တရုတ်၏ နည်းပညာမြို့ဖြစ်သည့် ရှန်ကျန်းတွင် ကိုဗစ်ကူးစက်မှုများမြင့်တက်နေသဖြင့် ထိန်းချုပ်ကန့်သတ်မှုများကို တင်းကျပ်

တရုတ်၏ နည်းပညာမြို့ဖြစ်သည့် ရှန်ကျန်းတွင် ကိုဗစ်ကူးစက်မှုများမြင့်တက်နေသဖြင့် ထိန်းချုပ်ကန့်သတ်မှုများကို တင်းကျပ်
သြဂုတ် ၃၁ ရက်က ရှန်ကျန်းမြို့ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် ကပ်ရောဂါထိန်းချုပ်ရေး စီမံကိန်းများအတွက် ကူညီပေးရန်ရောက်ရှိလာသည့် စေတနာ့ဝန်ထမ်းများကို တွေ့ရစဉ် (Photo : AP)
သြဂုတ် ၃၁ ရက်က ရှန်ကျန်းမြို့ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် ကပ်ရောဂါထိန်းချုပ်ရေး စီမံကိန်းများအတွက် ကူညီပေးရန်ရောက်ရှိလာသည့် စေတနာ့ဝန်ထမ်းများကို တွေ့ရစဉ် (Photo : AP)
Published 3 September 2022
Ref : Reuters

တရုတ်နိုင်ငံ တောင်ပိုင်းရှိ နည်းပညာရပ်ဝန်းမြို့ဖြစ်သည့် ရှန်ကျန်းတွင် COVID-19 ကူးစက်မှုများ မြင့်တက်နေသဖြင့် စက်တင်ဘာ ၁ ရက်တွင် ကပ်ရောဂါဆိုင်ရာ ထိန်းချုပ်ကန့်သတ်မှုများကို တင်းကျပ်ခဲ့ပြီး ယင်း မြို့၏ လူနေအထူထပ်ဆုံး ပေါင်အန်ဒေသတွင် မိုးလုံလေလုံဖျော်ဖြေပွဲများနှင့် လူအများအပြားစုရုံးသည့် အခမ်းအနားများကို သုံးရက်ကြာ ပိတ်ပင်ထားခဲ့သည်။

လူဦးရေ ၁၃ သန်းကျော်နေထိုင်သည့် ရှန်ကျန်းမြို့၏ ဒေသ ၁၀ ခု၏ ထက်ဝက်ခန့်ကို ဖျော်ဖြေရေးပွဲများကို ပိတ်ပင်ခြင်းနှင့် စားသောက်ဆိုင်အတွင်း ထိုင်စားခွင့်ပေးသည့် လူအရေအတွက်ကို လျှော့ချခြင်း သို့မဟုတ် ပါဆယ်စနစ်သာခွင့်ပြုခြင်း အစရှိသည့် ကန့်သတ်ချက်များကို ချမှတ်ခဲ့သည်။

ပညာရေးအာဏာပိုင်များကလည်း စက်တင်ဘာ ၁ ရက်တွင် ပြန်လည်စတင်ရန် စီစဉ်ထားခဲ့သည့် စာသင်နှစ်အသစ် စတင်မှုကို ရက်ရွှေ့ဆိုင်းခဲ့သည်။

ထို့ပြင်ဒေသခံများအနေနှင့် အရေးကြီးသည့်ကိစ္စများမရှိပါက အိမ်အပြင်မထွက်ရန် အရာရှိများက စက်တင်ဘာ ၁ ရက်တွင် အစီရင်ခံစာထုတ်ပြန်ပြီး တိုက်တွန်းခဲ့သည်။

စည်းကမ်းချက်အသစ်များနှင့်ပတ်သက်ပြီး အရာရှိများအနေဖြင့် မည်ကဲ့သို့ ထိန်းသိမ်းကြီးကြပ်မည်ဆိုခြင်းကိုမူ အသေးစိတ်မပြောခဲ့သော်လည်း အစိုးရ၊ ကွန်မြူနစ်ပါတီ အာဏာပိုင်များနှင့် နိုင်ငံပိုင်ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ဝန်ထမ်းများကို မလိုအပ်ဘဲ မြို့ပြင်မထွက်စေရန် စိတ်ချသေချာအောင် လုပ်ဆောင်ပေးရန် တောင်းဆိုခဲ့သည်။

အစီရင်ခံစာအရ ဒေသခံများအနေဖြင့် မြို့အတွင်းမှ ထွက်ခွာလိုလျှင် ၄၈ နာရီအတွင်း ကိုဗစ်ကူးစက်ခြင်းမခံရသည့်  ဆေးစစ်ချက်များကို ပြသရမည်ဖြစ်သည်။

အာဏာပိုင်များသည် ရှန်ကျန်းမြို့၏ စီးပွားရေးအချက်အချာဖြစ်သည့် ဖူထန်ဒေသ၏ ကပွဲခန်းမနှင့် ဆက်နွှယ်သည့် ကိုဗစ်ကူးစက်မှုအစုအဖွဲ့တစ်ခုကို ခြေရာခံခဲ့ပြီးနောက် ယင်းကပွဲသို့ သွားရောက်ခဲ့သူများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ ကျန်းမာရေးအာဏာပိုင်များထံသွားရောက်ပြီး ရောဂါကူးစက်ခံရခြင်းရှိ၊ မရှိ စစ်ဆေးမှုခံယူကြရန် တိုက်တွန်းခဲ့သည်။

ကမ္ဘာ့ အကြီးမားဆုံး လျှပ်စစ်ပစ္စည်းစျေးကွက်ဖြစ်သည့် ဟွာချန်ပေမြို့ကို အာဏာပိုင်များက သြဂုတ် ၂၉ ရက်တွင် ပိတ်ခဲ့သည်။

ရှန်ကျန်မြို့တွင် သြဂုတ် ၃၁ ရက်က ကိုဗစ်ကူးစက်ခံရသူအသစ် ၆၂ ဦးတွေ့ရှိခဲ့ပြီး ယင်းသည် သြဂုတ် ၃၁ ရက်က ကူးစက်ခံရသူ ၃၇ ဦးနှင့် နှိုင်းယှဉ်ပါက နှစ်ဆနီးပါးမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တရုတ်နိုင်ငံ၏ အကြီးဆုံးမြို့ကြီးများထဲမှ တစ်မြို့ဖြစ်သော ချန်ဒူးမြို့နေ လူဦး ရေ ၂၁.၂ သန်းကို လော့ဒေါင်းချလိုက်ကြောင်း အာဏာပိုင်များက ကြေညာခဲ့ပြီး မြို့အနှံ့တွင် လေးရက်ကြာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုများကို စတင်ခဲ့ကာ တရုတ်၏ လူဦးရေအထူထပ်ဆုံးနှင့် စီးပွားရေးအရ အရေးအပါဆုံး မြို့ကြီးအချို့သည် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများကို ထိန်းချုပ်နေရသည်။

တရုတ်သည် ကိုဗစ်ကင်းစင်ရေး မဟာဗျူဟာကို တစ်စိုက်မတ်မတ် ကျင့်သုံးကာ ကို ရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု မှန်သမျှကို အမြစ်ဖြတ်ထိန်းချုပ်ရန်အတွက် ရုတ်တရက် လော့ဒေါင်းချခြင်း၊ လူအများအပြားကို ဆေး စစ်ခြင်းနှင့် အချိန်ကြာမြင့်စွာ ကွာရန်တင်း ထားရှိသည့် နည်းလမ်းများကို ကျင့်သုံးလျက် ရှိသည်။စီချွမ်ပြည်နယ်၏ မြို့တော်ဖြစ်သော ချန်ဒူးမြို့ခံ အားလုံးသည် စက်တင်ဘာ ၁ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီမှစတင်၍ နေအိမ်၌သာ နေထိုင်ကြရန် ညွှန်ကြားထားပြီး အိမ်ထောင်စုများအနေဖြင့် မရှိမဖြစ် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူရန် တစ်ရက်လျှင် တစ်ဦးသာ အပြင်ထွက်ခွင့်ရှိကြောင်း ဒေသန္တရအစိုးရက ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent