စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်ရှိ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင် ဟန်လင်း ပျူမြို့ဟောင်းအနီး၌ ရှေး ဟောင်း ပစ္စည်းများ တူးဖော်ရောင်းချနေမှုများ ကြောင့် သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ် များ မပျက်စီးရန် ကာကွယ်ထိန်းသိမ်းမှုများ လုပ်ဆောင်ပေးရန်လိုအပ်လျက်ရှိကြောင်း သတင်းရရှိသည်။
ဝက်လက်မြို့နယ် ဟန်လင်း ပျူမြို့ ဟောင်းအနီး မြောက်ထန်းကြီးကျေးရွာအနီး ဝန်းကျင်ရှိ ယာမြေများအတွင်းမှ ရှေးဟောင်း အသုံးအဆောင်ပစ္စည်းများတွေ့ရှိသဖြင့် ပြီး ခဲ့သည့် မေလခန့်မှစတင်ပြီး ယခု ဇူလိုင်လ အထိ နေ့စဉ် လူဦးရေ သောင်းဂဏန်းခန့်အထိ ရှေးဟောင်းပစ္စည်းများ လာရောက်တူးဖော်မှု များ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံ မှ စုံစမ်းသိရသည်။
အဆိုပါဝက်လက်မြို့နယ်အတွင်း ရှေး ဟောင်းပစ္စည်းများအား လူအများအပြားဖြင့် လာရောက်တူးဖော်နေသည့် ဓာတ်ပုံနှင့် ရုပ် သံဗွီဒီယိုဖိုင်များ လူမှုကွန်ရက်စာမျက်နှာများ တွင် ပျံ့နှံ့ခဲ့ပြီးနောက် ရှေးဟောင်းပစ္စည်းများ တူးဖော်ရောင်းချနေမှုနှင့်ပတ်သက်၍ တူး ဖော်မှုများမပြုလုပ်ဘဲ သမိုင်းအမွေအနှစ်များ အား ကာကွယ်ထိန်းသိမ်းရန် ဝေဖန်ထောက်ပြ မှုများလည်း ထွက်ပေါ်လျက်ရှိသည်။ ထိုသို့ ဝေဖန်မှုများနှင့်ပတ်သက်၍ ယင်းကဲ့သို့ ရှေး ဟောင်းပစ္စည်းများအား တူးဖော်ရခြင်းမှာ ဒေသခံများ၏ စားဝတ်နေရေးအရလာရောက် တူးဖော်ရခြင်းဖြစ်ကြောင်းလည်း လူမှုကွန်ရက် တွင် ရေးသားထားမှုများလည်း တွေ့ရသည်။
“ရှေးဟောင်းပစ္စည်းတွေကတော့ ခေတ် အဆက်ဆက်က အသုံးအဆောင်ပစ္စည်းတွေ မျိုးစုံ ရကြတယ်။ ပျူပုတီးစေ့တွေလည်း ရကြ သူတွေ ရှိတယ်။ ရှေးဟောင်းပစ္စည်းတွေ ဆို တော့ ရတနာပစ္စည်းတွေလည်း ပါတယ်။ ကံ ထိုက်တဲ့သူ ရကြတာပေါ့။ ရှေးဟောင်း ပစ္စည်း တွေက မြေအောက်အနက်ကြီး တူးစရာမလိုဘဲ နှစ်ပေ သုံပေလောက်တူးရင် တွေ့နေရတယ်။ အခုရက်ပိုင်းကတော့ လာတူးတဲ့သူက နည်း နည်းပါးသွားပြီ။ အရင်ကတော့ နေ့တိုင်းလိုလို ပဲ ပွဲတော်ကြီးလို လူတွေက အပြည့်ပဲ။ ရှေး ဟောင်း ပစ္စည်းလာတူးတဲ့သူတွေကတော့ စား ဝတ်နေရေးအရ လာလုပ်ကြတဲ့သူတွေလည်း ပါတာပေါ့။ လူကတော့ အစုံပါပဲ။ အရောင်း အဝယ်ကလည်း ပစ္စည်းတစ်ခုခုတွေ့ပြီဆိုရင် ဘေးနားမှာ ဝယ်မယ့်သူက အရန်သင့်ရှိ နေ တယ် ” ဟု ဝက်လက်မြို့နယ်မှ ဒေသခံတစ်ဦး က ပြောကြားသည်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဟန်လင်း ပျူမြို့ဟောင်းအနီး ရှေးဟောင်းပစ္စည်းများကို ရှာဖွေတူးဖော်ရောင်းချနေမှုများနှင့်ပတ် သက် ၍ နိုင်ငံ၏သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းများအား တူးဖော်ရောင်းချမှုမပြုလုပ် သင့်ဘဲ ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း မြန်မာမှုဗိသုကာပညာရှင် ဦးဝင်းမောင် (တမ္ပ ဝတီ) က သုံးသပ်ပြောကြားသည်။
“ဟန်လင်း ပျူမြို့ဟောင်းဒေသက ကျောက်ခေတ်ကစတင်ပြီး ကြေးခေတ်၊ သံ ခေတ်အထိ ဆက်တိုက်လူနေမှုတွေရှိခဲ့သလို ဟံလင်းပျူခေတ်ထွန်းကားချိန်မှာလည်း လူ နေထိုင်မှုတွေရှိခဲ့ပါတယ်။ အဲဒီလို ကျောက် ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်အထိ လူနေထိုင်မှုတွေ ဆက်တိုက်ရှိလာခဲ့သလိုပဲ ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်ဘောင်ခေတ်နဲ့ နောက်ဆုံးရတနာပုံခေတ်အထိပေါ့။ လူနေ ထိုင်မှုတွေ ရှိခဲ့တာဟာ ယနေ့ခေတ်ကာလ အထိ ပါပဲ။ အဲဒီလို ခေတ်အဆက်ဆက် လူနေ ထိုင်မှုတွေရှိလာခဲ့တာကြောင့် အဲဒီဒေသက မြေလွှာလေးတွေက တိုက်စားမှုတွေလည်း ရှိ တော့ ပါးပါးလေးတွေပဲရှိနေတာ။ အဲဒီလို မြေ လွှာပါးပါးလေးပဲရှိနေတဲ့နေရာမှာ မြေအောက် တစ်ပေအနက်လောက်တူးလိုက်ရင်ပဲ ခေတ် အလိုက် မြှုပ်နှံထားတာတွေက အစုံတွေ့ရပါ တယ်။ လက်ရှိ ရှေးဟောင်းပစ္စည်းတွေတူးဖော် နေကြတဲ့ ထန်းကြီးရွာနေရာဟာ ဟန်လင်း ပျူမြို့ ဟောင်းရဲ့ မြို့ရိုးအပြင်ဘက်က ရွှေ ကြိုးသတ်မှတ်ထားတဲ့ နယ်မြေထဲတစ်နေရာ ဖြစ်ပါတယ်။ ဟန်လင်းနေပြည်တော်နဲ့ အနီး ဆုံးနေရာထဲက တစ်နေရာပေါ့။ အခု အဲဒီလို နေရာမှာ တူးဖော်နေကြတဲ့အခါ ဥပမာ ပုတီး စေ့တစ်စေ့တွေ့ရတယ်ဆိုပါတော့ အဲဒီပုတီး စေ့ဟာ ကျောက်ခေတ်ကလား၊ ကြေးခေတ်နဲ့ သံခေတ်ကလား၊ ပျူခေတ်နဲ့သက်ဆိုင်တဲ့ ပစ္စည်းလား၊ ဒီဘက်ခေတ်နဲ့သက်ဆိုင်တဲ့ ပစ္စည်းလားဆိုတာ ဘယ်သူကမှ ခွဲခြားပြီး မှတ် ထားတာ မရှိကြဘူး။ အဲဒီလို တူးဖော်တဲ့ အခါ မှာ ပစ္စည်းရလိုက်တာပဲရှိတယ်။ ဘယ်ခေတ် ကာလနဲ့သက်ဆိုင်တယ်ဆိုတဲ့ သမိုင်းဆိုင်ရာ မှတ်တမ်းက မကျန်ရစ်ခဲ့တာကြောင့် လက် လွတ် စပယ်မတူးဖော်သင့်ပါဘူး။ အခု အဲဒီ နယ်မြေမှာရှိနေကြတဲ့ သက်ဆိုင်ရာ တာဝန်ရှိ တဲ့သူတွေအနေနဲ့ ရှေးဟောင်းအမွေအနှစ် ပစ္စည်းတွေ တူးဖော်ရောင်းချနေတာကို ကာ ကွယ်တားဆီးပေးကြဖို့လည်း လိုအပ်ပါ တယ်။ ရှေးဟောင်းပစ္စည်းတွေ တူးဖော်ရောင်း ချပြီး ကိုယ့်ရဲ့ပြည်တွင်းမှာပဲ ထိန်းသိမ်းထားနိုင် သေးရင် တစ်ချိန်မှာ သမိုင်းမှတ်တမ်းအတွက် သုတေသနပြုသူတွေ လေ့လာနိုင်သေးတယ်။ အဲဒီလိုမှမဟုတ်ဘဲ သူများနိုင်ငံတွေဆီကို ရောက်သွားရင်တော့ ဘာသမိုင်းမှတ်တမ်းမှ မကျန်တော့သလို ကိုယ့်နိုင်ငံရဲ့ အမွေ အနှစ် တွေလည်း ပျောက်ဆုံးသွားမှာ ဖြစ်ပါတယ်” ဟု မြန်မာမှုဗိသုကာပညာရှင် ဦးဝင် မောင် (တမ္ပဝတီ)က ပြောကြားသည်။
အဆိုပါ ဝက်လက်မြို့နယ်အတွင်း ရှေး ဟောင်း ပစ္စည်းများအား လူအများအပြားဖြင့် လာရောက်တူးဖော်နေမှုများနှင့်ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြ တိုက် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကိုယ့် ဒေသ ၏ သမိုင်းဝင်အမွေအနှစ် ပစ္စည်းများနှင့် သမိုင်းကြောင်းဆိုင်ရာများအား ဖျက်ဆီးရန် မသင့်ဘဲ ကာကွယ်ထိန်းသိမ်းရမည်ဖြစ် ကြောင်း ပြည်တွင်းသတင်းစာတစ်စောင်တွင် ပြောကြားထားသည်ကို တွေ့ရသည်။
လတ်တလောကာလတွင် အဆိုပါ ဒေသ မှာ နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှုမရှိ သဖြင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးဌာနအနေဖြင့် သွားရောက်ကွင်း ဆင်း စစ်ဆေးနိုင်မှု မရှိသေးကြောင်းလည်း သိရသည်။ဟန်လင်းပျူမြို့ဟောင်းအား ၂၀၁၄ ခုနှစ်တွင် ယူနက်စကိုမှ ဗိဿနိုးမြို့ဟောင်း၊ သရေခေတ္တရာမြို့ဟောင်းတို့နှင့်အတူ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဒေသ အဖြစ် သတ်မှတ်ခံခဲ့ရသည်။















