ဗီယက်နမ်အမျိုးသမီးအသင်းနည်းပြ မိုင်ဒုချန်က ၂၀၂၂ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ တတိယနေရာလုပွဲတွင် မြန်မာအမျိုးသမီးအသင်းကို ရှုံးနိမ့်ခဲ့ခြင်းအတွက် မိမိအပြည့်အဝတာဝန်ယူကြောင်း ပွဲအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
မိုင်ဒုချန်က ''ဒီပွဲ (မြန်မာအသင်း) ရှုံးနိမ့်ခဲ့မှုအတွက် ကျွန်တော် အပြည့်အဝတာဝန်ယူပါတယ်။ ကျွန်တော့်အပေါ်မှာပဲ သက်ရောက်မှု ရှိစေချင်ပါတယ်။ ကျွန်တော့်ကစားသမားတွေမှာ ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ အခက်အခဲလေးတွေ ရှိနေပါတယ်။ မြန်မာအမျိုးသမီးအသင်းမှာလည်း အခက်အခဲတွေ ရှိနေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ သူတို့အသင်းက ကျွန်တော်တို့အသင်းကို ဒီပွဲမှာ မဖြစ်မနေ အနိုင်ကစားမယ်လို့ ဆုံးဖြတ်ထားပုံရပါတယ်။ ကျွန်တော့်ကစားသမားတွေဟာ ပွဲအပေါ် အာရုံစိုက်မှုနည်းခဲ့တဲ့အတွက် အခုလို ရှုံးနိမ့်ခဲ့ရတာပါ။ ကျွန်တော်တို့အသင်းက မြန်မာအသင်းအပေါ် ဦးဆောင်နိုင်ခဲ့ပေမဲ့ ချေပဂိုးနဲ ့အနိုင်ဂိုးတွေကို မတားဆီးနိုင်ခဲ့ပါဘူး။ နောက်ဆုံးအချိန်တွေမှာ ကျွန်တော်တို့ ဂိုးတွေပေးလိုက်ရတယ်။ တကယ်ဆို ဒီပွဲက ကျွန်တော်တို့အသင်း (၃-၂) ဂိုးနဲ့ အနိုင်ရသင့်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ (၃-၄) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတယ်။ ဒီပြိုင်ပွဲကနေ ကျွန်တော်တို့ အများကြီး အကျိုးအမြတ်ရလိုက်တာက ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ လိုသေးတယ်ဆိုတာကိုပါ။ ကျွန်တော့်အသင်းက တချို့ကစားသမားတွေက ငယ်ရွယ်လွန်းသေးတာကြောင့် အတွေ့အကြုံတွေ ပိုရှာဖွေရပါဦးမယ်''ဟု ပြောကြားသည်။
ဗီယက်နမ်အမျိုးသမီးအသင်းနှင့် မြန်မာအမျိုးသမီးအသင်းသည် ယင်းပွဲမတိုင်မီ အနီးကပ်ဆုံး တွေ့ဆုံမှုများအဖြစ် ပြီးခဲ့သည့် ဆီးဂိမ်းစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်နှင့် ယခုပြိုင်ပွဲ အုပ်စုအဆင့်တွင် တွေ့ဆုံခဲ့သည်။
ဗီယက်နမ်အမျိုးသမီးအသင်းသည် ပြီးခဲ့သည့် ဆီးဂိမ်းစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် မြန်မာအမျိုးသမီးအသင်းကို (၁-၀) ဂိုး၊ ယခုပြိုင်ပွဲ အုပ်စုအဆင့်တွင် (၄-၀) ဂိုးဖြင့် အနိုင်ရထားသော်လည်း တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားသည့် တတိယနေရာလုပွဲတွင်မူ အပြန်အလှန်သွင်းဂိုးများဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
သို့သော် ဗီယက်နမ်အမျိုးသမီးအသင်းသည် ၂၀၂၃ ကမ္ဘာ့ဖလားအမျိုးသမီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားသည့်အသင်းဖြစ်သည်။















