ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီအစည်းအဝေးကို ယခုလဆန်းတွင် ကျင်းပမည် ဖြစ်ပြီး ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲ ရှိ မရှိ လက်ရှိတာဝန်ထမ်းဆောင်သူများ၏ ဆန္ဒအပေါ်မူတည် မည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီအစည်းအဝေးကို ယခုလဆန်းတွင် ကျင်းပမည် ဖြစ်ပြီး ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲ ရှိ မရှိ လက်ရှိတာဝန်ထမ်းဆောင်သူများ၏ ဆန္ဒအပေါ်မူတည် မည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 3 June 2022

၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်းက နေပြည်တော်တွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီအစည်းအဝေးကျင်းပနေမှုအား တွေ့ရစဉ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီအစည်းအဝေးကို ယခု ဇွန်လဆန်းပိုင်းတွင် နှစ်ရက်တာကျင်းပရန်ရှိပြီး အစည်းအဝေးတွင် ပါတီ၏ ဗဟိုအဆင့်ခေါင်းဆောင်ပိုင်း ပြန်လည်ရွေးချယ်သည့် လုပ်ငန်းစဉ်များပါဝင်ကြောင်း ယင်းပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့်က ပြောကြားသည်။

သို့ရာတွင် အစည်းအဝေးအပြီး လက်ရှိပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ရှိ၊ မရှိမှာ အချက်နှစ်ချက်အပေါ် အဓိက မူတည်မည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့က တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်၊ ကျေး အဆင့်အထိ ပြန်လည်ပြင်ဆင်စုဖွဲ့မှုတွေ ပြီးစီးသွားပြီ။ အခုဒါနောက်ဆုံး ဗဟိုအဆင့်ကိုကျင်းပမှာပေါ့။ ဒီမှာလည်း လက်ရှိရှိနေတဲ့ ဗဟိုကော်မတီဝင်အားလုံးပေါ့။ ဗဟိုအလုပ်အမှုဆောင်တွေ၊ ဗဟိုအတိုင်ပင်ခံတွေ အလုပ်အမှုဆောင် အားလုံးရဲ့ ဆန္ဒသဘောထားပေါ့။ သူတို့ရဲ့ ဆန္ဒသဘောထားက အခြေခံကျတယ်။ ပြီးရင် တက်ရောက်လာတဲ့ ပါတီဗဟိုကော်မတီဝင်တွေရဲ့ ဆန္ဒမဲပေးရွေး ချယ်မှု ကလည်း အခရာကျတယ်။ ဒါကြောင့် ရွေးချယ်တင်မြှောက်ပွဲတော့ လုပ်မယ်။ သို့သော်လည်း ခေါင်းဆောင်ပိုင်းတွေ အပြောင်းအလဲ ရှိမယ်၊ မရှိဘူးဆိုတာကတော့ ဗဟိုကော်မတီအစည်းအဝေး ကျင်းပပြီးတော့မှပဲ အတိအကျပြောလို့ရမှာ ဖြစ်ပါတယ်”ဟု ပြည်ခိုင်ဖြိုးပါတီ ပြောခွင့်ရ ဒေါက်တာ နန္ဒာလှမြင့်က ပြောကြားသည်။

လက်ရှိ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊  ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းအပါအဝင်  ဗဟိုကော်မတီဝင်များကို ၂၀၁၆ ခုနှစ် သြဂုတ်လတွင်ကျင်းပသည့် ပါတီ၏   ဒုတိယအကြိမ်  ညီလာခံက ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံစည်းမျဉ်းအရ ပါတီဗဟိုညီလာခံကို  ငါးနှစ်တစ်ကြိမ်  ကျင်းပကာ ဗဟိုကော်မတီဝင်၊ ဗဟိုအလုပ်အမှုဆောင်များ ပြန်လည်ရွေးချယ်ရပြီး ဗဟိုကော်မတီ အစည်းအဝေးကိုမူ တစ်နှစ်တစ်ကြိမ် ကျင်းပပြုလုပ်ရန် သတ်မှတ်ထားကြောင်း သိရသည်။ သို့သော် ၂၀၁၆ ပါတီ ညီလာခံအပြီး တတိယအကြိမ် ညီလာခံချိန် ကျော်လွန်လာသော်လည်း ကိုဗစ်ကပ်ရောဂါ နှင့် နိုင်ငံရေးအခြေအနေအရ ညီလာခံကျင်းပနိုင်ခြင်း မရှိသေးကြောင်း  ဒေါက်တာ နန္ဒာလှမြင့်က  ပြောကြားသည်။

“အခု ညီလာခံ ကျင်းပမဲ့အချိန်တောင် နည်းနည်းကျော်လာပြီပေါ့။ ညီလာခံကျင်းပ ဖို့အတွက်ကလဲ  ကျွန်တော်တို့မှာ ကန့်သတ်ချက်တွေ ရှိတယ်။ နိုင်ငံရေး၊ သွားရေးလာရေး ကန့်သတ်ချက်တွေရှိတော့ ပါတီရဲ့ စည်းမျဉ်းအရ ဗဟိုညီလာခံကျင်းပဖို့ အခက်အခဲရှိတဲ့ ကာလမျိုးမှာ ဗဟိုကော်မတီအစည်းအဝေး ဆောင်ရွက်ရမယ်ဆိုတဲ့ ပါတီရဲ့စည်းမျဉ်းအရ ပါတီဗဟိုကော်မတီ အစည်းအဝေးခေါ်ယူတာ ဖြစ်ပါတယ်”ဟု ပြည်ခိုင်ဖြိုးပါတီပြောခွင့်ရ ဒေါက်တာ နန္ဒာလှမြင့်က ပြောကြားသည်။

ပါတီဗဟိုကော်မတီအစည်းအဝေးတွင် ပြန်လည်ရွေးချယ်တင်မြှောက်မှုများ၊ ပြီးခဲ့ သည့် ငါးနှစ်တာ ဖြတ်သန်းမှု၏ အားနည်းချက်၊ အားသာချက်များ ပြန်လည်သုံးသပ်ခြင်း၊ ပါတီရေရှည်တည်တ့ံခိုင်မြဲရေး၊ နိုင်ငံတော်နှင့်နိုင်ငံသားများ ရင်ဆိုင်နေရသည့် အခက်အခဲတွေ၊ လိုလားချက်များကို သုံးသပ်၍ ရှေ့လုပ်ငန်းစဉ်ချမှတ်ခြင်းများ လုပ်ဆောင်မည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် လက်ရှိ တိုင်းပြည်တွင် ဖြစ်ပေါ်နေသည့် စီးပွားရေးကျပ်တည်းမှု၊ တရားဥပဒေ စိုးမိုးရေး  အားနည်းမှု၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု၊ ငွေကြေးဖောင်းပွမှုနှင့် ပြည်သူရင်ဆိုင်နေရသော အခက်အခဲများကို ဗဟိုကော်မတီ အစည်းအဝေးတွင် ဆွေးနွေး အဖြေရှာသွားမည်ဟုလည်း အဆိုပါ ပြည်ခိုင်ဖြိုးပါတီ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီကျင်းပမည့် ဗဟိုကော်မတီအစည်းအဝေးမှာ ရွေးကောက်ပွဲရှိခြင်း၊ မရှိခြင်းနှင့် မသက်ဆိုင်ဘဲ ၂၀၂၃ အထွေထွေ ရွေးကောက်ပွဲနီးကပ်ချိန်တွင်  ကျင်းပရခြင်း မှာ တိုက်ဆိုင်မှုသာဖြစ်ကြောင်း ၎င်းက  ဆက်လက်ပြောကြားသည်။

လက်ရှိ ပြည်ခိုင်ဖြိုးပါတီတွင် ဗဟိုအလုပ်အမှုဆောင် ၄၂ ဦး၊ ဗဟိုကော်မတီဝင် ၂၇၅ ဦးနှင့် အရံ ဗဟိုကော်မတီဝင် ၇၅ ဦးရှိ ကြောင်း သိရသည်။

Most Read

Most Recent