ဇွန်လအတွင်း ဧရာဝတီမြစ်ရေမှာ မန္တလေးမြို့အပါအဝင် မြစ်အထက်ပိုင်းနှင့် အလယ်ပိုင်းရှိမြို့များ၌ လက်ရှိရေအမှတ်များထက် ၁၀ ပေကျော် မြင့်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၂၂ ခုနှစ် ဇွန်လ လပတ်မြစ်ရေအခြေအနေခန့်မှန်းချက်တွင် ဖော်ပြပါရှိသည်။
မြစ်ရေအခြေအနေ ကြိုတင်ခန့်မှန်းချက်အရ ဇွန်လအတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် ၁၂ ပေမှ ၁၄ ပေခန့်၊ ပခုက္ကူ မြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေး မြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၁၀ ပေမှ ၁၂ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။
ထို့အတူ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့ တွင် ၁၃ ပေမှ ၁၈ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။
ဇွန်လအတွက် မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းမှုအရ အနောက်တောင်မုတ်သုံလေသည် ဇွန် ၁ရက်မှ ၅ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ ဝင်ရောက်နိုင်ကြောင်း၊ လာမည့်ဇွန်လတွင် မိုးရွာသွန်းမှုအခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၂၃ ရက်မှ ၂၈ ရက်ခန့်၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ၁၆ ရက်မှ ၂၂ ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ၉ ရက်မှ ၁၅ ရက် ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းထုတ်ပြန်ထားသည်။















