အာဂျင်တီးနားနိုင်ငံ အနောက်မြောက်ပိုင်း တူကူမန်ပြည်နယ်ရှိ ဆေးခန်းတစ်ခန်းတွင် လူလေးဦးသည် ရှားပါးအဆုတ်ဘက်တီးရီးယား ကူးစက်ပိုးဝင်ခြင်းဖြစ်သည့် လီဂျီရိုနယ်ရီရောဂါဖြင့် သေဆုံးခဲ့သည်ဟု ကျန်းမာရေးတာဝန်ရှိသူများက စက်တင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
အဖျားကြီးခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်းများနှင့် အသက်ရှူကြပ်ခြင်းတို့ကို ခံစားနေရသည့် အဆုတ်နှစ်ခုလုံးကို ထိခိုက်စေသောအဆုတ်ရောင်ရောဂါအခံရှိသည့် လူလေးဦးတွင် လီဂျီရိုနယ်ရီ ရောဂါဖြစ်ပွားနေကြောင်း အတည်ပြုတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးကာလာဗဇ်ဇိုတီက ပြောကြားခဲ့သည်။
စက်တင်ဘာ ၁ ရက်ကတည်းက ယင်းသေဆုံးမှုများအားလုံးသည်ဆန်မီဂူရယ်ဒီတူ ကူမန်မြို့ရှိ ဆေးခန်းတစ်ခုတည်း၌ သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၃ ရက်နံနက်ခင်းအချိန်၌ နောက်ဆုံးသေဆုံးမှုဖြစ်ပွားခဲ့သူသည် အသက် ၄၈ နှစ်အရွယ်ရှိ ရောဂါအခံရှိသောအမျိုးသားတစ်ဦးဖြစ်သည်။ ယင်းဆေးခန်း၌ခွဲ စိတ်မှုခံယူခဲ့သော အသက် ၇၀ အရွယ်အမျိုးသမီးလည်း လီဂျီရိုနယ်ရီရောဂါဖြင့် သေဆုံးခဲ့သည်။
အခြားရောဂါလက္ခဏာပြ ကူးစက်မှုဖြစ်စဉ် ခုနစ်ခုကို ဖော်ထုတ်တွေ့ရှိခဲ့ပြီး ၎င်းတို့သည် ယင်းဆေးခန်းတစ်ခုတည်းမှ လူနာများဖြစ်သည့်အပြင် ကျန်းမာရေးဝန်ထမ်းများလည်း ပါဝင်သည်ဟု ပြည်နယ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ယင်းခုနစ်ဦးတွင် လေးဦးသည် ဆေးရုံတက်ရောက်ကုသမှု ခံယူနေပြီး ၎င်းတို့ထဲမှ သုံးဦးသည် အသက်ရှူကူကိရိယာတပ်ဆင်ထားရကာ ရောဂါလက္ခဏာနည်းပါးသူသုံးဦးကို နေအိမ်တွင် စောင့်ကြည့်ကုသမှု ခံယူစေခဲ့သည်ဟု ပြည်နယ်ကျန်းမာရေးဝန်ကြီး လူးဝစ် မီဒီနာရုစ်က စက်တင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စု ဖီလာဒေးဖီးယားမြို့တွင် ၁၉၇၆ ခုနှစ်က အမေရိကန်တပ်မကြီး စစ်မှုထမ်းဟောင်းအဖွဲ့အစည်းအဝေးတစ်ခုတွင် ပထမဆုံးစတင်ပေါ်ပေါက်လာခဲ့သော ယင်းရောဂါသည် ညစ်ညမ်းသောရေ သို့မဟုတ် မသန့်ရှင်းသော လေအေးပေးစက်စနစ်များနှင့် ဆက်နွှယ်နေသည်။
တူကူမန်တွင် ပထမဆုံးယင်းရောဂါကူးစက်မှု တွေ့ရှိချိန်တွင် ဆရာဝန်များက ကိုရိုနာဗိုင်းရပ်စ်၊တုပ်ကွေးနှင့် ဟန်တာဗိုင်းရပ်စ်တို့ကို စစ်ဆေးခဲ့သော်လည်း ယင်းတို့နှင့်သက်ဆိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ခဲ့သည်။
နမူနာများကို ဗျူနိုအေးရိစ်မြို့ရှိ ဂုဏ်ထူးဆောင်Malbran သုတေသနဌာနသို့ ပို့ဆောင်ခဲ့ရာ စစ်ဆေးမှုများအရ ၎င်းတို့သည် လီဂျီရိုနယ်ရီရောဂါကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်။
“အဆိပ်ရှိပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို ထည့်မတွက်လို့မရပါဘူး” ဟု မီဒီနာရုစ်က ပြောကြားခဲ့သည်။ ဆေးခန်း၏ ရာသီဥတုထိန်းချုပ်ရေးစနစ်ကို စစ်ဆေးရမည်ဟု ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။
အာဏာပိုင်များသည် ဆေးခန်းရှိလူနာများနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည်ဟု ဗဇ်ဇိုတီက ပြောကြားခဲ့သည်။
တူကူမန်ပြည်နယ်ဆေးဘက်ဆိုင်ရာကောလိပ်၏ဥက္ကဌ ဟက်တာဆေးက ဘက်တီးရီးယားပိုးကူးစက်မှုသည် ပြင်းထန်ဆိုးရွားသည်ဟု ယခုသီတင်းပတ်အစောပိုင်းတွင် ပြောကြားခဲ့သည်။
သို့သော် ယင်းရောဂါသည် လူတစ်ဦးမှ တစ်ဦးသို့ ပုံမှန်အားဖြင့် ကူးစက်လေ့မရှိဘဲ ရောဂါလက္ခဏာပြကူးစက်ခံရသူ ၁၁ ဦးတွင် အနီးကပ်ထိတွေ့သူတစ်ဦးမျှ မရှိကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။














