မုဒုံ မေ ၂၃
မုဒုံမြို့ အမှတ် (၄) ရပ်ကွက်၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းဘေးရှိ ကောင်းထက်ကွန်ပျူတာမိတ္တူဆိုင်၌ မေ ၂၂ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်အချိန်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမင်းအောင်မြင့်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
“မနေ့(မေလ ၂၂ ရက်) မွန်းလွဲ ၂ နာရီ ကျော်ကျော်လောက်မှာ ဗုံးပေါက်ကွဲသံကြားရတယ်။ ဦးမင်းအောင်မြင့်ရဲ့မိတ္တူဆိုင်မှ ဗုံးပေါက်တာလို့ သိရပါတယ်။ ဆိုင်ခန်းအတွင်းမှာလည်း ပျက်စီးမှုတွေဖြစ်ခဲ့သလို ဦးမင်းအောင်မြင့်လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။
ဦးမင်းအောင်မြင့်မှာ မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့်အပြင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌လည်း ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု မုဒုံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂)မှ ဝင်ရောက်အရွေးချယ်ခံခဲ့သည့် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ကြောင်း သိရသည်။
“ဦးမင်းအောင်မြင့်ရဲ့မိတ္တူဆိုင်ကို လူငယ်နှစ်ယောက်ရောက်လာပြီး မိတ္တူလာကူးပြီး ထွက်သွားတဲ့အချိန်မှာ ဗုံးပေါက်ကွဲမှုဖြစ်သွားတာ။ ဗုံးပေါက်ကွဲမှုကြောင့် ဦးမင်းအောင်မြင့်ရဲ့ ညာဘက်ရင်ဘတ်အပေါ်ပိုင်းနဲ့ နောက်ကြောဘက်တွေမှာ ဗုံးစထိမှန်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ သူ့ကိုမော်လမြိုင်မှာ ဆေးကုသမှုခံယူနေပါတယ်” ဟု ဦးမင်းအောင်မြင့်၏ မိသားစုနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
မုဒံမြို့တွင် ပြီးခဲ့သည့် မေလ ၆ ရက်က မြို့မ (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သေးကြောင်း မြို့ခံများ၏ပြောကြားချက်များအရ သိရသည်။















