ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံသဘောတူစာချုပ်ဖြင့် တရားဝင် MoU လုပ်သားစေလွှတ်မှုကို မေ ၁၀ ရက်က စတင်ခဲ့ရာ တရားဝင်အလုပ်သွားလုပ်လိုသဖြင့် ပတ်စ်ပို့ပြုလုပ်ရန် မြဝတီမြို့တွင် လုပ်သားရာနှင့်ချီ၍ စောင့်ဆိုင်းနေရကြောင်း သတင်းရရှိသည်။
အလုပ်သမားဝန်ကြီးဌာန၏ တရားဝင်ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအနေဖြင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်မည့် ရွှေ့ပြောင်းလုပ်သားများအား ပတ်စ်ပို့ပြုလုပ်ရန် ပတ်စ်ပို့ရုံးသို့ တင်ထားသော်လည်း ရက်သတ္တတစ်ပတ်ကျော်ကြာ စောင့်ဆိုင်းနေရသည့်အတွက် နယ်မှလာသူများအနေဖြင့် အခက်အခဲများစွာဖြစ်နေသည်ဟု သိရသည်။
တရားဝင်ကုမ္ပဏီတစ်ခု၏အေးဂျင့်ဖြစ်သူတစ်ဦးက “ကျွန်တော်တို့ နယ်ခံအေဂျင်စီ ၄၀ ကျော်ရှိတယ်။ နယ်ခံဆိုပြီးဦးစားပေးလည်း မရဘူး။ အခုတင်ထားတာ တစ်ပတ်ကျော်ပြီ။ ရန်ကုန်ကဆင်းပြီး ပတ်စ်ပို့လာလုပ်တဲ့ အေဂျင်စီတွေက များနေတယ်။ ကျော်တာ၊ ခွတာတွေရှိလာတယ်။ စောင့်ဆိုင်းတာ တစ်ပတ်ကျော်အထိ ကြာလာတော့ နယ်ကခေါ်လာတဲ့ ကလေးတွေ စားရေးသောက်ရေးအခက်အခဲဖြစ်လာတယ်။ ကျွန်တော်တို့လည်း ကုမ္ပဏီနဲ့ တရားဝင်လုပ်တာပါ။ ပြန်မေးချင်တာက ကုမ္ပဏီတွေ သက်တမ်းတိုးခိုင်းတာ ဘာလုပ်ဖို့လဲလို့ မေးချင်တယ်” ဟု ဆိုသည်။
ထိုင်းနိုင်ငံသို့ တရားဝင်အေဂျင်စီတစ်ခုဖြင့် MoU လုပ်သားအဖြစ် သွားရောက်မည့် ညောင်လေးပင်ဘက်မှ လာသူတစ်ဦးကလည်း ပတ်စ်ပို့ပြုလုပ်ရန် စောင့်ဆိုင်းနေရသည်မှာ ၁၀ ရက်ခန့်ရှိနေပြီဖြစ်၍ စားသောက်ရေးအခက်အခဲဖြစ်နေသည်ဟု ဆိုသည်။
“သမီးတို့က အေဂျင်စီနဲ့ ပတ်စ်ပို့လုပ်မယ်ဆိုပြီး မြဝတီကို ရောက်နေတာကြာပြီ။ တစ်ရက်ရိုက်ရနိုး တစ်ရက်ရိုက်ရနိုးနဲ့ စောင့်ဆိုင်းနေတာ ဒီနေ့ဆို ၁၀ ရက်ရှိပါပြီ။ ကိုယ်က တန်းစီစောင့်ဆိုင်းနေပေမဲ့ နောက်မှကျော်ပြီးခွပြီး လုပ်သွားသူတွေရှိတော့ တစ်နေ့သာ ကုန်သွားတယ် သမီးတို့အလှည့်မရောက်ဘူး။ ပြန်ကြရတယ်” ဟု ၎င်းက ပြောကြားသည်။
ထိုင်းနိုင်ငံသို့ သွားရောက်ကြမည့်အလုပ်သမားများနှင့် တရားဝင် MoU လုပ်သားစေလွှတ်ရေး အေဂျင်စီများအနေဖြင့် စနစ်တကျလုပ်ဆောင်သည့် ပတ်စ်ပို့လုပ်ငန်းစဉ်မြန်မြန်ဆန်ဆန်ပြီးမြောက်အောင် ဆောင်ရွက်ပေးစေလိုကြောင်း အေဂျင်စီတစ်ခု၏ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
မြဝတီခရိုင် ရွှေ့ပြောင်းလုပ်သားစောင့်ကြည့်လေ့လာရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်က “ပတ်စ်ပို့စာအုပ်လုပ်တဲ့နေရာမှာ ဒီလိုကြန့်ကြာနေတာဟာ အလုပ်သမားတွေအနေနဲ့ မဖြစ်စေချင်ဘူး။ ဒေသခံပတ်စ်ပို့ လျှောက်ထားမှုကို အကျိုးဆောင်ပေးတဲ့ကုမ္ပဏီနဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီကုမ္ပဏီတွေ တွေ့ဆုံပြီး ညှိနှိုင်းအဖြေရှာသင့်တယ်။ မြန်မာနိုင်ငံနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (မြဝတီ) အနေနဲ့လည်း ဒီကိစ္စကို အဖြေရှာပေးဖို့လိုအပ်သလို လုပ်သားတွေ ကုန်ကျစရိတ်သက်သာအောင် အလေးပေးဆောင်ရွက်ပေးစေလိုပါတယ်” ဟု ပြောကြားသည်။















