မွန်ပြည်နယ် ရေးနှင့် မုဒုံမြို့နယ်များတွင် အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သတ်ခံခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ယမန်နေ့ ဧပြီလ (၂၇) ရက်နေ့ မွန်းလွဲ (၃) နာရီဝန်းကျင်အချိန်ခန့်က ရေးမြို့ နှင့် ချောင်းတောင်ကျေးရွာအား ချိတ်ဆက်ထားသော ရေးမြစ်ကူးတံတားပေါ်တွင် မောင်နိုင် ဆိုသူအား ဆိုင်ကယ်နှင့် သေနတ်သမားနှစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “မောင်နိုင် က သေနတ်နဲ့ပစ်ခတ်ခံရတဲ့ တံတားပေါ်မှာဘဲ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ရုပ်အလောင်းကိုတော့ သက်ဆိုင်ရာက ရေးခရိုင်ပြည်သူ့ ဆေးရုံကို ပို့ဆောင်ပေးလိုက်ကြတယ်လို့ သိရပါတယ်”ဟု ပြောကြားသည်။
အလားတူ ယမန်နေ့ ဧပြီလ (၂၇) ရက်နေ့ ည (၇) နာရီ (၄၀) မိနစ်အချိန်ခန့်ကလည်း မုဒုံမြို့နယ် ဖယ်ဒိုကျေးရွာနေ အသက် (၅၆) နှစ်အရွယ် ဦးညွန့်သိန်းဆိုသူမှာလည်း ၎င်း၏နေအိမ်၌ရှိနေစဉ် ဆိုင်ကယ်ဖြင့် သေနတ်သမား (၆) ဦးခန့်မှ ရောက်ရှိလာပြီး ဦးညွန့်သိန်း အားသေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်သွားကြောင်းနှင့် ဦးညွန့်သိန်းမှာ သေနတ်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေအိမ်၌ပင်သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ထို့အပြင် ပြီးခဲ့သည့် ဧပြီလ (၁၄) ရက်နေ့ကလည်း မုဒုံမြို့နယ် ကမာဝက်မြို့၊ ရှမ်းစုရပ်နေ ဦးငြိမ်းဦး နှင့် ကိုရဲလင်းဦး တို့ သားအဖနှစ်ဦးမှာလည်း လက်နက်ကိုင်များ၏ ပစ်ခတ်ခြင်းခံခဲ့ရပြီး ကိုရဲလင်းဦးမှာ သေဆုံးခဲ့ကာ ဦးငြိမ်းဦးမှာ သေနတ်ဒဏ်ရာရရှိခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။















