လွန်ခဲ့သောသီတင်းပတ်တွင် ယူကရိန်းက စတင်ခဲ့သော တန်ပြန်ထိုးစစ်မှာ တိုးတက်မှုရရှိသည်ဟု စက်တင်ဘာ ၄ ရက်တွင် သမ္မတဗိုလိုဒီမာဇယ်လန်းစကီးက ထုတ်ဖော်ပြောကြားလိုက်ပြီး တောင်ပိုင်းတွင် နယ်မြေနှစ်ခု၊ နိုင်ငံအရှေ့ပိုင်းတွင် တတိယမြောက်နယ်မြေတစ်ခုနှင့် အရှေ့ပိုင်းတွင်ပင် နောက်ထပ်နယ်မြေတစ်ခုကို သိမ်းယူနိုင်ခဲ့ခြင်းအတွက် မိမိ၏တပ်ဖွဲ့များကို ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။
ယူကရိန်းတပ်များ သိမ်းယူခဲ့သည့်နယ်မြေများ၏ အမည်များကို ၎င်းကတိကျစွာ ပြောကြားခဲ့ခြင်းမရှိပေ။ မိမိ၏ ထိပ်တန်းတပ်မှူးများနှင့် စက်တင်ဘာ ၄ ရက်တွင် တွေ့ဆုံရာ၌ မိမိအနေဖြင့် သတင်းကောင်းများကို ကြားခဲ့ရသည်ဟု ပြောကြားခဲ့သော်လည်း နယ်မြေများ သိမ်းပိုက်ရရှိခဲ့သည့်အချိန်ကို ပြောကြားခဲ့ခြင်းမရှိပေ။ ဇယ်လန်းစကီးသည် စက်တင်ဘာ ၄ ရက်တွင် ယူကရိန်းထောက်လှမ်းရေးအကြီးအကဲနှင့်လည်း တွေ့ဆုံခဲ့သည်။
ဒွန်းဘက်စ်အရှေ့ပိုင်းဒေသရှိ နယ်မြေတစ်ခုကို လွတ်မြောက်စေခြင်း၊ လွိုင်ဆင်ချန့်- ဆီဗာဆက်အရပ်ရှိ အရှေ့ပိုင်းဒေသတောင်ကုန်းအချို့ကို သိမ်းပိုက်ခြင်းနှင့် တောင်ပိုင်းဒေသနှစ်ခုကို လွတ်မြောက်စေခြင်းအတွက် မိမိ၏တပ်ဖွဲ့များကို ကျေးဇူးတင်သည်ဟု ညစဉ်ပြောကြားသော မိန့်ခွန်းတွင် ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
စက်တင်ဘာ ၄ ရက် စောစောပိုင်းတွင် ယူကရိန်းသမ္မတရုံး၏ ဒုတိယအကြီးအကဲ ကီရီလိုတီမိုရှင်ကိုက ပို့စ်တစ်ခုတင်ခဲ့ရာ အဆိုပါပို့စ်တွင်တန်ပြန်ထိုးစစ်၏ အဓိကဗဟိုချက်ဖြစ်သော တောင်ပိုင်းဒေသက ရွာတစ်ရွာ၌ ယူကရိန်းအလံလွှင့်နေသော စစ်သားများ၏ ပုံကိုဖော်ပြခဲ့သည်။ “ဗိုင်ဆိုကိုပီယာ၊ ခါဆန်ဒေသ၊ ယူကရိန်း၊ ဒီနေ့” ဟု တီမိုရှင်ကိုက Facebook ပို့စ်၌ ဖော်ပြခဲ့သော ဓာတ်ပုံတွင် ရေးသားခဲ့သည်။ အဆိုပါပုံတွင် စစ်သားသုံးဦးကို မြင်ရပြီး စစ်သားတစ်ဦးက ယူကရိန်းအလံကို ခေါင်းမိုးပေါ်၌ စိုက်ထူနေသည်ကို မြင်ရသည်။
ခါဆန်ဒေသသည် ခရိုင်းမီးယားကျွန်းဆွယ်၏ မြောက်ပိုင်းတွင် တည်ရှိသည်။ ခရိုင်းမီးယားကျွန်းဆွယ်သည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှား၏ ကျူးကျော်ခြင်းကို ခံခဲ့ရပြီး ၂၀၁၄ ခုနှစ် မတ်လတွင် သိမ်းပိုက်ခံခဲ့ရသည်။ ရုရှားတပ်များသည် လက်ရှိစစ်ပွဲတွင် ခါဆန်ဒေသကို စောစောစီးစီးသိမ်းပိုက်ခဲ့သည်။
ဇူလိုင်လအစောပိုင်းတွင် လူဟန်ဒေသရှိ ရုရှားလိုလားသော ခွဲထွက်ရေးသမားများက လွိုင်ဆင်ချန့်ကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ ရုရှားလိုလားသော ခွဲထွက်ရေးသမားများက ဒွန်းဘက်ဒေသရှိ ဆီဗာဆက်လည်း သိမ်းပိုက်ခဲ့ထားခြင်းဖြစ်သည်။ ဆီဗာဆက်သည် ယူကရိန်းအရှေ့ပိုင်းရှိ ဒွန်းဘက်စ်ဒေသတွင် တည်ရှိသည်။
ယူကရိန်းသည် လွန်ခဲ့သောသီတင်းပတ်အတွင်းတွင် တန်ပြန်ထိုးစစ်စတင်ခဲ့သည်ဟု ကြေညာခဲ့ပြီးနောက် ရုရှားဘက်ကလည်း ယူကရိန်း၏ထိုးစစ်များ အောင်မြင်မှုမရဟု တုံ့ပြန်ခဲ့သည်။ ယင်းသို့သောအနေအထားတွင် သမ္မတဇယ်လန်းစကီးက ယူကရိန်းတပ်ဖွဲ့များ၏ နယ်မြေသိမ်းပိုက်မှုများအကြောင်း ပြောကြားခဲ့ကာ စစ်သားများကို ကျေးဇူးတင်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ စစ်ပွဲသည် ခြောက်လတာကာလအတွင်း ဝင်ရောက်လာပြီဖြစ်သည်။














