လီဝန်ဒေါစကီးနှင့် နာဘရီတို့၏နေရာတွင် အစားထိုးရန် မာနေ၊ ဒမ်ဘီလီ၊ ဟယ်လာနှင့် ကာလာဒစ်တို့ကို ဘိုင်ယန်မြူးနစ် ပစ်မှတ်ထား

လီဝန်ဒေါစကီးနှင့် နာဘရီတို့၏နေရာတွင် အစားထိုးရန် မာနေ၊ ဒမ်ဘီလီ၊ ဟယ်လာနှင့် ကာလာဒစ်တို့ကို ဘိုင်ယန်မြူးနစ် ပစ်မှတ်ထား
Photo: Getty Images
Photo: Getty Images
Published 21 May 2022

 

ဘိုင်ယန်မြူးနစ်အသင်းသည် အသင်းအဓိက ကစားသမားများဖြစ်သည့် လီဝန်ဒေါစကီးနှင့် နာဘရီတို့ ထွက်ခွာသွားပါက ၎င်းတို့၏နေရာတွင် အစားထိုးရန်အတွက် မာနေ၊ ဒမ်ဘီလီ၊ ဟယ်လာနှင့် ကာလာဒစ်တို့ကို ပစ်မှတ်ထားနေကြောင်း SportBILD က ဖော်ပြခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းနှင့် ၂၀၂၃ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီး(၃၃ နှစ်) သည် အသင်းနှင့် စာချုပ်သက်တမ်းတိုးမည် မဟုတ်ကြောင်း ပြောကြားထားသည်။ ထို့ပြင် ဂျာမန်တောင်ပံကစားသမား နာဘရီမှာလည်း ဘိုင်ယန်မြူးနစ်အသင်း နှင့် ၂၀၂၃ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အသင်းနှင့်စာချုပ်သစ် ချုပ်ဆိုလိုခြင်းမရှိကြောင်း သိရသည်။ 

ထို့ကြောင့် ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် လီဝန်ဒေါစကီးနှင့် နာဘရီတို့ကို ပြောင်းရွှေ့ကြေးရနိုင်သည့် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ရောင်းထုတ်ဖွယ်ရှိနေပြီး ၎င်းတို့နေရာတွင် အစားထိုးရန် ထိပ်တန်းကစားသမားကို ပစ်မှတ်ထားနေခြင်းဖြစ်သည်။ 

SportBILD ၏ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်အသင်းသည် လီဝန်ဒေါစကီးနှင့် နာဘရီတို့၏နေရာများတွင် အစားထိုးရန်အတွက် လီဗာပူးလ်တိုက်စစ်ကစားသမား မာနေ၊ ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီ၊ အေဂျက်စ်တိုက်စစ်မှူး ဟယ်လာနှင့် စတုဂတ်တိုက်စစ်မှူး ကာလာဒစ်တို့ကို ပစ်မှတ်ထားနေကြောင်း သိရသည်။ ဂျာမန်ဂျာနယ်လစ် ခရစ္စတီယန်ဖော့ခ်၏ ပြောကြားချက်အရ ဘိုင်ယန်မြူးနစ်အသင်းသည် အဆိုပါကစားသမား (၄) ဦး၏ အေးဂျင့်များကိုဆက်သွယ်ကာ အပြောင်းအရွှေ့ ကိစ္စရပ်များအတွက် ဆွေးနွေးနေကြောင်း သိရသည်။ 

ဘိုင်ယန်မြူးနစ်အသင်းသည် လီဝန်ဒေါစကီးနှင့် နာဘရီတို့ကို ကစားသမားသစ်များ ခေါ်ယူရန် သဘောတူညီမှုရရှိပြီးမှသာ ရောင်းထုတ်သွားဖွယ်ရှိကြောင်းလည်း သိရသည်။ လက်ရှိတွင် လီဝန်ဒေါစကီးအနေဖြင့် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရထားပြီဟု သတင်းထွက်နေပြီး နာဘရီကိုလည်း ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြကြောင်း သိရသည်။ 

Most Read

Most Recent