်သည့် လမ်းစဉ်ဖြင့် ဦးဆောင်သွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ချန်က ပြောကြားခဲ့သည်။














