ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေများနှင့် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွား

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေများနှင့် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွား
မေ ၃၀ ရက်က နစကဥက္ကဋ္ဌနှင့် UWSP ဒုတိယဥက္ကဋ္ဌတို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ်
မေ ၃၀ ရက်က နစကဥက္ကဋ္ဌနှင့် UWSP ဒုတိယဥက္ကဋ္ဌတို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ်
Published 12 June 2022
ရဲကျော်စွာ

“ကိုယ်ပိုင်အုပ်ချုပ်ရေး” (Autonomy) ဆိုသည်မှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာများနှင့် ပြည်သူ့ရေးရာ လုပ်ပိုင်ခွင့်များ၏ အစိတ်အပိုင်းအချို့ကို အချုပ်အချာ အာဏာပိုင် နိုင်ငံတော်၏ နယ်မြေဒေသများသို့ အဆင့်လိုက် ခွဲဝေအပ်နှင်းထားသော စနစ်ဖြစ်သည်။

စနစ်အားလုံးတွင် ကျင့်သုံးနိုင်

နိုင်ငံ တစ်ခု၏ လက်အောက်ခံ ပြည်နယ်/တိုင်းများ ၊ ခရိုင်များ၊ မြို့နယ်များ၊ တိုက်နယ်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုများ၊ ကျေးရွာများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်များ အဆင့်လိုက် ပေးအပ်ထားသောစနစ်ကို နိုင်ငံတော် ဖွဲ့စည်းမှုစနစ်အမျိုးအစား အားလုံးတွင် ကျင့်သုံးနိုင်စွမ်းရှိသည်။

၁။ တစ်ပြည်ထောင်နိုင်ငံများ (Unitary State)

၂။ တစ်ပြည်ထောင်တစ်ပိုင်း နိုင်ငံများ (Quasi- Unitary State)

၃။ ဖက်ဒရယ်တစ်ပိုင်း နိုင်ငံများ (Quasi- Federal State) နှင့်

၄။ ဖက်ဒရယ်နိုင်ငံများ (Federal State)

အမျိုးအစားများအားလုံးတွင် “ကိုယ်ပိုင် အုပ်ချုပ်ရေးစနစ်” (Autonomous System)ကို လက်တွေ့ကျင့်သုံး၍ ရသည်။

တစ်ပြည်ထောင်နိုင်ငံများနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး

ချမ်းသာကြွယ်ဝသော၊ ဖွံ့ဖြိုး ပြီး စက်မှုနိုင်ငံများတွင် နိုင်ငံတော်က “တစ်ပြည်ထောင် နိုင်ငံတော်” (Unitary State) ဖြစ်နေသော်လည်း ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးနေသော နိုင်ငံများ ရှိသည်။

ယင်းနိုင်ငံများတွင် ကျင့်သုံးနေသော ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်များသည် “ပထဝီ‌အခြေပြု ဒီမို ကရေစီနည်းကျ နယ်မြေ ဒေသန္တရ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်” (Geographic Based Democratic Local Autonomous System) များ ဖြစ်ကြသည်။

နမူနာအားဖြင့် ဂျပန်၊ ဗြိတိန်၊ ဆွီဒင်၊ နော်ဝေး၊ ဒိန်းမတ် အစရှိသော နိုင်ငံများသည် ‘အမျိုးသား နိုင်ငံတော်’(National State) အားဖြင့် “တစ်ပြည်ထောင်စနစ်” (Unitary Syate) ကို ကျင့်သုံးသော “တစ်ပြည်ထောင် နိုင်ငံများ” (Unitary State) ဖြစ်ကြသည်။

ယင်းနိုင်ငံများသည် လူမှုရေး၊ ပညာရေး၊ ပြန်ကြားရေးနှင့် လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးနယ်ပယ်များတွင် ရင့်ကျက်ပြီး တည်ငြိမ်နေသော နိုင်ငံများ ဖြစ်ကြသည်။

ယင်းနိုင်ငံများတွင် ပြည်နယ်များ၊ ခရိုင်များ၊ မြို့တော်များ၊ မြို့များ နှင့် ကျေးရွာများတွင် အဆင့်လိုက် ဒီမိုကရေစီ ဒေသန္တရ အုပ်ချုပ်ခွင့်များကို အပ်နှင်းထားကြသည်။ ယင်းကဲ့သို့သော ပထဝီအခြေပြု ဒီမိုကရေစီဒေသန္တရ ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ဒေသန္တရ ရွေးကောက်ပွဲများကို သီးခြားစီ အဆင့်လိုက် ကျင်းပကြသည်။

ကိုယ်ပိုင်အုပ်ချုပ်ရေးအမျိုးမျိုး

ပြီးခဲ့သော အေဒီ ၁၉ ရာစု ခေတ်၊ ၂၀ ရာစုခေတ်နှင့် ယခု ၂၁ ရာစု ခေတ်အတွင်း ကမ္ဘာတစ်ဝန်းရှိ အမျိုးသားနိုင်ငံတော်များတွင် ခေတ်အလိုက် ပြောင်းလဲ၊ ကျင့်သုံးခဲ့သော ကိုယ်ပိုင်အုပ်ချုပ်ရေးများ အမျိုးမျိုးရှိသည်။

၁။ ဓလေ့ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေး (Cultural Autonomy)

၂။ လူမှုဖူလုံရေးဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေး (Social Welfare Autonomy)

၃။ စည်ပင်သာယာ ကိုယ်ပိုင်အုပ်ချုပ်ရေး (Municipal Autonomy)

၄။ ဖွံ့ဖြိုးရေးဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေး (Developmental Autonomy)

၅။ စီးပွားရေးဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေး (Economic Autonomy)

၆။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေး (Environmental Autonomy)

၇။ အုပ်ချုပ်မှုဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေး (Administrative Autonomy)

၈။ ဥပဒေပြုရေးဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေး (Legislative Autonomy)

၉။ တရားစီရင်ရေးဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေး (Judicial Autonomy)

၁၀။ နိုင်ငံရေးဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေး (Political Autonomy)

အစရှိသဖြင့် မတူညီသော ကိုယ်ပိုင် အုပ်ချုပ်ရေးစနစ်များ အမျိုးမျိုးရှိကြသည်။ နိုင်ငံတစ်ခုချင်းအလိုက် ကျင့်သုံးနေသော ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်များအတွင်း  အထက်ဖော်ပြပါ ကိုယ်ပိုင်အုပ်ချုပ်ရေး အမျိုးအစားများ တစ်ခုထက် ပိုမို ပါဝင်ပေါင်းစပ်ဖွဲ့စည်းထားကြသည်။

ပုံတူကူး၍ မရ

နိုင်ငံများအလိုက် မိမိနိုင်ငံ တစ်ခုချင်း၏ ဖွံ့ဖြိုးမှု အဆင့်အတန်း၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ပြန်ကြားရေးနှင့် လူ့အရင်းအမြစ် ဖွံ့ဖြိုးမှုနယ်ပယ်များတွင် ရင့်ကျက်မှု၊ အသိပညာ၊ ဉာဏ်ပညာနှင့် ဆင်ခြင်တုံတရား ပြည့်စုံကြွယ်ဝမှု အဆင့်အတန်းများအပေါ် မူတည်ကာ ကွဲပြားခြားနားသော ၀ိသေသ လိုအပ်ချက်များအပေါ် အခြေပြု၍ မတူညီသော ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် အမျိုးအစားများကို အသုံးပြု ကြသည်။

အမျိုးသားနိုင်ငံတော်များသည် မိမိနိုင်ငံ၏ ပကတိအခြေအနေများ၊ ၀ိသေသထူးခြားချက် အချင်းအရာများအပေါ် အခြေပြု၍ မိမိနိုင်ငံနှင့် သင့်လျော်၊ ကိုက်ညီ၊ အသုံးဝင်မည့်၊ အကျိုးဖြစ်ထွန်းမည့် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်များကို အသုံးပြုကြသည်။

ဥရောပနိုင်ငံများနှင့် အနောက် အုပ်စုဝင် ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံများတွင်လည်း နိုင်ငံများသည် အခြားနိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် ကို ပုံတူကူးချ ကျင့်သုံးခြင်း မရှိခဲ့ပါ။

မြန်မာနိုင်ငံနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်များ

လွတ်လပ်ရေးခေတ် မြန်မာနိုင်ငံအတွင်း ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်း နိုင်ငံတော်သည် တစ်ပြည်ထောင် နိုင်ငံတော် ဖြစ်နေခဲ့သော်လည်း တောင်တန်းဒေသများတွင် ကိုလိုနီခေတ်မှ ကျန်ရစ်ခဲ့သော လက်ကျန် ‘ပဒေသရာဇ် ကိုယ်ပိုင် အုပ်ချုပ်ရေး စနစ်’ (Feudal Autonomy)ကို ဆက်လက်ကျင့်သုံးခဲ့သည်။

ယင်းစနစ်သည် သားစဉ်မြေးဆက် အရိုက်အရာ ဆက်ခံသော စနစ်ဖြစ်ပြီး ‘သမ္မတနိုင်ငံတော်’ (Republic) တစ်ခုအတွက် သင့်လျော်ခြင်း မရှိခဲ့ပါ။ ၁၉၅၈ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းဦးဆောင်သော အိမ်စောင့်အစိုးရက ယင်းလက်ကျန် ပဒေသရာဇ် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းခဲ့သည်။

တောင်တန်းဒေသများတွင် သာမက “ပြည်မ မြေပြန့်ဒေသ” (Proper Burma)၏ ကျေးလက် နယ်‌မြေများတွင်လည်း ကျေးရွာအလိုက် မျိုးရိုးစဉ်ဆက် အရိုက်အရာ ဆက်ခံသော ရွာသူကြီးစနစ်ဟောင်းကို ဖဆပလ အစိုးရက ယာယီဆက်လက် ကျင့်သုံးခဲ့သေးသည်။

နောက်ပိုင်းတွင် ရိုးရာသူကြီး မျိုးရိုးများ၏ အုပ်ချုပ်မှုကို အာဏာရ ဖဆပလ အဖွဲ့ချုပ်၏ နိုင်ငံရေးပါတီ လက်အောက်ခံ လက်နက်ကိုင် တပ်ဖွဲ့များ၏ ကျေးလက်အုပ်ချုပ်ရေးဖြင့် အစားထိုးခဲ့သည်။ ၁၉၅၈ ခုနှစ် နောက်ပိုင်းတွင် အိမ်စောင့်အစိုးရက ယင်းလက်နက်ကိုင်အဖွဲ့များ၏ အုပ်ချုပ်မှုကို ဖျက်သိမ်းခဲ့သည်။

ဖဆပလခေတ်အတွင်း ရခိုင်နှင့် တနင်္သာရီဒေသများ အပါအဝင် ပြည်မ မြေပြန့်ဒေသများမှ မြို့များ၏ စည်ပင်သာယာအုပ်ချုပ်ရေးကို သီးခြားစည်ပင်သာယာ ရွေးကောက်ပွဲများ ကျင်းပကာ “ဒီမိုကရေစီ ဒေသန္တရ စည်ပင်သာယာ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်” (Democratic Local Municipal Autonomous System) ကို ကျင့်သုံးခဲ့သည်။

သို့သော်လည်း ဖဆပလ အစိုးရသည် ယင်းစနစ်ကို တောင်တန်း ဒေသရှိ မြို့များအတွက် မကျင့်သုံးခဲ့ပါ။ တောင်တန်းဒေသများရှိ မြို့များတွင် ပဒေသရာဇ် အုပ်ချုပ်ရေးကိုသာ ဆက်လက်ကျင့်သုံးခဲ့သည်။

အရပ်ဘက် ဗျူရိုကရေစီ ဗဟိုဦးစီးစနစ်

၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်း ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ မြန်မာနိုင်ငံအတွင်း လက်တွေ့ ကျင့်သုံးခဲ့သော နယ်မြေဒေသန္တရ အုပ်ချုပ်ရေးစနစ်မှာ “ဗျူရိုကရေစီ ဗဟိုဦးစီးစနစ်” (Bureaucratic Centralism) သာလျှင်ဖြစ်သည်။

တိုင်းများ၊ ခရိုင်များ၊ မြို့နယ်များကို တိုင်းမင်းကြီးများ၊ ခရိုင်ဝန်များ၊ အရေးပိုင်များ၊ မြို့ပိုင်များ၊ မြို့အုပ်များ အဆင့်ဆင့်ဖြင့် အုပ်ချုပ်သည်။ ယင်းတို့အားလုံးသည် ပြည်ထဲရေးဝန်ကြီးဌာန၏ အရပ်ဘက်ဝန်ထမ်းများ ဖြစ်ကြသည်။ တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ (B.A) ကို ရရှိပြီးသူများကို ဒေသန္တရ အုပ်ချုပ်ရေး အရာရှိများအဖြစ် ခန့်အပ်သော စနစ်ဖြစ်ပြီး ဗြိတိသျှ အင်ပါယာ၏ ကိုလိုနီအုပ်ချုပ်ရေး စနစ်မှ ရရှိခဲ့သော အမွေတစ်ခုလည်း ဖြစ်သည်။

ယင်းဒေသန္တရအုပ်ချုပ်ရေး ဆိုင်ရာ ဗျူရိုကရေစီ ဗဟိုဦးစီးစနစ်သည် ပဒေသရာဇ်စနစ်ထက်စာလျှင် များစွာ ပိုမိုသက်သာ၊ ပိုမိုကောင်းမွန်သော်လည်း  ဗဟိုက ထိန်းချုပ်သော အရာရှိအုပ်ချုပ်ရေးစနစ် တစ်ခုသာ ဖြစ်နေသဖြင့် နိုင်ငံတော်အတွင်း ကြီးထွားကျယ်ပြန့်နေသော ခွဲထွက်ရေးဝါဒများ (Separatism)၊ လူမျိုးရေးဝါဒများ (Racism))၊ အကြမ်းဖက်ဝါဒများ (Terrorism)၊ မင်းမဲ့ဝါဒများ (Anarchism)၊ အစွန်းရောက်ဝါဒများ (Extremism)၊ ဒုစရိုက်ဂိုဏ်းများ (Organized Crime Gangs)နှင့် ‘လက်နက်ကိုင် စစ်သွေးကြွမှုများ’ (Armed Militancy) ကို လျှော့ချ ထိန်းချုပ်ရေးအတွက်  သက်ဆိုင်ရာ သမိုင်းခေတ်အရ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အားနည်းချက် များစွာရှိခဲ့သည်။

စစ်ဘက် ဗျူရိုကရေစီ ဗဟိုဦးစီးစနစ်

၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီ အစိုးရ ခေတ်အတွင်း နယ်မြေဒေသန္တရအုပ်ချုပ်ရေးအတွက် “စစ်ဘက် ဗျူရိုကရေစီ ဗဟိုဦးစီးစနစ်”  (Military Bureaucratic Centralism)) ကို ကျင့်သုံးခဲ့သည်။

ယင်းစနစ်အရ “လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီ - လအက” (Security and Administrative Committee – SAC) များကို မြို့နယ်၊ ခရိုင်၊ တိုင်း၊ ဗဟို ဟု အဆင့်လေးဆင့် ဖြင့် ဖွဲ့စည်းခဲ့သည်။အမည်အားဖြင့်

၁။ မြို့နယ် လအက (မြို့နယ် လုံခြုံ ရေးနှင့် အုပ်ချုပ်မှုကော်မတီ)

၂။ ခရိုင် လအက (ခရိုင် လုံခြုံရေး နှင့် အုပ်ချုပ်မှုကော်မတီ)

၃။ တိုင်း လအက (တိုင်း လုံခြုံရေး နှင့် အုပ်ချုပ်မှုကော်မတီ)

၄။ ဗလက (ဗဟိုလုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီ)  ဟု ခေါ်ဆိုခဲ့သည်။

ဗဟိုလုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီကို တော်လှန်ရေးကောင်စီအစိုးရ ‘ပြည်ထဲရေးဌာန တာဝန်ခံ’  (Commissar for Home Affair) (ပြည်ထဲရေးဝန်ကြီး)၏ လက်အောက်တွင် ထားရှိသည်။

သက်ဆိုင်ရာ တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ မြို့အုပ်များက သက်ဆိုင်ရာ တိုင်း လအက၊ ခရိုင် လအက၊ မြို့နယ် လအက ကော်မတီများ၏ အတွင်းရေးမှူးများအဖြစ် တာဝန်ထမ်း ဆောင်ရသည်။ ပါလီမန်ခေတ်မှ နယ်ဘက် အရပ်သား အုပ်ချုပ်ရေးအရာရှိအားလုံးကို ဆက်လက်တာဝန်ပေးထားခဲ့ခြင်း ဖြစ်သည်။

သက်ဆိုင်ရာ ကော်မတီများ အလိုက် တိုင်းရဲမင်းကြီးများ၊ ခရိုင် ရဲဝန်များ၊ မြို့နယ်ရဲဝန်ထောက်များက အဖွဲ့ဝင်များအဖြစ် ပါဝင်ပြီး အခြားသော ဌာနဆိုင်ရာအရာရှိများကလည်း အဆင့်လိုက် ပါဝင်ရသည်။

ယင်းစနစ်သည် ဖဆပလ ခေတ်၏ အရပ်သား ဗျူရိုကရေစီနှင့် လုံးဝ မတူတော့ဘဲ  ‘စစ်ဘက်၊ ရဲဘက်၊ အရပ်ဘက် သုံးပွင့်ဆိုင် ပေါင်းစပ် ဗျူရိုကရေစီ’ (Military  Police  Civil Tripartite Hybrid Bureaucracy) စနစ်အသစ် ဖြစ်လာသည်။

ယင်းစနစ်အတွင်း “ဆက်သွယ်ရေး - သတင်းပို့ရေး - ကွပ်ကဲရေးနှင့် ထိန်းချုပ်ရေးစနစ်” (Communication - Reporting - Command and Control System) က တပ်မတော်၏ စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးစနစ်နှင့် အခြေခံ အဆောက်အအုံများကို တိုက်ရိုက်အသုံးပြုခွင့်ပေးထားသဖြင့် သတင်းအချက်အလက်များကို စိစစ်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်း၊ တုံ့ပြန်ခြင်းနှင့် အခြေအနေထိန်းချုပ်ခြင်းများတွင် အလွန်လျင်မြန်သွားသည် ။

ထိုအချိန်က စာရေးသူ၏ ဖခင်သည် တပ်မတော်အရာရှိတစ်ဦးအဖြစ် ရှမ်းပြည်နယ် အင်းလေး (နန်းပန်မြို့နယ်) ဒေသ၏ မြို့နယ် လအက ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ အရှေ့မြောက်တိုင်း (ရှမ်းမြောက်) တိုင်း လအက အတွင်းရေးမှူးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ရသည်။

၁၉၆၂ မှ ၁၉၇၄ ခုနှစ်အတွင်း လအက အဆင့်ဆင့်သည် ဆိုရှယ်လစ်ရေး မူဝါဒများအရ မြေရှင်စနစ် ဖျက်သိမ်းရေး၊ မြေယာခွဲဝေရေး၊ ကျေးလက်သမဝါယမများ ဖွဲ့စည်းရေး၊ အလုပ်သမား အစည်းအရုံးများ၊ လယ်သမား အစည်းအရုံးများ ဖြစ်လာကြမည့် ရှေ့ပြေးအဖွဲ့များ ဖွဲ့စည်းရေး၊ အရင်းရှင်များကို ထိန်းချုပ်ခြင်း၊ ပုဂ္ဂလိကလုပ်ငန်းများကို ပြည်သူပိုင်သိမ်းရေး၊ နိုင်ငံရေး ပါတီများ၏ ပါတီပိုင် လက်နက်ကိုင် ကာကွယ်ရေးအဖွဲ့များကို ဖျက်သိမ်း ခြင်း၊ ဘိန်းဘုရင်များကို လက်နက် ဖြုတ်သိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရသည်။

ယင်းကာလအတွင်း ၁၉၆၂ ခု နှစ်မှ ၁၉၇၄ ခုနှစ် အတွင်း နယ်စပ် မှောင်ခိုစျေးကွက် နိုင်ငံခြား ငွေကြေးစျေးနှုန်း ပေါက်စျေးများအရ မြန်မာနိုင်ငံ၏ တစ်ဦးချင်း ပျမ်းမျှဝင်ငွေနှင့် တစ်ဦးချင်း ပျမ်းမျှ ကုန်ထုတ်လုပ်မှု ပမာဏများက ဆက်လက်တိုးတက်နေဆဲ ဖြစ်ခဲ့သည်။

၁၉၇၄ ခုနှစ်တွင် အသစ် ပေါ်ပေါက်လာသော အရပ်သားပါတီ ကေဒါများဖြင့် အခြေပြု ဖွဲ့စည်းထားသည့် ပြည်သူ့ကောင်စီအဆင့်ဆင့်သို့ အုပ်ချုပ်ရေးကို လွှဲပြောင်းပေးခဲ့ပြီး လအကများကို ဖျက်သိမ်းခဲ့သည်။

တစ်ပါတီ အရပ်ဘက် ဗျူရိုကရေစီ အုပ်ချုပ်ရေး

၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ၏ တစ်ပါတီစနစ်အောက်တွင် နယ်မြေဒေသန္တရ အုပ်ချုပ်ရေးအတွက် ပြည်နယ်။တိုင်း ပြည်သူ့ကောင်စီများ၊ မြို့နယ်ပြည်သူ့ကောင်စီများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ပြည်သူ့ကောင်စီများဖြင့် အုပ်ချုပ်ခဲ့သည်။

ယင်းကာလအတွင်း ခရိုင်များက ကြိုးနီစနစ်ကို ကြီးထွားစေပြီး အထက်နှင့်အောက်ကို ကွာဟစေသည်ဟု လွဲမှားသော ထင်မြင်ယူဆချက်များဖြင့် သုတေသနမလုပ်ဘဲ ခရိုင်ဖွဲ့စည်းပုံများကို ဖျက်သိမ်းခဲ့သည်။ ပြည်နယ်/တိုင်းများ၊ မြို့နယ်များနှင့် ရပ်/ကျေးဟု အဆင့်သုံးဆင့်သာ ထားရှိခဲ့သည်။

ခရိုင်များကို မထားရှိတော့သဖြင့် လက်တွေ့တွင် ပြည်နယ်/တိုင်း ပြည်သူ့ကောင်စီများသည် မြို့နယ်များကို နိုင်နင်းစွာ မကိုင်တွယ်နိုင်တော့ဘဲ အထွေထွေ စီမံခန့်ခွဲရေး အားနည်းချက်များနှင့် စီးပွားရေး၊ လူမှုရေးကျဆင်းမှုများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။

ပြည်သူ့ ကောင်စီအဆင့်ဆင့်၊ ပြည်သူ့တရားသူကြီးအဖွဲ့ အဆင့်ဆင့်၊  ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ အဆင့်ဆင့်နှင့် ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ အဆင့်ဆင့်များတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ၏ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသ ပါတီကော်မတီများ၊ မြို့ နယ်ပါတီ ယူနစ်များ၊ အလုပ်သမား အစည်းအရုံးနှင့် လယ်သမားအစည်းအရုံးများမှ အဆိုပြုချက်များဖြင့် ထည့်သွင်းပေးလိုက်ရသော၊ နောက်ကြောင်း မခိုင်လုံသော၊ ပညာ‌တတ် မဟုတ်သော အရပ်သား မဆလ နိုင်ငံရေးကေဒါများကို ထည့်သွင်း ပေးခဲ့ရသဖြင့် ပညာတတ်မဟုတ်သူများ၏ အုပ်ချုပ်မှုများက တစ်နိုင်ငံလုံး၏ ဒေသန္တရအုပ်ချုပ်မှု စက်ယန္တရားတစ်ခုလုံးကို ကမောက်ကမ ဖြစ်စေခဲ့သည်။

ဝေဖန်သူများက ပြည်သူ့ကောင်စီ အဆင့်ဆင့်နှင့် သမဝါယမအဖွဲ့ အဆင့်ဆင့်၏ အခြေအနေများကို ‘ဖွတ် မိကျောင်းဖြစ် မြစ် မချမ်းသာ’ ဟု တင်စားပြောဆိုခဲ့ကြသည်။

အထွေထွေ စီးပွားရေးနှင့် လူမှုရေးကျဆင်းမှုများကြောင့် ခေတ်နောက်ကျလာသော နိုင်ငံအတွင်း ၁၉၈၈ ခုနှစ်တွင် ပြင်းထန်သော အရပ်ဘက် အုံကြွမှုများ ပေါက်ကွဲ ဖြစ်ပေါ်လာခဲ့ပြီး ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရစနစ် ချုပ်ငြိမ်းသွားခဲ့သည်။

အထူးဒေသများနှင့် မြန်မာနိုင်ငံ

၁၉၈၈ ခုနှစ် တွင် နဝတ အစိုးရ ခေတ် စတင်လာခဲ့ပြီး ကိုးကန့်တပ်ဖွဲ့များနှင့် ‘၀’ တပ်ဖွဲ့များက ဗမာပြည် ကွန်မြူနစ်ပါတီ (CPB) ထံမှ ခွဲထွက်ကာ နဝတအစိုးရနှင့် ငြိမ်းချမ်းရေး ရယူလိုက်သည် ။ ယင်းနှစ်ဖွဲ့စလုံးက ‘တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ကိုယ်ပိုင်အုပ်ချုပ်ရေး’ (EAO Controlled Autonomy) စနစ် တစ်မျိုးကို ကျင့်သုံးသော ကိုယ် ပိုင် အထူးဒေသများ ရရှိလာခဲ့သည်။          

ကိုးကန့် နှင့် ‘၀’ ကို အတုယူပြီး KIO/KIA SSA SSPP/SSA PNOရလလဖ၊ ကလလတ၊ ကယန်းပြည်သစ်ပါတီ၊ မွန်ပြည်သစ်ပါတီ၊  DKBA အစရှိသော အဖွဲ့များ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ငြိမ်းချမ်းရေးယူကာ ကိုယ်ပိုင်အထူးဒေသများ ရရှိလာခဲ့ကြသည်။

ယင်းဒေသများအတွင်း နယ်စပ်ဖြတ်ကျော် စီးပွားရေးလုပ်ငန်းများ ကြီးထွားလာခဲ့ပြီး အခြေခံအဆောက် အအုံများ ဖွံ့ဖြိုးလာခဲ့ကြသည်။

ယင်းအခြေအနေများကြောင့် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့ကလည်း ငြိမ်းချမ်းရေးနှင့် အထူးဒေသလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းလာခဲ့ကြသည်။

၂၀၀၈ အခြေခံဥပဒေနှင့် ဒေသန္တရအုပ်ချုပ်ရေး

၂၀၁၁ ခုနှစ်တွင် စတင် ကျင့်သုံးလာသော စနစ်သစ်အရ ပြည်နယ်/တိုင်းများ၏ လက်အောက်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းများ (တိုင်းခွဲအဆင့်)နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ ( ခရိုင်အဆင့်များ ) ပါဝင်လာသည်။

သို့သော်လည်း ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များ၊ ပြည်နယ်/တိုင်း အုပ်ချုပ်ရေးမှူးများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးများကို နိုင်ငံတော်သမ္မတက ခန့်အပ်ရသည်။

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းများ (တိုင်းခွဲများ)နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ (ခရိုင်များ) မှ လွဲ၍ ကျန်ရှိနေသော ပြည်နယ်/တိုင်း များ၊ ခရိုင်များနှင့် မြို့နယ်အားလုံးသည် ဗဟိုအုပ်ချုပ်ရေး၏ လက်အောက်ခံ ဖြစ်နေခဲ့သည်။

နိုင်ငံတော်၏ အခြေအနေ တည်ငြိမ်နေလျှင် ကိုယ်ပိုင်အုပ်ချုပ်ရေး (Autonomy)ကို ကျင့်သုံးခြင်းအား ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်း တည်ထောင်ခြင်း မပြုခင် လက်တွေ့ စတင်ကျင့်သုံး၍ ရသည်။

ကိုယ်ပိုင်အုပ်ချုပ်ရေးကို တိုးချဲ့ကျင့်သုံးရန် အုပ်ချုပ်ရေးအမိန့် ညွှန်ကြားချက်များ၊ ဥပဒေအသစ် ပြဋ္ဌာန်းခြင်း၊ ဥပဒေပိုင်း ပြင်ဆင် ပြောင်းလဲခြင်းများဖြင့် စတင်ကျင့်သုံးနိုင်သည်။

ကိုယ်ပိုင် အုပ်ချုပ်ရေးကို ကျင့် သုံးရန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲသည်အထိ စောင့်ဆိုင်းရန် မလိုအပ်ပါ။

ကိုယ်ပိုင် အုပ်ချုပ်ရေးစနစ်ကို တိုးချဲ့ခြင်းသည် မြန်မာနိုင်ငံအတွင်း တင်းမာနေဆဲဖြစ်သော အခြေအနေ အချို့အတွက် ကုစားရန် အတိုင်းအတာတစ်ခုအထိ အထောက်အကူ ဖြစ်နိုင်ချေရှိသည်။ သို့သော်လည်း နိုင်ငံတော်အတွင်းရှိ ပြဿနာများနှင့် စိန်ခေါ်မှုအားလုံးကို ဖြေရှင်းနိုင်ရန် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ကို တိုးမြှင့်ခြင်း နည်းလမ်းတစ်ခုတည်းဖြင့် လုံလောက်ပြည့်စုံမည် မဟုတ်ပါ။

အသစ်တိုးချဲ့လာမည့် ဒီမိုကရေစီ ဒေသန္တရ ကိုယ်ပိုင်အုပ်ချုပ်ရေး စနစ်သစ်သည် “လူပြိန်းကြိုက် ကိုယ်ပိုင်အုပ်ချုပ်ရေး”  (Populist Autonomy) အစား  “အရည်အချင်း အခြေပြုအုပ်စိုးမှုစနစ်” (Meritocracy)သို့ တစ်ဆင့် ဆင့်ကဲပြောင်းလဲရာတွင် ကောင်းမွန်စွာ အထောက်အကူ ဖြစ်စေမည့်  “တိုးတက်သော ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်” (Progressive Autonomous System) သာလျှင် ဖြစ်သင့်သည်။

လူပြိန်းကြိုက် ကိုယ်ပိုင်အုပ်ချုပ်ရေးအဟောင်းသို့ ပြန်ရောက်သွားမည်ဆိုလျှင် ပြဿနာအဟောင်းများကို မဖြေရှင်းနိုင်ရုံမျှမက ပြဿနာအသစ်များစွာကိုပါ ဖြစ်ပေါ်လာစေနိုင်စွမ်း ရှိနေသည်။         

Most Read

Most Recent