ယူကရိန်းတပ်ဖွဲ့များက ဇာပိုရီရှားနျူကလီးယားဓာတ်အားပေးစက်ရုံကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ဟု ရုရှား ပြောကြား

ယူကရိန်းတပ်ဖွဲ့များက ဇာပိုရီရှားနျူကလီးယားဓာတ်အားပေးစက်ရုံကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ဟု ရုရှား ပြောကြား
Published 4 September 2022

စက်တင်ဘာ ၁ ရက်က ဇာပိုရီရှား နျူကလီးယားစက်ရုံထဲမှ ထွက်ခွာလာသည့် IAEA ကျွမ်းကျင်သူများပါဝင်သည့် မော်တော်ယာဉ်တန်းကို တွေ့ရစဉ် - Photo: AP

ယူကရိန်းတပ်ဖွဲ့များသည် စက်တင်ဘာ ၂ ရက်က တိုက်ခိုက်မှုတစ်ခုတွင် ဇာပိုရီရှား နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက် ရုံကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သည်ဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၃ ရက်တွင်ပြုလုပ်သည့် နေ့စဉ်သတင်းထုတ် ပြန်မှုတွင် ပြောကြားခဲ့သည်။

စက်တင်ဘာ ၂ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီခန့်က ယူကရိန်းရေတပ်မှ တပ်ဖွဲ့ ဝင် ၂၅၀ ကျော်သည်ယူကရိန်းနိုင်ငံတောင် ပိုင်းရှိ ဇာပိုရီရှား နျူကလီးယားစက်ရုံအနီးရှိ  ရေကန်၏ကမ်းခြေပေါ်သို့ ဆင်းသက်ရန်ကြိုး ပမ်းခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန က ပြောကြားခဲ့သည်။

“ဇာပိုရီရှားစက်ရုံကို နိုင်ငံတကာအဏုမြူစွမ်းအင် အေဂျင်စီ IAEA ရဲ့ ကိုယ်စားလှယ်တွေ ရောက်ရှိနေပေမယ့် ယူကရိန်းအ စိုးရဟာ စက်ရုံကို သိမ်းယူဖို့ နောက်တစ်ကြိမ် ကြိုးပမ်းခဲ့ပါတယ်”ဟု ရုရှားကာကွယ်ရေးဝန် ကြီးဌာနက ပြောကြားခဲ့သည်။

မိမိတို့တပ်ဖွဲ့များသည် စစ်ရဟတ်ယာဉ် များ၊ တိုက်လေယာဉ်များဖြင့် ယူကရိန်းတပ်ဖွဲ့ များ၏ တိုက်ခိုက်မှုကို ချေဖျက်နိုင်ခဲ့ပြီး ယူက ရိန်းရေယာဉ်အစင်း ၂၀ ထိခိုက်ပျက်စီးခဲ့ကာ  လူစုကွဲသွားခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ သည်ဟု ရုရှားက ပြောကြားခဲ့သည်။

ယင်းသတင်းမှန်ကန်ခြင်းရှိမရှိ ရိုက်တာ သတင်းဌာနက အတည်ပြုနိုင်ခဲ့ခြင်းမရှိပေ။

ဥရောပ၏ အကြီးဆုံး နျူကလီးယားစွမ်း အင်သုံး စက်ရုံဖြစ်သည့် ဇာပိုရီရှားစက်ရုံတွင် မကြာသေးမီလများအတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ယူကရိန်းနှင့် ရုရှားတို့သည် အပြန်အလှန် ဝေဖန်စွပ်စွဲခဲ့ သည်။

ယင်းစက်ရုံကို မတ်လက ရုရှားတပ်ဖွဲ့ များသိမ်းယူခဲ့သော်လည်း ယင်းစက်ရုံသည် ယူကရိန်းဓာတ်အားလိုင်းနှင့်ချိတ်ဆက်ထား ဆဲဖြစ်ကာ ယူကရိန်းဝန်ထမ်းများကပင် တာ ဝန်ယူ လုပ်ဆောင်နေဆဲဖြစ်သည်။

ဥရောပတိုက်တွင် ချာနိုဘိုင်းနျူကလီးယားဘေးအန္တရာယ်ပုံစံမျိုးဖြစ်ပွားလာနိုင်သည်ဟု စိုးရိမ်မှုများမြင့်တက်နေချိန်တွင် စက်တင်ဘာ ၁ ရက်က IAEA သည် ဇာပိုရီ ရှားနျူကလီးယားစက်ရုံသို့ ၎င်းင်း၏ ကျွမ်းကျင် သူများကို စေလွှတ်ခဲ့သည်။

နျူကလီးယားဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြေမြင့်မားနေပြီး အခြေအနေမှာ ဆိုးရွား နေသည်ဟု ရုရှားနှင့် ယူကရိန်းတို့က ပြော ကြားခဲ့သည်။

ယူကရိန်းနှင့် အနောက်နိုင်ငံများကမူ ရုရှားသည် ယင်းနျူကလီးယားစက်ရုံကို လက် နက်ကြီးများသိုလှောင်သည့်စခန်းအဖြစ် အသုံးချနေသည်ဟု စွပ်စွဲခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရွှိုက်ဂူကမူ ရုရှားသည် ယင်းစက်ရုံအတွင်း သို့မဟုတ် ယင်းစက်ရုံအနီးတွင် လက်နက်ကြီး များ ထားရှိခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး ယူက ရိန်းသည် နျူကလီးယားစက်ရုံကို ယူကရိန်း က တိုက်ခိုက်နေပြီး နျူကလီးယား အကြမ်း ဖက်မှုကို ကျူးလွန်နေသည်ဟု စွပ်စွဲခဲ့သည်။

စက်မှုထိပ်သီးခုနစ်နိုင်ငံ (ဂျီရ) က ယူက ရိန်းတွင် စစ်ပွဲဆင်နွှဲနေသည့် ရုရှားအတွက် အလွန်အရေးပါသော ဝင်ငွေအရင်းအမြစ် တစ်ခုဖြစ်သည့် ရုရှားကတင်ပို့သည့် ရေနံ စျေးနှုန်းကို အရေးတကြီး ကန့်သတ်ထိန်းချုပ် မှုလုပ်ဆောင်သွားမည်ဟု အခိုင်အမာပြော ဆိုထားသည်။

အချိန်ကိုက်ဆိုသလိုပင် ရုရှားစွမ်းအင် ကုမ္ပဏီကြီး Gazprom  က တာဗိုင်တွင် ယိုစိမ့် မှုဖြစ်ပွားခြင်းကြောင့် ဂျာမနီသို့ ဓာတ်ငွေ့တင် ပို့မှုများကို အချိိန်အကန့်အသတ်မရှိ ရပ်နား ထားမည်ဟု ကြေညာခဲ့သည်။

ဘောလ်တစ်ပင်လယ်ကိုဖြတ်၍ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှ ဂျာမနီသို့ ဆက် သွယ်ထားသည့် Nord Stream ဓာတ်ငွေ့ပိုက် လိုင်းမှတစ်ဆင့် ဓာတ်ငွေ့ပြန်လည်တင်ပို့ဖွယ် ရှိကြောင်း Gazprom ကုမ္ပဏီက အစောပိုင်း တွင် ပြောကြားထားသည်။  

Ref: Reuters

Most Read

Most Recent