ကလော့လန်းဟော့ဖ်သည် ကလေးတစ်ဦးအနေဖြင့် ဒုတိယကမ္ဘာစစ်ကို ကြုံတွေ့ခဲ့ရသူဖြစ်ပြီး အိုလံပစ်ပြိုင်ပွဲ၌ အရှေ့ဂျာမနီ လက်ပစ်ဘောအသင်းကို ဦးဆောင်ရသော လက်ပစ်ဘောကစားသမားအဖြစ် ၁၉၉၂ ခုနှစ်တွင် မြူးနစ်မြို့ကို သွားခဲ့ရသည့် အမှတ်ရစရာအများအပြားကို သတိရနေသည်။
၁၉၇၂ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ပါလက်စတိုင်းသေနတ်သမားများက တိုက်ခန်းတွဲတစ်ခုကို အတင်းဝင်ရောက်၍ အစ္စရေးအသင်းသားများကို ဓားစာခံအဖြစ် ခေါ်ဆောင်ခဲ့သည်။ ထိုစဉ်က လန်းဟော့ဖ်နှင့် အသင်းဖော်များသည် အဆိုပါတိုက်ခန်းတွဲ၏ တစ်ဘက်တွင်ရှိသော တိုက်ခန်းတွဲ၌ တည်းခိုနေကြသည်။
အချိန်သည် တရွေ့ရွေ့ကုန်လာစဉ် ဓားစာခံဖမ်းဆီးထားသူများနှင့် အနောက်ဂျာမနီရဲတပ်ဖွဲ့တို့ အကြိတ်အနယ် ဆွေးနွေးမှုများလုပ်ဆောင်နေသည့် လမ်းပေါ်ကို အကြမ်းဖက်သမားများက အစ္စရေးနည်းပြ၏ အသက်ဝိညာဉ်မဲ့နေသောအလောင်းကို ပစ်ချလိုက်သည့် ထိတ်လန့် ဖွယ်မြင်ကွင်းများကို လန်းဟော့ဖ်သည်လသာဆောင်ပေါ်မှ လှမ်းမြင်ခဲ့ရသည်။
“ဒါဟာ စစ်ပွဲရဲ့အစိတ်အပိုင်း နဲ့ဆင်တူနေပါတယ်”ဟု ကပျာကယာတူးထားသော မြေကျင်းများ ထဲချထားသည့် ဂျာမနီစစ်သားအလောင်းများကို ခြောက်နှစ်သားအရွယ်တွင် မြင်ခဲ့ဖူးသည့် လန်းဟော့ဖ်က ပြောသည်။
အစ္စရေးနပန်းနည်းပြ မိုရှေးဝင်းဘတ်၏ အလောင်းကိုသယ်လာသောသေနတ်သမားများက အဆိုပါအလောင်းကို လမ်းပေါ် ပစ်ထားသည်ကို မိမိမြင်ခဲ့ရသည့် အဆိုပါဖြစ်ရပ်ကို မိမိပြန်ပြောင်း သတိရမိသည်ဟု လန်းဟော့ဖ်က အေအက်ဖ်ပီသတင်းဌာနကို ပြောပြသည်။
မြူးနစ်အိုလံပစ်ပြိုင်ပွဲ အလွန်ကောင်းမွန်စွာ စတင်ကျင်းပသည့် အနေအထားတွင် ထိတ်လန့်မှုသည် နှစ်ဆ ခံရခက်စေသည်ဟု အသက် ၈၂ နှစ်အရွယ်တွင် ကျန်းမာရေး ကောင်းမွန်နေဆဲဖြစ်သော လန်းဟော့ဖ်က ပြောသည်။
လန်းဟော့ဖ်သည် ပြည်ပကို ပထမဆုံးအကြိမ်သွားသည့် လက်ပစ်ဘောအသင်းကို ဦးဆောင်ရန် ခွင့်ပြုချက်ရရှိခဲ့သည့် အရှေ့ဂျာမနီနိုင်ငံသား အနည်းငယ်တွင် တစ်ဦး အပါအဝင်ဖြစ်ပြီး မြူးနစ်မြို့ကို ကြီးမားသော မျှော်လင့်ချက်များဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။
အိုလံပစ်ပြိုင်ပွဲတွင် ပထမဆုံးသီတင်းပတ်သည် အလွန်ကောင်းမွန်ခဲ့ပြီး အလွန်ပျော်စရာကောင်းခဲ့သည်ဟု လန်းဟော့ဖ်က ပြန်ပြောင်းပြောပြသည်။
သို့ရာတွင် အသင်း၏ အထွေထွေအတွင်းရေးမှူးက နံနက် ၅ : ၃၀ နာရီတွင် သူ့ကို နှိုးသည့်အခါ အဆိုပါ ပျော်ရွှင်စရာများသည် ရုတ်တရက် အဆုံးသတ်သွားခဲ့သည်။
“သူက အခန်းထဲမှာရှိတဲ့ ကျွန်တော့်ဆီကို ရောက်လာခဲ့တယ်။ အစ္စရေးတွေ စတည်းချနေတဲ့ ဟိုနေရာမှာတော့ ပစ်ခတ်မှုတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်နေတယ်ဆိုတာကို တခြားကစားသမား အားလုံးကိုအသိပေးလိုက်ပါ ကလော့လို့ ပြောပါတယ်”ဟု ကလော့လန်းဟော့ဖ်က ပြောပြသည်။
အရှေ့ဂျာမနီသားများကို ပြတင်းပေါက်များနှင့် ဝေးဝေးနေရလည်းကောင်း၊ အခန်းတွင်းမှာပင် နေကြရန်လည်းကောင်း အစပိုင်းတွင်ပြောထားသည်။
သို့ရာတွင် မိမိတို့သည် ပစ်မှတ် မဟုတ်ဆိုသည်ကို မကြာခင် ရှင်းရှင်းလင်းလင်းသိရသည့်အခါ လန်းဟော့ဖ်သည် အပြင်ကိုကြည့်လိုက်ပြီး လသာဆောင်ပေါ်ကို ထွက်လာခဲ့ကာ ထိုနေရာမှ နေ၍ အကြမ်းဖက်မှုများကို ဓာတ်ပုံ ရိုက်ကူးခဲ့သည်။
ပစ်ရန်အသင့်ဖြစ်နေသော ကလက်ရှ်နီကော့ရိုင်ဖယ်ဖြင့် ခေါင်မိုးပေါ်တွင် ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ Black September ၏အဖွဲ့ ဝင်တစ်ဦးကို မိမိမြင်ရကြောင်း ဓာတ်ပုံတစ်ပုံကိုညွှန်ပြရင်း လန်းဟော့ဖ်က ပြောသည်။
အနောက်ဂျာမနီရဲတပ်ဖွဲ့၏ အလွဲလွဲအချော်ချော်ကယ်ဆယ်ရေးလုပ်ငန်းတွင် ကျူးလွန်သူ ရှစ်ဦးထဲက ငါးဦး၊ ရဲတစ်ဦးတို့သေဆုံးခဲ့ခြင်းနှင့်အတူ ဓားစာခံကိုးဦး သေဆုံးကာ အဆုံးသတ်ခဲ့ရပြီး စုစုပေါင်း လူ ၁၇ ဦး သေဆုံးခဲ့သည်။














